Friday, September 9, 2011

စစ်အုပ်စုမှ UWSA နှင့် မိုင်းလားတပ်ကို နယ်ခြားစောင့်တပ်ဖွဲ့ရေး မြှုတ်ကွက်ဖြင့်ချင်းကပ်စည်းရုံးနည်းဗျူဟာဖြင့်စတင်လိုက်ပြီ်

UWSA နှင့် မိုင်းလားတပ်ကို နယ်ခြားစောင့်တပ်ဖွဲ့ရေး အစိုးရ မတောင်းဆိုတော့

ရန်ပိုင် Friday, 09 September 2011 18:10

ဝ ပြည် သွေးစည်း ညီညွတ်ရေးအဖွဲ့ (UWSA) နှင့် မိုင်းလား အခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) အဖွဲ့တို့ကို နယ်ခြားစောင့် တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် အစိုးရက တောင်းဆိုခြင်း မပြုတော့ဟု သိရသည်။


ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ အစိုးရနှင့် UWSA၊ NDAA တပ်များ ပဏာမ ငြိမ်းချမ်းရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးနေပုံ

ပြီးခဲ့သည့် အင်္ဂါနေ့က ရှမ်းပြည်နယ် ကျိုင်းတုံမြို့၌ နှစ်ဘက် ပဏာမငြိမ်းချမ်းရေး သဘောတူညီချက် ယူရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတွင်းပြဌာန်းထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲပြီး တပ်မတော် အောက်တွင် ထားရှိရန် ဆိုသောအချက်ကို အစိုးရက ထည့်သွင်းဆွေးနွေးခြင်း မရှိကြောင်း UWSA အရာရှိ တဦးက ပြောသည်။

“ဦးအောင်သောင်းတို့ကို မေးတယ်၊ နယ်ခြားစောင့်တပ်ပြောင်းဖို့ ဆွေးနွေးမှာလားဆိုတော့ အရင် တပ်မတော်အစိုးရက လုပ်တာ အခု အရပ်သားအစိုးရဆိုတော့ ဆွေးနွေးဖို့ မလိုဘူး ဆိုလို့ သဘောတူတာ” ဟု အဆိုပါ အရာရှိကပြောသည်။

ဆက်ဆံရေးရုံးများကို မြို့ကြီးများတွင် ပြန်လည်ဖွင့်လှစ်ရန်၊ နှစ်ဘက်တပ်ဖွဲ့များ လက်ရှိအခြေအနေအတိုင်း ဆက်ရှိနေရန်၊ လက်နက်ကိုင် တပ်ဖွဲ့များ အစိုးရနယ်မြေများသို့ လာရောက်လျှင် ကြိုတင်အကြောင်းကြားရန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တူညီသည့် ဘုံအချက်များကိုသာ ဆွေးနွေးပြီး ပဋိပက္ခဖြစ်မည့် အငြင်းပွားဖွယ်အချက်များကို ရှောင်ရန် စသည့်အချက် ၄ ချက်ကို အခြေခံ၍ ဆွေးနွေးကြောင်း အဆိုပါ အရာရှိကပြောသည်။

ထို့အပြင် အစိုးရ၀န်ထမ်းများကိုလည်း ယခုအခါ ပြန်လည်လက်ခံရန် ကမ်းလှမ်းချက်လည်း ဆွေးနွေးရာတွင် ပါဝင်သည်။

ယနေ့ထုတ် အစိုးရသတင်းစာများတွင် ရှမ်းပြည်နယ်အစိုးရနှင့် UWSA၊ NDAAအဖွဲ့တို့ ပဏာမငြိမ်းချမ်းရေး သဘောတူညီချက်ကို ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့များက နှစ်ဘက်လက်မှတ်ရေးထိုးကြောင်း ဓာတ်ပုံများနှင့် ဖော်ပြထားသည်။

ရှမ်းပြည်နယ်အစိုးရ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးအောင်သူက ဦးဆောင်ကာ UWSA ဗဟိုကော်မတီဝင် ဦးကျောက်ကွမ်းအမ်း နှင့်လည်းကောင်း၊ မိုင်းလားအခြေစိုက် NDAA အဖွဲ့ကို ဒုဥက္ကဋ္ဌ ဦးစံပေ့ က လည်းကောင်း ဦးဆောင် လက်မှတ်ရေးထိုးခြင်း ဖြစ်သည်ဟု ရေးထားသည်။

မကြာသေးမီက ကရင်၊ ကချင်နှင့် မွန်အပါအ၀င် လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင်တပ်များ စုပေါင်းကာ ညီညွတ်သော တိုင်း ရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC)ကို ဖွဲ့စည်းပြီး အစိုးရနှင့် ဆွေးနွေးရာတွင် တဖွဲ့ချင်း တဦးချင်းမဟုတ်ဘဲ UNFC ကိုသာ ကိုယ်စားပြု ဆွေးနွေးရန် သဘောတူညီခဲ့သည်။

မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ယခု အစိုးရအနေဖြင့် ၀ အဖွဲ့နှင့် မိုင်းလားအဖွဲ့တို့ကို သီးခြားစီ တွေ့ ဆုံကာ ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးစေခြင်းသည် UNFC အဖွဲ့၏ သဘောထားကို သေးသိမ်အောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သုံးသပ်သည်။

“အခုသဘောတူညီချက်ကို ပြပြီး တခြားတိုင်းရင်းသား အဖွဲ့တွေကိုလည်း စည်းရုံးနိုင်မယ်၊ နိုင်ငံရေးအရ အသာစီးရအောင် လုပ်လိမ့်မယ်။ နိုင်ငံတကာမှာလည်း ပြယုဂ်ကောင်းတာပေါ့” ဟု ၎င်းက ဆိုသည်။

အစိုးရအနေဖြင့် စစ်မှန်သောငြိမ်းချမ်းရေး ရရှိရန် တဖွဲ့ချင်းခေါ်ယူဆွေးနွေးမှုများ မလုပ်ဘဲ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) ဖြင့်သာ ဆွေးနွေးသင့်သည်ဟု နိုင်ဟံသာက ဆက်လက်ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲရာတွင် တိုင်းရင်းသားလက်နက်ကိုင်များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်း ပြီး တခုတည်းသော တပ်မတော် အဖြစ်ထားရှိရန် ပြုလုပ်ခဲ့ရာ လက်မခံနိုင်သည် တိုင်းရင်းသား အဖွဲ့များနှင့် တင်းမာမှုများ ဖြစ်ပွား ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ငြိမ်းချမ်းရေးယူခဲ့သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) အတွင်း၌ နယ်ခြား စောင့် တပ်ပြောင်းရေးကို လက်မခံသည့် ဗိုလ်မှူးချုပ် စောလားပွယ်၏ တပ်များက ပြီးခဲ့သည်နှစ် နိုဝင်ဘာလမှ စတင်ပြီး အစိုးရတပ် များကို ပြန်လည်တိုက်ခိုက်ခဲ့သည်။

ကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA)နှင့်လည်း ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ တရုတ်-မြန်မာနယ်စပ် မိုးမောက်ဒေသရှိ တာပိန်ရေကာတာ အနီး ဘွမ်ဆွမ်တောင်ကုန်းတွင် တပ်စွဲထားသည့် KIA တပ်များကို ဖယ်ရှားရန် ကြိုးစားရာမှ အစိုးရတပ်နှင့် KIAတပ်များ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ရာ ယခုတိုင်ကြိုကြား တိုက်ပွဲငယ်များ ဖြစ်ပွားဆဲဖြစ်သည်။

No comments:

Post a Comment