Monday, September 26, 2011

၂၃နှစ်ပြည့် ရွှေဝါရောင်နှစ်ပါတ်လည် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု ရန်ကုန်မှာပြုလုပ်

"အရှေ့မှာရင်ဘတ်၊ အနောက်မှာ ကျော"



မျိုးသန့် | တနင်္လာနေ့၊ စက်တင်ဘာလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၅ မိနစ်


.

ချင်းမိုင် (မဇ္ဈိမ) ။ ။ တနင်္လာနေ့တွင် ဖြစ်ခဲ့သည့် ရွှေဝါရောင် လေးနှစ်ပြည့် လှုပ်ရှားမှုနှင့်ပတ်သက်ပြီး လှုပ်ရှားမှုတွင် ပါဝင်သူများကို ဝေဖန်နေသည့်အပေါ် မိမိတို့ စေတနာသန့်သန့်နှင့် လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း လှုပ်ရှားမှုကို ဦးဆောင်ပါဝင်ခဲ့သူ တဦးလည်းဖြစ်၊ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့် တသီးပုဂ္ဂလ ဦးဝင်းချိုကဆိုသည်။ ယင်းလှုပ်ရှားမှုကို လုံခြုံရေးနှင့် ရဲဝန်ထမ်း ၄ဝဝ ခန့်က လူစုခွဲပစ်ခဲ့သည်။

ရွှေဝါရောင် လေးနှစ်ပြည့် လှုပ်ရှားမှု အစီအစဉ်များအကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအပေါ်အမြင်၊ ယခုလှုပ်ရှားမှုကြောင့် နိုင်ငံရေး အကျဉ်းသားလွတ်ရေး အပေါ်သက်ရောက်မှု၊ လှုပ်ရှားမှုများအပေါ် ဝေဖန်ချက် များကို ပြန်လည်တုန့်ပြန်မှုတို့ကို မဇ္ဈိမ သတင်းထောက် မျိုးသန့် က ဦးဝင်းချိုကို မေးမြန်းထားသည်။

ဘယ်လို အိုင်ဒီယာနဲ့ ဒီနေ့ အစီအစဉ်ကို လုပ်ဖြစ်တာလဲခင်ဗျာ့။

“အမှန်ပြောရရင် ကျနော်က ရွှေဝါရောင် နှစ်ပတ်လည်ပွဲကို သွားတက်တာပါ။ ပွဲက ဒေါ်နော်အုန်းလှတို့ ဦးစီးပြီးတော့ ဒဂုံမြို့သစ် အရှေ့ပိုင်းမှာ လုပ်တာပါ၊ ကျနော် သွားတက်တဲ့အခါကျတော့ အဲဒီမှာ သူတို့ ဆုတောင်းဖို့အတွက် သူတို့ အစီအစဉ်ရှိတယ်ဆိုတာ သိရပါတယ်။ အဲဒီတော့ သူတို့ ဆုတောင်းဖို့ လုပ်ထားတဲ့ အစီအစဉ်က ကားသုံးစီးနဲ့ ဆူးလေ ဘုရားမှာ သွားပြီးတော့ ဆုတောင်းမယ် ဝတ်ပြုမယ်ပေါ့။ အဲဒီအတွက် အားလုံး အဆင်ပြေပြေ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ထိန်းထိန်းသိမ်းသိမ်းလေးဖြစ်ဖို့ ကျနော်က အဲဒီကျတော့မှ ကျနော်က ပူးပေါင်းပါဝင်ဖြစ်တာပါ။ ဒီကိစ္စ ကျနော် စီစဉ်တာ မဟုတ်ပါဘူး။”



အန်ကယ်က ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ဖို့ ပါဝင်ဖြစ်တယ်ဆိုတော့၊ အာဏာပိုင်တွေဘက်က တင်းတင်းမာမာ တုန့်ပြန်လာမယ်လို့ မျှော်လင့်ထားလို့လား။

“ပထမ ကျနော်သိထားတာကတော့ ပုဒ်မ ၃၅၄ (၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ) ပြည်သူတွေရဲ့ ဆန္ဒကို လွတ်လပ်စွာဖေါ်ထုတ်ဖို့ဆိုတဲ့ ကိစ္စမှာ ကျနော်ကိုယ်တိုင် ဂျွန်လ ငါးရက်နေ့မှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြဖို့အတွက် ကျနော်ရယ် နေမျိုးဝေရယ်၊ ကိုစိုးကြည်ရယ်၊ ကိုမင်းအောင်ရယ် ကျနော်တို့ ကြိုးစားခဲ့ပါသေးတယ်။ အဲဒီတုန်းက အာဏာပိုင်တွေက ပြောပါတယ်။ နည်းဥပဒေ ထုတ်ပြန်ရခြင်းမရှိသေးတဲ့အတွက်ပါတဲ့။ အဲဒီတော့ နည်းဥပဒေ ထုတ်ပြန်ဖို့ဆိုတာကလည်း အခုမှ လွှတ်တော်မှာ
ဆွေးနွေးနေဆဲဆိုတာ ကျနော်သိတယ်လေ။ ဆိုတော့ နည်းဥပဒေ မထုတ်ပြန်သေးခင် ကျနော်တို့ နိုင်နိုင်နင်းနင်း ထိန်းသိမ်းနိုင်သလောက် ထိန်းသိမ်းပေးဖို့အတွက်။ ကျနော်က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံထားတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ကိုယ်စားလှယ်အနေနဲ့ ကျနော် လိုက်သွားတာပါ။”

ဘယ်လိုကနေ ဘယ်လိုတားတာလဲ ခင်ဗျာ့။

“မြောက်ဥက္ကလာကနေ ကမ္ဘာအေး ဘုရားလမ်းကို ချိုးပါတယ်။ အဲဒီမှာ ယဉ်ထိန်းကနေ တားပြီးတော့ လိုင်စင် စစ်ပါတယ်။ အဲဒီမှာ ရဲမှူးကြီးက လိုင်းကားတွေဟာ လိုင်းမဆွဲဘဲနဲ့ နဝလီ (အငှားလိုက်ခြင်း) ငှားတဲ့အတွက် အရေးယူခံရမှာဖြစ်တယ်လို့ ပြောတဲ့အခါမှာ ကျနော်တို့ ငှားလာတဲ့ ကားတွေက ရှေ့ဆက် မသွားရဲတော့ဘူး
သူတို့က ဥပဒေနဲ့ ငြိနေတဲ့အတွက် သူတို့ အရေးယူခံရမှာကြောက်ပါတယ် ဆိုပြီးတော့ ကျနော်တို့ငှားထားတဲ့ ပိုက်ဆံကို ပြန်ပေးပါတယ်။ ကျနော်တို့ကလည်း နောက်ထပ် ကားငှားဖို့ မလွယ်တဲ့အခါ လမ်းလျှောက်သွားမယ်
ဆိုတော့ ငါး ယောက်ထက်ပိုရင်လည်း တည်ဆဲဥပဒေအရ အရေးယူမှာပါတဲ့။ အဲဒါနဲ့ ကျနော်တို့က ကမ္ဘာအေး ဘုရားလမ်း ပလက်ဖေါင်းမှာပဲ ဘုရားဝတ်ပြုပါတယ်။ ပြီးတော့ ကျနော်တို့ လူစုခွဲလိုက်ပါတယ်”

ရဲ အဲဒီလောက်ပမာဏက အစတည်းက စောင့်တားတာလား။

“ဦးမောင်စိုး (ရဲမှူး) လာတားတုန်းကတော့ သူရယ်၊ ကားနှစ်စီးလောက်ပဲ ပါတာပေါ့။ ကားနှစ်စီးလောက်က နေပြီး
တော့ နောက်ထပ်ကျတော့ အများကြီးရောက်လာတာပေါ့။”

ဒီအစီအစဉ်မှာ တခြား ဘယ်သူတွေပါသေးလဲ။

“ကျနော်သိတဲ့လူတွေထဲမှာတော့ တလောက မြစ်ကြီးနား ထောင်ကပြန်လွှတ်လာတဲ့ မျိုးခင်ပါတယ်။ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လွှတ်လာတဲ့ ကျနော်တို့ အလုပ်သမား သွေးစည်းညီညွတ်ရေးမှာ အတူတူ လက်တွဲခဲ့တဲ့ ထွန်းထွန်းနိုင်တို့ပါတယ်။ ဒေါ်နော်အုန်းလှ၊ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ကွန်ယက်က ကိုဝေဠု
တို့ပါတယ်။ တခြားလူတွေတော့ ကျနော်မသိပါဘူး။”

ရည်ရွယ်ချက်က ဆန္ဒထုတ်ဖေါ်ဖို့လုပ်တာလား၊ ဆုတောင်းဖို့ သက်သက်ပဲလားခင်ဗျာ့။

“ကျနော်တို့က ဆန္ဒပြဖို့ လုံးဝမကြိုးစားခဲ့တာပါ။ ကျနော်တို့က ကားနဲ့သွားပြီးတော့ ဆူးလေဘုရားမှာ ဝတ်ပြုမယ်၊ ဆုတောင်းမှာ ဒီဟာက ကျနော်တို့ ဆန္ဒပြတဲ့အကြောင်းအရာ မဟုတ်ဘူး။ ဒီဟာက ကျနော်တို့ရဲ့ ဆန္ဒဖေါ်ထုတ်ခြင်း ဘာလိုချင်တယ် ဘာပေးပါ။ ဒီဟာကို မလိုချင်ဘူး ဟိုဟာပေးပါ အစရှိသဖြင့် ကျနော်တို့ရဲ့ ဆန္ဒတွေ ပြောနေတာ မဟုတ်ပါဘူး။ ကိုဝေဠုတို့ စီစဉ်တာကလည်း ဝတ်ပြုဆုတောင်းဖို့ပါပဲ”

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မပေးတာဟာ ဒီလို လှုပ်ရှားမှုတွေ ဖြစ်လာမှာကို စိုးရိမ်လို့ လို့ပြောသံတွေ ကြားရပါတယ်။ အခုလှုပ်ရှားမှုကြောင့် နိုင်ငံရေး အကျဉ်းသားကိစ္စ မထိခိုက်နိုင်ဘူးလား။

“ကျနော်တို့လုပ်ခဲ့ပါတယ်။ ကျနော် စီစဉ်တာတော့ မဟုတ်ပါဘူး။ တချိန်တည်းမှာ အမှားအယွင်းဖြစ်ခဲ့ရင်လည်း ကျနော်တာဝန်ယူပါတယ်။ ခေါင်းမရှောင်ပါဘူး။ ကျနော် ဘာ့ကြောင့် ဒီပွဲထဲကို ဝင်သွားရသလဲဆိုတာလည်း ကလေးတွေက ကျနော့်ကို တောင်းဆိုပါတယ်။ အန်ကယ် ဝိုင်းထိန်းပေးပါ။ ကျနော်ကလည်း ရွေးကောက်ပွဲဝင်ခဲ့တဲ့ ကိုယ်စားလှယ်တယောက်အနေနဲ့ သူတို့က ပြောပါတယ်။ အဲဒီတော့ ကျနော်ကလည်း အဲဒီကိစ္စ ဝိုင်းဝန်း ကူညီပေးတာပါ”

နောက်တခုက ဒီကိစ္စဟာ သွေးရိုးသားရိုးမဟုတ်ဘူး နောက်ကွယ်မှာ တခုခု ရှိနေနိုင်တယ်လို့ ဝေဖန်
ကြပါတယ် အဲဒီအပေါ်မှာကော။

“ကျနော်လည်း အဲဒါကို သိပါတယ်၊ ဒေါက်တာသန်းထွဋ်အောင်က လုံးဝ လက်မခံနိုင်ဘူး။ နောက်ကွယ်က
ပြဿနာကို ဖေါ်ထုတ်ရမယ်လို့ ရဲရဲတင်းတင်း ပြတ်ပြတ်သားသား ပြောရဲတဲ့ စေတနာကို လေးစားပါတယ်။
ဒါပေမယ့် ဒီမိုကရေစီနိုင်ငံ ထူထောင်ချင်ရင် ကျနော်တို့လို လူညံ့တွေလည်း ဒီနိုင်ငံမှာ အသက်ရှင်ခွင့်ပြုပါ လို့ပြောချင်တယ်။”

“ကျနော်တို့ ချောင်းရေက သူ့ဘာသာ သူနောက်တာပါဗျာ။ နင်မဟုတ်ရင် နင့်အဖေပဲလို့တော့ မပြောစေချင်ဘူး။ ကျနော်တို့ ရေသောက်ဆင်းမိပါတယ်။ အဲဒီတော့ ဒီချောင်းရေ နောက်သွားတယ်။ ကျနော်မဟုတ်ပါဘူး ဆိုရင်တောင် နင်မဟုတ်ရင် နင့်အဖေပဲလို့ ဖြစ်နိုင်ရင် မပြောစေချင်ပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်ကလည်း အာရပ်မှာ ဖြစ်နေသလိုမျိုး လှုပ်ရှားမှုတွေ မဖြစ်စေလိုပုံ ပေါ်ပါတယ်၊ ဒီအပေါ်မှာကော။

“ကျနော်တို့ ခေါင်းဆောင်က ဒါလုပ်ဆိုမှ လုပ်တဲ့လူတွေမဟုတ်တာတော့ ကျနော်တို့မှာ အပြစ်ရှိတာ ဖြစ်ကောင်း
ဖြစ်နိုင်ပါတယ်။ နောက်တခါ ကျနော်တို့က ကိုယ့်အယူအဆ လေးတွေကို ဖေါ်ထုတ်တာလည်း ခေါင်းဆောင်လည်း လက်ခံနိုင်လိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။ အဲဒီအတွက် ခေါင်းဆောင်လုပ်နေတဲ့ အကြောင်းအရာတွေကို အနှောက်အယှက် ဖြစ်စေချင်တဲ့ ဘယ်သူ့မှာမှ ဖြစ်စေချင်တဲ့ ဆန္ဒလုံးဝမရှိပါခင်ဗျာ။”

ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အန်တီစုနဲ့ သဘောထား မကွဲနိုင်ဘူးလား။

“ကျနော်ကတော့ အဲဒီလို မမြင်ဘူးခင်ဗျာ့၊ အန်တီကတော့ အားလုံး ကိုယ့်ဟာကို လမ်းလျှောက်နိုင်ဖို့အတွက်
ပိုပြီးတော့ စိတ်ဝင်စားမယ် ထင်ပါတယ်။ အစတည်းကလည်း အန်တီယောက်တည်းနဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့
ဆိုတာ မဟုတ်သေးဘူး မှားတယ် ဆိုပြီးတော့ ပြောပါတယ်။ သူ့တယောက် တည်းကိုပဲ အားကိုးနေရင် အာဏာရှင်
ဖြစ်သွားမယ်လို့လည်း ပြောဖူးပါတယ်။ ဒီကိစ္စမှာ ကလေးတွေ လုပ်တာနဲ့ ပတ်သက်ပြီးတော့ ကျနော်က ဝိုင်းဝန်း ထိန်းသိမ်းပါတယ်။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်မှားသွားရင်လည်း သမိုင်းက ရေးသွားပါလိမ့်မယ်။ သို့သော် လည်း ကျနော်တို့ စေတနာ မသန့်တဲ့ အလုပ်တော့ တခုမှ မလုပ်ခဲ့ပါဘူး။”

နောက်ထပ်မေးချင်တာက အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့ ဝေါဟာရကို အန်ကယ် ဘယ်လို အဓိပ္ပါယ် ဖွင့်ပါသလဲ။

“ဖွဲ့စည်းပုံ အသက်မဝင်သေးခင် ရွေးကောက်ပွဲလည်း မစသေးခင်က ကျနော်ပြောခဲ့တယ်ဗျ။ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုတာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံလူတန်းစား ကြားထဲမှာ သံသယ ကင်းကင်းနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ခဲ့ရင် အဲဒါဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးပါပဲ။”

အဲဒီ ပွင့်ပွင်းလင်း ဆက်ဆံနေကြတဲ့ အခြေအနေတွေ မြင်နေရပြီလား။

“အဲဒါကတော့ ကျနော်တို့ စမ်းသပ်ဆဲကာလဖြစ်ပါတယ်။ ကျနော်တို့ တယောက်ကို တယောက် ချစ်ချစ်ခင်ခင်နဲ့ တယောက်ကိုတယောက် အမှားအယွင်းလေးတွေရှိရင် သည်းခံပြီးတော့ ကျနော်တို့ ပြုပြင်သွားရင် ဒီကိစ္စဟာ အဆင်ပြေသွားမယ်လို့ ကျနော်က ယူဆပါတယ်။ ပြည်သူမပါတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုတာ ဖြစ်နိုင်
မယ်လို့ ခင်ဗျားကော ထင်သလားဗျာ။”

အန်ကယ့်ရဲ့ နိုင်ငံရေး အယူအဆလည်း ပြောပါဦး။

“အခုလက်ငင်းအချိန်မှာ ကျနော်တို့ နိုင်ငံရေး အယူအဆနဲ့ ပတ်သက်ပြီး နိုင်ငံရေးကို မလုပ်ရသေးဘူး ထင်တာပဲ။ ကျနော်တို့ အခုလုပ်နေတာတွေက နိုင်ငံသားတွေရဲ့ အကျိုးစီးပွား ကာကွယ်မှုကိုပဲ မပြီးဆုံးနိုင်အောင် ထမ်းဆောင်
နေရသေးတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ၂ဝ၁ဝ၊ ၂ဝ၁၁ ဖေဖေါ်ဝါရီ ကျတော့မှ ပြန်ရှိတာကိုး။ နှစ်ပေါင်း နှစ်ဆယ်လောက်နီးနီး နိုင်ငံသားတို့၏ မူလ အခွင့်အရေးများနဲ့ တာဝန်များ ဆိုတဲ့ဟာက အခုအချိန်မှာ တခါမှ မခံစားဘူးဖူးလေ။ နိုင်ငံသားတို့၏ မူလ အခွင့်အရေးများနဲ့ အခန်းကဏ္ဍ ပုဒ်မ
၃၄၅ ကနေ ၃၉ဝ အထိကို ကြေကြေ ညက်ညက်သိဖို့ကို အရင်ဆုံးကြိုးစားနေရတဲ့အခါမှာ မူဝါဒ ကိစ္စ ကိုပြောဖို့ မလွယ်လောက်သေးဘူး။”

နောက်ဆုံး မေးခွန်းပါပဲ ခင်ဗျာ၊ ဒီနေ့ အခြေအနေမှာ ရဲတွေ၊ လုံခြုံရေးတွေက အန်ကယ်တို့ကို ဆက်ဆံတဲ့ အနေအထားလည်း သိပါရစေ။

“ကာလ၊ ဒေသ၊ ပရောဂ အပေါ်မှာပဲ မူတည်ပါတယ်။ အဲဒီတော့ အခြေအနေတခု ပြောင်းသွားလို့ရှိရင် အပြုအမူက
ပြောင်းသွားရမှာကိုး။ အခုအခြေအနေမှာတော့ သူတို့ ပူးပေါင်း ဆောင်ရွက်တယ်လို့ ပြောလို့ရပါတယ်။”

နောက်ထပ် ဖြည့်ပြောချင်တာရှိရင် ပြောပါခင်ဗျာ။

“ဒီလိုပါဗျာ။ ကျနော်တို့ အကောင်းကြိုးစားပြီး လုပ်နေပါတယ်။ မှားတာတွေ ရှိနိုင်ပါတယ်။ ဘာမှ မလုပ်တာထက် စာရင်တော့ စေတနာ သန့်သန့်နဲ့ လုပ်ကိုင်ရင်းနဲ့ မှားတာလေးတွေရှိရင် ကျနော်တို့ကို နားလည်ပေးပါ။ ကျနော်တို့
စေတနာ မယုတ်မာပါဘူး။ ကျနော် ဘယ်သူ့အားကိုးနဲ့ ဘယ်သူ့ သြဇာနဲ့ ကျနော့်ကို ဒီလို အလုပ်မျိုး လုပ်နေတယ်လို့ ကျနော့်ကိုဖြစ်နိုင်ရင် မစွတ်စွဲစေချင်ဘူးဗျာ။ ကျနော့်ကို သေသေချာချာလေး လေ့လာပေးပါ။ ဦးဝင်းချိုက အရှေ့မှာ ရင်ဘတ်၊ အနောက်မှာ ကျောကလွဲရင် ဘာမှ မရှိတဲ့လူပါ။ လုံးဝတသီးပုဂ္ဂလပါ အဲဒါကို လုံးဝ ကြေညာပါတယ်။”

No comments:

Post a Comment