Wednesday, September 21, 2011

မြစ်ဆုံဆည်တည်ဆောက်နေခြင်းအား “မရ,ရတဲ့ နည်းနဲ့ ကန့်ကွက်သွားမှာပါ”

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၁၅ မိနစ်


.

KDNG ၏ တာဝန်ခံ ကိုအောင်ဝါနှင့် ဆက်သွယ်မေးမြန်းချက်

ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယွက်အဖွဲ့ KDNG ၏ တာဝန်ခံ ကိုအောင်ဝါက မြစ်ဆုံဆည်နှင့် ပတ်သက်၍ မြန်မာနိုင်ငံသားအားလုံး ပူးပေါင်းကာ ကန့်ကွက်သွားရန် တိုက်တွန်းလိုက်ပြီး KDNG အနေဖြင့်လည်း မဖြစ်ဖြစ်သည့်နည်းဖြင့် ကန့်ကွက်သွားရန်ရှိကြောင်း မဇ္ဈိမကိုပြောသည်။

ကိုအောင်ဝါက မြန်မာနိုင်ငံရှိ လူတန်းစားမျိုးစုံ အတတ်ပညာရှင်များ၊ အနုပညာရှင်များ၊ စာပေပညာရှင်များ
အသီးသီးက ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကြီးကို ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်လာသည့် အပေါ်များစွာ အားရ ကျေနပ်မိကြောင်းလည်း ပြောခဲ့သေးသည်။

ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယွက်အဖွဲ့သည် ၂ဝဝ၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး Damming The Arrawaddy နှင့်
Reisting the Flood စသည့် အစီရင်ခံစာများကို ထုတ်ဝေခဲ့ကာ ကချင်ပြည်သူလူထံမှ စီမံကိန်း ကန့်ကွက်ကြောင်း လက်မှတ်များ စုဆောင်း၍ ယခင် အာဏာရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တရုတ် အစိုးရထံ ကန့်ကွက်စာများ
ပေးပို့ခြင်း၊ မြစ်ဆုံရေကာတာ ကန့်ကွက်သည့် လှုံ့ဆော်စာတမ်းများကို မြစ်ကြီးနားမြို့အတွင်း ဖြန့်ဝေခြင်း စသည့် လှုပ်ရှားမှုများဖြင့် ကန့်ကွက်ခဲ့သည်။

ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အုပ်စုများ၏ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသော ဧရာဝတီ မြစ်ပေါ်ရှိ မြစ်ဆုံဆည် စီမံကိန်းအား ပန်းချီဆရာ တဦးက စိတ်ကူးစိတ်သန်းဖြင့် ရေးဆွဲပုံဖော် ထားခြင်းဖြစ်သည်။

လက်ရှိမြစ်ဆုံရေကာတာ ဆောက်လုပ်မှု အခြေအနေများနှင့် မြစ်ဆုံဆည် တည်ဆောက်မှု၏ ကောင်းကျိုး၊ ဆိုးကျိုးများနှင့် ဆည်တည်ဆောက်မှုအပေါ် သူ၏အမြင်ကို မဇ္စျိမ သတင်းထောက် ဖနိဒါက ဆက်သွယ်မေးမြန်း ထားသည်။

မြစ်ဆုံရေကာတာ စီမံကိန်း လုပ်ငန်းတွေ ဘယ်လောက်ထိ အကောက်အထည်ဖော်နေတာကို တွေ့နေရလဲ။

"အခုတော့ လေ့လာ စမ်းသပ်တဲ့ အဆင့်တော့ ပြီးသွားပြီ။ အခုလောလောဆယ် အလုပ်သမားတွေနေဖို့ အဆောက် အအုံတွေ ဆက်ဆောက်နေတာ တွေ့ရတယ်။ ရေကာတာ တည်ဆောက်မယ့် နေရာတွေလည်း အဆင်သင့် လုပ်ထားတဲ့ ပုံစံမျိုးတွေ တွေ့မြင်နေရတယ်။ အလုပ်လုပ်နေတာက လမ်းတွေ၊ ဧရာဝတီမြစ် အရှေ့ဘက် တန်ဖရဲ
အောက်ဘက် ကျိန်ခရန်ကျေးရွာ အနားမှာ မြစ်ကူးတံတား၊ ဗလမင်းထင် တံတားထက်ကြီးတဲ့ တံတား တည်ဆောက်
နေတယ်။ တိုင်တွေတော့ တည်ဆောက်နေပြီ။ တံတားက ပစ္စည်းတွေက ရှိနေပြီ၊ ဒီပွင့်လင်းရာသီမှာ ပြန်စမယ် ထင်ပါတယ်။ နောက်ပြီးတော့ ဝိုင်းမော်ဘက်ကနေ ဆဒုံး၊ ကန်ပိုင်တီ၊ ဝါးရှောင်ဘက်ကနေ တိုက်ရိုက်သွားမယ့် လမ်းတွေဖောက်နေတယ်။”

တရုတ်နိုင်ငံက အလုပ်သမားတွေကော ပြန်သွားကြပြီလား။

“တရုတ် အလုပ်သမားတွေက ဒီဇွန်လ နောက်ပိုင်း သူတို့ ပြန်တာ များတယ်။ ဧရာဝတီမြစ် အနောက်ဘက် အလုပ်သမားတွေတော့ အများအားဖြင့် ပြန်ကုန်ပြီ။ ဒါပေမဲ့ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်မှာတော့ သူတို့ အလုပ်လုပ်နေတုန်းပဲ။ အလုပ်သမားတွေလည်း ရှိနေတုန်းပဲ။ ဘယ်လောက်ဆိုတာ မခန့်မှန်းတတ်ဘူး။”

KDNG ဝဘ်ဆိုဒ်မှာ ဒီစီမံကိန်း လုပ်ဆောင်နေမှုတွေနဲ့ ပတ်သက်လို့ ဓါတ်ပုံတွေ တင်ပြထားတာတွေ့ရ
တယ်။ အဲဒီဓါတ်ပုံတွေ၊ သတင်းအချက်အလက်တွေ ဘယ်လိုရယူခဲ့လဲ။

“ဒီလို ဓါတ်ပုံတွေ၊ သတင်း အချက်အလက်တွေ ရဖို့ အဆက်အသွယ်နဲ့ လုပ်ရတယ်ဆိုတော့ ခက်ခဲတော့ အရမ်း ခက်ခဲတယ်။ အဲဒီ စီမံကိန်းနေရာတွေ၊ အခု ပြောင်းရွှေ့ခံရတဲ့ ရွာတွေမှာ လူသစ်တွေ ဝင်ထွက်သွားလာလို့ မရဘူး။”

စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရတဲ့ ဒေသခံတွေကရောဘယ်လို လုပ်ငန်းမျိုးတွေ လုပ်နေကြပြီလဲ။
ပြောင်းရွှေ့ သွားတဲ့ ဒေသခံပြည်သူတွေ လက်ရှိ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အခြေအနေတွေ ဘယ်လိုရှိပါသလဲ။

“ဒီစီမံကိန်း အနီးတဝိုက်က ဒေသခံတွေ ခြံလုပ်ငန်းနဲ့ လယ်ယာ လုပ်ငန်းပဲ လုပ်တယ်လေ။ ဒါတွေတောင် ဒါတွေကို သိမ်းယူလိုက်တယ် ဆိုတော့ အလုပ်လက်မဲ့ ဖြစ်နေကြတယ်ပေါ့။အခု ပြောင်းရွှေ့တဲ့နေရာ ခြံတွေ မရှိတော့ ဘာမှ လုပ်ကိုင်လို့မှ မရဘူး။ သူတို့ကို ပေးတဲ့အိမ်ကလည်း ဖြစ်သလို ဆောက်ထားပေးထားတယ်။ မိုးရာသီတုန်းက ဆိုရင် ဖျားနာတာတွေ ရှိတယ်။ တန်ဖရဲ ရွာသားတွေလည်း ကျောင်းတွေ၊ ဆေးရုံတွေ ရွာသစ်ဘက် ပြောင်းလိုက်တော့
တချို့ မပြောင်းသေးတဲ့ လူတွေက အကြိုအပို့ အရမ်းအခက်အခဲတွေ ရှိတယ်။ လူထုတွေ ခက်ခဲအောင်လုပ်နေတာ
ဘဲ။ အခု ဧရာဝတီမြစ်အရှေ့ဘဲမှာလည်း လမ်းဆောက်လုပ်ရေး နေရာတွေထဲ ကျရောက်တဲ့နေရာထဲ ရောက်တဲ့ ခြံတွေကိုလည်း အကုန်သိမ်းတာဘဲ။ သူတို့ လုပ်ချင်သလို လုပ်နေတာ။ ပိုက်ဆံပေးမယ်ဆိုရင် နည်းနည်းပါးပါးပဲ
ပေးတာမျိုးတွေ ရှိတယ်။”

ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ လျှပ်စစ်ဝန်ထမ်းတဦးရဲ့ ဆောင်းပါးထဲမှာ ဒီမြစ်ဆုံရေကာတာ စိမံကိန်းကြောင့်အလုပ်သမား ၂၆ဝဝ ကျော် အလုပ်အကိုင် အခွင့်အလမ်းတွေ ရနေပြီလို့ ပြောဆိုထားတာရှိတယ်။ အဲဒီအထဲမှာဒီဒေသခံ ပြည်သူလူထုရော အလုပ်အကိုင် ရနေပြီလို့
မြင်လား။

“တချို့ကတော့ အလုပ်အကိုင်တွေ ရတဲ့ပုံစံရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရေကာတာ တည်ဆောက်တဲ့
ပြင်ဆင်မှုမှာ အလုပ်အများကြီး လုပ်နေတာ တွေ့ရတယ်။ တချို့ဆိုရင် လွန်ခဲ့တဲ့ နွေရာသီတုန်းကဆိုရင် မနက်မှာ အလုပ်ဆိုင်းတခု၊ ညနေပိုင်းမှာ အလုပ်ဆိုင်း တခု ၂၄ နာရီ လုပ်နေတယ်။ ဒါကြောင့် အလုပ်သမား ထောင်ချီပြီး
တော့ လုပ်နေတယ်။ ဒီအလုပ်သမားတွေကို အေးရှားဝေါလ်က ကြီးကြပ်ပြီးတော့ လုပ်နေတဲ့ ပုံစံမျိုး ရှိတယ်။ ဒါပေမဲ့ အလုပ်လုပ်တဲ့ လူတွေက အောက်ပိုင်းကနေ အလုပ်သမားတွေ ရှိတယ်။ တရုတ်ပြည်က အလုပ်သမားတွေ ရှိတယ်။
ဒေသခံတွေက အလုပ်အကိုင် ဒီလောက်ထိမရကြပါဘူး။”

ကေအိုင်အိုက ဒီမြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းဖို့တရုတ်နိုင်ငံကနေ နယ်စပ် ကန်ပိုင်တီလမ်း၊ လိုင်ဇာ လမ်းဘက်က ဝင်လာတဲ့ စက်ပစ္စည်းတွေ တင်သွင်းမှုကိုတားဆီးတာတွေ လုပ်တယ်လို့ ကြားတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုသဘောရလဲ။

“အခု ကန်ပိုင်တီလမ်းကနေ သံနဲ့ ဘိလပ်မြေတွေကို သယ်ယူနေတာ တွေ့ရတယ်။ အဲဒါကို မကြာသေးခင်က
ကေအိုင်အိုက ဒီလမ်းကို ပိတ်လိုက်တယ်လို့ ပြောတယ်။ ဒါကြောင့် အခုတော့ပိတ်နေတယ်။ ကားအသွားအလာ
တော့ ကားကြီးတွေ မဖြတ်သလောက် ဖြစ်သွားပြီ။ တခြားကားလမ်းဆိုရင်တော့ ဗန်မော်လမ်း၊ လိုင်ဇာလမ်းတွေ
လည်း ပိတ်ထားတယ်။ နောက်တကြောင်း ရှိနိုင်တာက ရွှေလီ၊ မူဆယ်၊ မန္တလေးလမ်း ဘက်ကနေ ကားနဲ့ ရထားနဲ့ တင်ဖို့ဘဲ ရှိတော့တယ်။ အဲဒီဘက်ကနေတော့ သူတို့ ဆက်လုပ်မယ် ဆိုရင် ဒီလမ်းပဲ ရှိတော့တယ်။”

KDNG က အရင် မြစ်ဆုံ စကတည်းကနေ ကန့်ကွက်ခဲ့တယ်။ ဒါပေမယ့် အခု ပညာရှင်တွေ၊ အနုပညာ သမားတွေ၊ စာပေသမားတွေ အများအပြား ကန့်ကွက်နေကြပြီဆိုတော့သူတို့တွေ ခုလို ကန့်ကွက်မှုတွေ လုပ်လာတဲ့အပေါ်မှာ ဘယ်လို မြင်လဲ။

“အများကြီးအားရ ဝမ်းသာဖြစ်ပါတယ်။ သူတို့နဲ့အတူ လက်တွဲပြီးတော့မှ ဆောင်ရွက်သွားမယ်။ နိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့လည်း လက်တွဲပြီးတော့ ဆန့်ကျင်သွားမယ်။ Burma River network အဖွဲ့တွေနဲ့လည်း လက်တွဲဆန့်ကျင်သွားမယ်။ ပြည်တွင်းမှာလည်း ဧရာဝတီ တလျှောက်မှာရှိတဲ့ ပြည်သူလူထုတွေနဲ့ အတူတကွ ဆန့်ကျင်သွားမယ်။ ပထမဆုံးအနေနဲ့ အစိုးရကို ဆက်တိုက်တောင်းဆိုမယ်။ ဒါမရဘူးဆိုရင် မဖြစ်ဖြစ်တဲ့ နည်းနဲ့ ကန့်ကွက်သွားမယ်။ ရပ်တန့်အောင် ကျနော်တို လုပ်သွားမှာပါ။ ဧရာဝတီမြစ်အောက်ဘက်မှာရှိတဲ့ ပြည်သူလူထု ဘက်က ဒါကို ဆက်လက် ဆန့်ကျင်သွားဖို့ ပြောချင်တယ်။ ရပ်တန့်ဖို့ ကိုယ့်အမြင်တွေကိုထုတ်ဖော်ပြီးတော့ ဆန္ဒပြဖို့တော့ တဆင့်ပြီး တဆင့်လုပ်သွားမှာပါ။”

လက်ရှိ သဘာဝပတ်ဝန်းကျင်းနဲ့ ပတ်သက်လို့ ဘယ်ဒေသတွေမှာ ဘယ်လို အခက်အခဲတွေ ရှိနေတယ် လို့ လေ့လာမိလဲ။

“ကျနော်တို့ သုံးသပ် လေ့လာသလောက် ဆိုရင် ရာသီဥတု ခါတိုင်းထက် ဆိုးဝါးလာတယ်။ ဒီနွေရာသီမှာ ဆိုရင်
အောက်ဘက် မန္တလေးထက်တောင် ပိုလာတဲ့ သဘောမျိုး ဖြစ်နေတယ်။ အပူချိန်ပူများလာတယ်။ ဧရာဝတီ အထက်ပိုင်းမှာ ရွှေကျင်တာ၊ သစ်ခုတ်တာတွေကြောင့် ရေတွေက နောက်ကျိနေတယ်။ နောက်ပြီးတော့ တရုတ် အလုပ်သမားတွေ ကလည်း သူတို့ရဲ့ မစင်တွေကို ဧရာဝတီမြစ်မှာ ပဲစုပုံ စွန့်ပစ်တဲ့ဟာတွေ ဖြစ်နေတော့ ဧရာဝတီ
မြစ်ကို မသုံးချင်ကြတော့ဘူး။ ရွှေတွေကျင်တော့ သဲတောင်တွေ ထွန်းတာမျိုးတွေ တွေ့နေရတယ်။ ရေစီးရေလာ ကလည်း ခါတိုင်းလို မဟုတ်တော့ဘူး။”

ဒီလိုကန့်ကွက်နေတာတဲ့ကြားကနေ အမှတ် ၁ လျှပ်စစ်ဝန်ကြီးဦးဇော်မင်းက မဖြစ်မနေ ဆက်လုပ်ဆိုတာ မျိုး ပြောနေတယ်။ ဒီအပေါ် ဘယ်လို မြင်လဲ။

“ကျနော်တို့လည်း ကြားပါတယ်။ ကျနော်တို့ဘက်ကလည်း မဖြစ်အောင်ကာကွယ်သွားမယ်။ ဆန့်ကျင်သွားမယ်။
ဒါက ကျနော်တို့ တာဝန်ဖြစ်တယ်။ ဗမာပြည်သူလူထုနဲ့ အတူတကွလက်တွဲပြီးတော့ ဆန့်ကျင်သွားမှာပါ။”

မြစ်ဆုံရေကာတာ ဆက်လက် ဆောက်လုပ်သင့်၊ မသင့်ကိုအခုကျင်းပနေတဲ့ လွတ်တော်မှာ မဲခွဲ ဆုံးဖြတ် ကြမယ်ဆိုတဲ့ အပေါ်မှာရော ဘယ်လို မြင်လဲ။

“နှစ်မျိုးဖြစ်လာနိုင်မယ်လို့ သုံးသပ်တယ်။ တခုကတော့ တကယ်ပဲ သူတို့လက်ရှိအစိုးရထဲမှာ လုပ်ချင်တဲ့ ပုဂ္ဂိုလ်နဲ့ မလုပ်ချင်တဲ့ ပုဂ္ဂိုလ်တွေ ရှိသလားလို့ နှစ်မျိုးစဉ်းစားဖို့ လိုလာပြီ။ နောက်တခုက တကယ်ဘဲ လွတ်တော်ကနေ တကယ်ဘဲ ဒီဟာကို ဆက်လုပ်သွားဖို့အသိအမှတ်ပြုသွားတော့ သူတို့အနေနဲ့ လုပ်သွားဖို့ ပြင်ဆင်တာလား ဒီဟာ
ကို၊ လွတ်တော်ထဲမှာတင်ပြမယ်ဆိုတာက လွတ်တော်မှာက အစိုးရအမတ်တွေက များနေတယ်။ သူတို့အနေနဲ့ ဒီဟာကို ထောက်ခံပြီးတော့လုပ်သွားမယ်ဆိုရင် တရားဝင် လုပ်ကိုင်ခွင့် ပေးသလို ဖြစ်သွားတယ်။ ဒါကို စိုးရိမ်
တယ်။ ဒါကြောင့် နှစ်မျိုးစဉ်းစားဖို့ ရှိနေတယ်။ တဘက်ကတော့ တကယ်ဘဲ လူထုအသံကို နားထောင်မလား။ တကယ်တမ်းလုပ်ပိုင်ခွင့် လိုင်စင်ပေးသလို ဖြစ်သွားမလားဆို တာမျိုးရှိတယ်။ ဘာပဲဖြစ်ဖြစ်တကယ်လို့များ လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး ဆုံးဖြတ်ပြီးတော့ လုပ်တယ်ထားပါစို့ ကျနော်တို့ကတော့ မရ,ရတဲ့နည်းနဲ့ ကန့်ကွက်
သွားမှာပါ။”

ပြည်တွင်းပြည်ပမှာ မြစ်ဆုံစီမံကိန်းကို ဘယ်လိုပုံစံတွေနဲ့ ကန့်ကွက်လှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင် သင့်တယ်လို့ အကြံပြုချင်သေးလဲ။

“အဓိကတော့ နိုင်ငံတကာမှာ ရှိတဲ့ မြန်မာပြည်သူထူထုတွေက သက်ဆိုင်ရာတရုတ်အစိုးရကို ဆန္ဒထုတ်ဖော်ဖို့
တာ့ လိုလိမ့်မယ်။ ပြည်တွင်းမှာ ရှိတဲ့ လူထုတွေအားလုံး ဒါကို ဆက်လက် ဆန့်ကျင်ကန့်ကွက်သွားဖို့ လိုပါတယ်။
မြစ်ဆုံရေကာတာ တည်ဆောက်မှုကိုပြည်သူအားလုံး တညီတညွတ်တည်း ကန့်ကွက် ဆန့်ကျင်သွားဖို့ လိုပါတယ်
လို့ အကြံပြုပါတယ်။

No comments:

Post a Comment