Tuesday, May 31, 2011

ကွယ်လွန်သွားသည့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်ဇေယျာ၏ မိခင်အတွက် ၈၈မျိုးဆက်ကျောင်းသားများ(ပြည်ပ)မှ ပေးပို့သော သ၀ဏ်လွှာ

88Gse letter.

ဗိုလ်ချုပ်စောလားဘွယ်နဲ့ အဖွဲ့ DKBA ဌာနချုပ်နေရာကို ပြန်သိမ်းပိုက်

2011-05-30

ဗိုလ်ချုပ်စောလားဘွယ်ရဲ့ DKBA အဖွဲ့နဲ့ တခြား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ ပူးပေါင်းပြီး လှိုင်းဘွဲ့မြို့နယ် သံလွင်မြစ်အနီးက DKBA ဌာနချုပ် နေရာကို လွန်ခဲ့တဲ့ ၂၄ ရက်နေ့ကစလို့ ပြန်ပြီး သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။

(RFA)

တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) မှ ဗိုလ်နှုတ်ခမ်းမွေး ခေါ် ဗိုလ်မှူးကြီး စောလားပွယ်သည် မြန်မာစစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးမှုကို လက်မခံသည့် တပ်မဟာ ၅ တပ်မှူး ဖြစ်ပါသည်။ (RFA)
အဲဒီနေရာဟာ သူတို့အဖွဲ့အတွက် အရေးပါတဲ့ ဒေသတခု ဖြစ်တဲ့အတွက် ပြန်သိမ်းပိုက်တာလို့ DKBA အဖွဲ့က ဗိုလ်မှူးကျော်သက်က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးမှသာ လက်ရှိ ဦးသိန်းစိန်အစိုးရကို အရပ်သားအစိုးရ စစ်စစ်လို့ သတ်မှတ်နိုင်မယ့်အကြောင်းလည်း DKBA ဗိုလ်မှူးဆန်းအောင်က RFA ကို ပြောပါတယ်။

“အခုဟာက လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုပြီးတော့ ထောင်သားတွေကို တနှစ်လား လျှော့ပေးတာတို့၊ တချို့က လပိုင်းလေးကျန်တယ်၊ တချို့က ရက်ပိုင်းလေး ကျန်တယ်၊ အဲဒါပဲ လွှတ်ပေးတယ်နော်။ လွတ်ငြိမ်းချမ်းသာခွင့်လို့ ကျနော်တို့ မမြင်ဘူး။ တကယ်တော့ ဒီအစိုးရဟာ ဒီပုပ်ထဲက ဒီပဲပဲ။ တကယ်လို့ အစိုးရသစ် ဆိုလို့ရှိရင် ပြီးခဲ့တာ ကန့်လန့်ကာချပြီး ဘဝသစ် တည်ဆောက်ရမယ်။ ကျနော်တို့ တိုင်းရင်းသားတွေနဲ့လည်း ဘာမှ အထူးအထွေ ကမ်းလှမ်းတာ မရှိသေးဘူး။ ဒီအစိုးရကို လက်ရှိအနေအထားအရ လုံးဝ ယုံကြည်မှု မရှိဘူး။ ဒါကြောင့် ကျနော်တို့ ရောက်တဲ့နေရာမှာ ပြည်သူလူထုနဲ့ ပူးပေါင်းတယ်၊ တော်လှန်ရေးအင်အားစုနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ တိုက်နေတယ်”

DKBA ရဲ့ အဆိုအရ အခုသိမ်းပိုက်မှုမှာ နယ်ခြားစောင့်တပ်ရဲ့ တပ်မှူးတဦးဖြစ်တဲ့ ဗိုလ်ချုပ်ကျော်သန်းကို ဖမ်းမိခဲ့ပေမယ့် ပြန်ပြီး ထွက်ပြေးလွတ်မြောက်သွားပြီး ဘားအံကို ရောက်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီတိုက်ပွဲမှာ KNU တပ်မဟာ (၇) နဲ့ ABSDF ကျောင်းသားတပ်မတော်က ရဲဘော်တွေလည်း ပူးပေါင်းဆင်နွှဲခဲ့တယ်လို့ DKBA တပ်မှူးတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ DKBA အဖွဲ့က ဗိုလ်မှူးကျော်သက်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။


ဆက်သွယ်မေးမြန်းချက်။

အသံဖိုင်ယူရန်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

Sunday, May 29, 2011

လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြစို့

Release Political Prisoners Right Now

Tuesday, May 3, 2011

မြန်မာ့ဒီမိုကရေစီအရေး ကူညီရန် အာဆီယံကို ဒေါ်အောင်ဆန်းစုကြည် ပြော

ရန်ပိုင် Tuesday, 03 May 2011 20:11

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံခေါင်းဆောင်များ အနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ဖြစ်ထွန်း တိုးတက်ရေးနှင့် ပတ်သက်၍ ကူညီရန် ပြောကြားလိုက်သည်။

ယမန်နေ့က ရန်ကုန်မြို့ NLD ရုံးချုပ်တွင်ပြုလုပ်သည့် စိုက်ပျိုးရေး သင်တန်းမှ သင်တန်းသားများနှင့် အတူတွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - AP)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှ အာဆီယံနိုင်ငံများ၏ လူထု အခြေပြု လူမှု အဖွဲ့အစည်း(CSO)များ အစည်းအဝေးသို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယို ရုပ်သံ ဖိုင်ဖြင့် ပေးပို့သည့် မိန့်ခွန်းတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

ယင်း မိန့်ခွန်းတွင်“ကျမတို့ အနေနဲ့ အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီ ပြောင်းလဲမှု ဖြစ်စဉ်ကို အားကျလေးစားပါတယ်၊ ဒီလိုဖြစ်အောင် စီစဉ်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်တဲ့ နည်းနာတွေကိုလည်း ရယူလိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

အဆိုပါ အာဆီယံ လူထုအခြေပြု လူမှုအဖွဲ့အစည်းများ၏ အစည်းအဝေးကို ယနေ့မှ စ၍ မေလ ၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး လူထု အခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ပေါင်း ၁၃၀၀ ခန့် တက်ရောက်ကြောင်း သိရသည်။

ယင်း အစည်းအဝေးသို့ အင်ဒိုနီးရှား ဒု သမ္မတက တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပြီးနောက် တက်ရောက်လာသူများက အာဆီယံ နိုင်ငံများ၏ ဒေသတွင်း ပြဿနာများကို ဆွေးနွေးကြကြောင်း ထိုအစည်းအဝေးတက်ရောက်သူ ပြည်ပအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် ၏ ဥက္ကဌ မခင်ဥမ္မာ က ပြောသည်။

ထိုအစည်းအဝေးတွင် အာဆီယံ ၁၀ နိုင်ငံရှိ လူထုအခြေပြု လူမှုအဖွဲ့အစည်းများမှ မေ ၇ – ၈ တွင် ကျင်းပမည့် ၁၈ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ ကိုယ်စားပြု တက်ရောက်မည့်သူ ၁၀ ဦးကို ရွေးချယ်မည်ဖြစ်သည်။

မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့်နှင့် ပတ်သက်၍ ပြည်ပအခြေစိုက် ဒီမိုကရေစီရေးနှင့် လူအခွင့်အရေးလှုပ်ရှားသည့် အဖွဲ့ အစည်းများနှင့် ပြည်တွင်းမှ အစိုးရကျောထောက်နောက်ခံ ပေးထားသည့် လူထုအခြေပြု လူမှုအဖွဲ့အစည်းများအကြား အငြင်းပွားမှုများ ဖြစ်နေသည်။

ပြည်ပ အခြေစိုက် ဒီမိုကရေစီနှင့် လူအခွင့်အရေး လှုပ်ရှားသည့် လူမှုအဖွဲ့အစည်းများတွင် မခင်ဥမ္မာဦးဆောင်သည့် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်၊ ဦးအောင်မျိုးမင်း ဦးဆောင်သည့် လူ့အခွင့်အရေး ပညာပေး ရေးဌာန(မြန်မာနိုင်ငံ) (HREIB) စသည့် အဖွဲ့အစည်းများ ပါဝင်ကြောင်း သိရသည်။

ပြည်တွင်းအဖွဲ့များကို မြန်မာအစိုးရက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့နှင့် လူ့အခွင့်အရေးကိုယ်စားပြု ကော်မရှင် ဥက္ကဋ္ဌ ရဲမှူးကြီးဟောင်း စစ်အေး၊ Asian Myanmar Business Organise မှ ဒေါက်တာ နေဇင်လတ် စသည့် သူများကို ရွေးချယ်၍ စေလွှတ်ခဲ့ သည်။

မခင်ဥမ္မာက“အစည်းအဝေးတက်ရောက်ခွင့်အတွက် မြန်မာအစိုးရ သစ်က လွှတ်လိုက်တဲ့ အစိုးရအရာရှိတွေ၊ စီးပွားရေးပိုင်းက အဖွဲ့တွေနဲ့ အပြိုင်အဆိုင်ဖြစ်လိမ့်မယ်”ဟု ဧရာဝတီ သို့ ပြောသည်။

ရဲမှူးကြီးဟောင်း စစ်အေးနှင့် ဒေါက်တာနေဇင်လတ်တို့သည် ပြီးခဲ့သည့် ရက်ပိုင်းကမှ မြန်မာအစိုးရ၏ ဥပဒေရေးရာ အကြံပေးနှင့် နိုင်ငံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များ အဖြစ် ခန့်အပ်ခြင်းခံရသူများဖြစ်သည်။

ယနေ့ နေ့လယ်တွင် အဆိုပါ အာဆီယံ အစည်းအဝေးသို့ တက်ရောက်မည့် အာဆီယံ ၁၀ နိုင်ငံမှ လူထုအခြေပြု ကိုယ်စားလှယ် ၁၀ ဦးကို ရွေးချယ်ကာ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး ဌာနသို့ ပေးပို့ရမည် ဖြစ်ပြီး ပေးပို့လာသည့်စာရင်းမှ တက်ရောက်ခွင့် ရှိသူ စာရင်းကို ကြေညာမည်ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် အာဆီယံ ပဋိညာဉ်အရ နိုင်ငံခေါင်းဆောင်များနှင့် လူထုအခြေပြု လူမှုအဖွဲ့အစည်းများအကြား တွေ့ဆုံသည့် အစီအစဉ်ကို ပြုလုပ်ခြင်းဖြစ်ပြီး ထိုနှစ်မှာပင် မြန်မာနိုင်ငံကိုယ်စား ရွေးချယ်ခံခဲ့ရသည့် မခင်ဥမ္မာကို ဆွေးနွေးသည့်နေရာသို့ ၀င်ခွင့် မပြုရန် မြန်မာအစိုးရက ကန့်ကွက်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်ကလည်း ထိုင်းနိုင်ငံ တောင်ပိုင်း ချာ့အမ်းမြို့တွင် ကျင်းပသော အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး တွင် မြန်မာအပါအ၀င် ၅ နိုင်ငံမှ ပြည်ပအခြေစိုက် လူထု အခြေပြု လူမှုအဖွဲ့အစည်း(CSO)များမှ ကိုယ်စားလှယ်များကို အစည်း အဝေး သို့ တက်ရောက်ခွင့် မပြုရန် အာဆီယံက ဆုံးဖြတ်ခဲ့သည်။

Monday, May 2, 2011

ဆင်ကြံ ကြံသူတွေရဲ့ အကြံပေးအဖွဲ့

ရဲဘော်ဖိုးသံချောင်း | တနင်္လာနေ့၊ မေလ ၀၂ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၂၉ မိနစ်

ဗမာပြည်ရဲ့နောက်ဆုံးပေါ် အရပ်ဝတ် စစ်အစိုးရက အကြံပေးအဖွဲ့ဆိုတာကို ဖော်ထုတ်လိုက်ပြန်ပြီ။ မျက်လှည့်ဆရာရဲ့ ဦးထုပ်မည်းကြီးထဲက ယုန်ဖြူလေးတကောင် ခုန်ထွက်လာတာကို သတိရမိစေပါတယ်။

ဒီအစိုးရဟာ သူတို့ကို အခုလို အကြံပေးအဖွဲ့ ပေးပါလို့ အကြံပေးတဲ့ လူမျိုးတွေဆီက အကြံဉာဏ်တွေကိုပဲ အဓိကထား ရယူနေမှာပါ။ ကျန်တဲ့ လူတွေကိုတော့ လျှာပြတ်အောင် ပြောဦးတော့ ...
အကြံပေးအဖွဲ့ ရှိတယ်ဆိုတာနဲ့ပဲ အစိုးရတရပ်ဟာ လူထုအမြင်ကို လေးစားတဲ့၊ ဒီမိုကရေစီဆန်တဲ့ အစိုးရ ဖြစ်သွားရောတဲ့လား။ လွှတ်တော်သုံးရပ်၊ ဝန်ကြီးအဖွဲ့ အမျိုးမျိုး၊ ရာဂဏန်းရှိတဲ့ ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေ၊ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရးကောင်စီ စတာတွေ ရှိနေပြီးတာတောင်မှ အကြံပေးအဖွဲ့ သီးသန့် ဖွဲ့နေရတယ်ဆိုတော့ ပြောခဲ့တဲ့ များပြားလှတဲ့ အဆောက်အအုံတွေက မပြည်စုံ၊ မလုံလောက်လို့လား စဉ်းစားစရာဖြစ်မနေဘူးလား။ ဒါလောက် များပြားတဲ့လူတွေ (ပညာတတ်တွေအများကြီးပါတယ်)မှာ အကြံဉာဏ်ကောင်းမလုံလောက်ဘူးလား။ မရှိဘူးလား။ ဒီအရပ်ဝတ် စစ်အစိုးရဟာ ကိုယ့်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ် စသူတွေကို အားမရ၊ မကျေနပ်ဘူးလား။

ဗမာပြည်သမိုင်းမှာ လူသိအများဆုံး အကြံပေးအဖွဲ့ အခုက ၁၉၆၈-၆၉ ခုနှစ်မှာ ဦးနေဝင်းရဲ့ “၃၃ ဦးကော်မတီ” ဆိုတာပဲ။ နာမည် အပြည့်အစုံက “ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်တွင်း ညီညွတ်ရေးအဖွဲ့” ဖြစ်ပါတယ်။ အဲဒီကော်မတီ ဘာတွေ လုပ်ခဲ့တယ်၊ ဘယ်လို အဆုံးသတ်ခဲ့တယ် ဆိုတာ အားလုံးအသိမို့ အထူးပြောစရာ မလိုတော့ပါဘူး။ အဲဒီကော်မတီ မတိုင်မီလေး တင်မှာပဲ မဆလအစိုးရဟာ နိုင်ငံရေး အကျဉ်းသမားတွေကို ကိုကိုးကျွန်းပို့တာ၊ ပြည်တွင်းစစ်ကို အပြတ်အသတ် ဖိတိုက်တာတွေ လုပ်ပြီး တပြည်လုံးကို ဖိနှိပ်နေချိန်ဖြစ်ပါတယ်။ ကျွန်းဆွယ် အရေးအခင်းကလည်း ဒီကာလနဲ့ မရှေး မနှောင်းမှာ ပေါ်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီး မဆလပါတီကို အမတေပါတီကနေ ပြည်သူ့ပါတီအဖြစ် ပြောင်းတယ် ဆိုတာလည်း လုပ်ခဲ့ပါတယ်။

အဲဒီလိုနောက်ခံကားအောက်မှာ ဦးနေဝင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာကို ရေးဆွဲဖို့ လုပ်တာပါ။ အဲဒီအတွက် ဒီ “၃၃ ဦးကော်မတီ” ဆိုတာကို ဖွဲ့တာ၊ အကြံဉာဏ်တောင်းတာလို့ ဆိုပါတယ်။ ဘာမှ ထူးထူးခြားခြား အကြံမပေးလိုက်ရတဲ့ ဒီအကြံပေးအဖွဲ့က ဦးနေဝင်းက ခြောက်လလောက်နဲ့ ဖျက်သိမ်းလိုက်ပါတယ်။ နဂိုကတည်းက ဟန်ပြရုံအတွက်သာ ဖွဲ့ခဲ့တာ ဖြစ်တဲ့အပြင် ဒီလိုနိုင်ငံရေးသမား အစုအစည်းတရပ်ကို ကြာရှည် တည်ရှိခွင့်ပေးထားရင် နိုင်ငံရေးအင်အား တရပ်လိုဖြစ်လာမှာ စိုးရတယ်လို့ ဦးနေဝင်းက တွက်ပါတယ်။ ဒါကြောင့် သူလက်ဖျောက်တချက် တီးတာနဲ့ ပေါ်လာသလို လက်ဖျောက်တချက် တီးလိုက်တာနဲ့ ပျောက်သွားပါတယ်။ သူတို့ အထဲက တကယ်အကြံပေးမိတဲ့ ချင်းအမျိုးသား ခေါင်းဆောင် ဦးလျံအုပ်ကတော့ အဖမ်းခံလိုက်ရပါတယ်။

တကယ်က ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဲဒီအချိန်မှာ ဦးနေဝင်းက သူ့စဉ်းစားချက်အတိုင်း သူ့လူယုံတွေကို ရေးဆွဲခိုင်းနေ(ပြီး)ပါပြီ။ သူလိုချင်တဲ့ ဖွဲ့စည်းပုံမျိုးကို ဒီ ၃၃ ဦးဆီက ဘာအကြံမှ မရနိုင်ဘူးဆိုတာ သူကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ ဦးနေဝင်းဟာ ၃၃ ဦးကို စာတမ်းတင်ခိုင်း၊ အကြံပေးခိုင်း အင်မတန် ပိပိရိရိ လုပ်ခဲ့ပါတယ်။ ဒါကြောင့် အပြီးသတ်မှာတော့ ‘’ဝှီးဖတ်တောင် မကြားလိုက်ရပါဘူး။

ပြည်သူအပေါ် ဖိနှိပ်တဲ့ခြေလှမ်းတွေ၊ ဒါမှမဟုတ် တိုင်းပြည်ဘဏ္ဍာ ကိုယ့်အိတ်ထဲ ထည့်တဲ့ ခြေလှမ်းတွေ လှမ်းမှာမို့ ဒီလို လုပ်လာတယ်ဆိုတာ စဉ်းစားပြင်ဆင်ကြဖို့ လိုပါတယ်။
အခုတလော အရင်ဦးနေဝင်း လက်အောက်မှာ “အကြံပေး” (ကိုယ့်ကိုယ်ကိုထင်တာ) လုပ်ခဲ့ပါတယ် ဆိုသူတွေက သူတို့ ဦးနေဝင်းကို ဘယ်လိုအကြံပေးခဲ့တယ် ဆိုတာမျိုးတွေကို ဂုဏ်ယူစွာ ရေးနေကြတာကို တွေ့နေရပါတယ်။ ဒါပေမဲ့ သူတို့ရေးတာတွေထဲမှာ ဦးနေဝင်းကို ဆန့်ကျင်ငြင်းခုံခဲ့တယ် ဆိုတာမျိုး လုံးဝ မတွေ့ရသလောက်ပါပဲ။ ဒါ့အပြင်တော်တော် များများဟာ ဦးနေဝင်း ကြိုက်လိမ့်မယ် ထင်တာကို ပြောနေတာဖြစ်တယ် ဆိုတာလည်း တွေ့ရပါတယ်။ သူတို့ ရေးနေတာဟာ အခုအရပ်ဝတ် စစ်အစိုးရက ဖွဲ့မယ့် အကြံပေး အဖွဲ့အတွက် ရေလာမြောင်းပေး လုပ်နေတာလားလို့တောင် စဉ်းစားမိစရာ ဖြစ်ပါတယ်။

အခု အကြံပေးအဖွဲ့ဝင်တွေက ဘာပြောလို့ ရမှာလဲ။ ဒီပုဂ္ဂိုလ်တွေရဲ့ရိုးသား တည်ကြည်မှုနဲ့ ပတ်သက်လို့ ဘာမှမပြောလိုပါဘူး။ ဒါပေမဲ့ သူတို့အကြံတွေကို နားထောင်မယ်ဆိုတဲ့ အရပ်ဝတ် စစ်အစိုးရရဲ့ ရိုးသား တည်ကြည်မှုကတော့ တကမ္ဘာလုံး အသိပါပဲ။ သူတို့ဟာ အမှန်တရားကို ရယူချင်တာ မဟုတ်ပဲ သူတို့ အာဏာတည်မြဲရေးအတွက် နည်းနာတွေကိုသာ လိုချင်တာ ဖြစ်ပါတယ်။ ဒါသာမက တခုခုဖြစ်သွားရင် အဲဒီ အကြံပေးအဖွဲ့ကို အသုံးပြုပြီး အငှားဗိုက်နဲ့ ဓားထိုးခံတာတောင် ဖြစ်နိုင်ပါသေးတယ်။ တကယ်ကျတော့ ဒီအစိုးရဟာ သူတို့ကို အခုလိုအကြံပေးအဖွဲ့ ပေးပါလို့ အကြံပေးတဲ့ လူမျိုးတွေဆီက အကြံဉာဏ်တွေကိုပဲ အဓိကထား ရယူနေမှာပါ။ ကျန်တဲ့ လူတွေကိုတော့ လျှာပြတ်အောင်ပြောဦးတော့ “ဖုတ်လေတဲ့ငပိ ရှိတယ်” လို့တောင် ယူဆမှာ မဟုတ်ပါဘူး။

ပြောရရင် ဒီအကြံပေးအဖွဲ့နဲ့ အာဏာရ စစ်ဗိုလ်တွေအကြားက ပြဿနာက ပြည်သူလူထုအတွက် သိပ်အရေးမကြီးပါဘူး။ အရေးကြီးတာက ဒိနောက်ကွယ်မှာ ဘာအစီအစဉ်၊ အကြံအစည်တွေ ရှိတယ် ဆိုတာပါပဲ။ အထက်မှာ ရေးခဲ့သလို ဦးနေဝင်းတုန်းကလည်း သူလုပ်ချင်တာလုပ်ဖို့အတွက် ၃၃ ဦးအဖွဲ့ကို ဖော်ထုတ် အသုံးချခဲ့တာ ဖြစ်ပါတယ်။ ဦးဗိုလ်သိန်းစိန် အစိုးရကရော ဘယ်လိုပြည်သူအပေါ် ဖိနှိပ်တဲ့ခြေလှမ်းတွေ၊ ဒါမှမဟုတ် တိုင်းပြည်ဘဏ္ဍာ ကိုယ့်အိတ်ထဲထည့်တဲ့ ခြေလှမ်းတွေ လှမ်းမှာမို့ ဒီလိုလုပ်လာတယ်ဆိုတာ စဉ်းစားပြင်ဆင်ကြဖို့ လိုပါတယ်။

အပစ်ရပ် အဖွဲ့တွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကျန်တဲ့ အသံထွက်နေသူတွေ၊ သတိအကြီးဆုံး ထားရမယ့် အချိန် တခုပါပဲ။

ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေး ပေါင်းချုပ် ရောင်းကောင်းဆဲ

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ မေလ ၀၂ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၃၆ မိနစ်

ဗိုလ်ချုပ်အောင်ဆန်း မျက်နှာဖုံးတွင် ဆရာဇော်ဂျီ၏ သခင်အောင်ဆန်းတရား ကဗျာကို ဖော်ပြထားသော မော်နီတာဂျာနယ် နိုင်ငံရေး အထူးဆောင်းပါး ပေါင်းချုပ်ကို ထုတ်ဝေပြီး နှစ်ပတ်အကြာထိ ဆက်လက်ရောင်းအားကောင်းဆဲဟု ရန်ကုန်မှ ဂျာနယ်လက်ပွေ့ရောင်းချသူ တဦးက ပြောသည်။ စံချိန်တင်ဈေးနှုန်း ၁၅၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး ယခု တစောင် ၈၀၀ ကျပ်ဖြင့် ရန်ကုန် ဂျာနယ်အရောင်းဆိုင်များတွင် ဆက်လက် ၀ယ်ယူရရှိနေပြီး လူငယ်အများစု မှတ်တမ်းအဖြစ် သိမ်းဆည်းဝယ်ယူလျက်ရှိသည်။


ရန်ကုန် လက်ဖက်ရည်ဆိုင်တဆိုင်တွင် နိုင်ငံရေးအထူးဆောင်းပါးပေါင်းချုပ် ဖတ်ရှုနေသူတဦး (ဓာတ်ပုံ- မဇ္ဈိမ)
“အရင်က ဂျာနယ်ဝယ်မဖတ်တဲ့ လူတွေလည်း ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့မို့ အမှတ်တရ ၀ယ်သိမ်းကြတာမျိုးရှိတယ်” ဟု ဂျာနယ် အရောင်းသမားတဦးက ပြောသည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအပါအ၀င် ဆောင်းပါး ၃၈ ပုဒ်ပါဝင်ပြီး သမိုင်းဝင် ဓာတ်ပုံများ မိသားစုဓာတ်ပုံများလည်း ပါဝင်သည်။ ဧပြီလတွင် ထုတ်ဝေပြီး စာရွက်အရည်အသွေးလည်း ကောင်းသည့်အတွက် ၀ယ်သိမ်းထားရန် အဆင်ပြေသည်ဟု သိရသည်။

မြတ်ခိုင်၏ အပတ်စဉ်ထုတ် မော်နီတာဂျာနယ် အမှတ်(၁) မှ (၅၀) အတွင်း ဖော်ပြခဲ့သော မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်းအကြောင်း ရေးသားထားသည့် ဆောင်းပါး အဟောင်းအသစ် ၃၈ ပုဒ်ကို စုစည်းထုတ်ဝေထားရာ သတင်းထောက် ဦးပုကလေး၊ ဒဂုန်တာရာ၊ သခင်တင်ဦးစသည့် ဗိုလ်ချုပ်ကို သိမီလိုက်သူများ၏ ဆောင်းပါးများ၊ ကိုပညာ (အမရပူရ)၊ တက္ကသိုလ်စိန်တင်၊ ဆိုရှယ်လစ်ပါတီ ဥက္ကဋ္ဌဟောင်း ဦးကိုကိုကြီး၏ မြေး ဝူလန်ဂေါင်းတက္ကသိုလ်မှ သမိုင်းပါရဂူဘွဲ့ရ ကျော်ဇောဝင်းစသူတို့၏ သုတေသန ဆောင်းပါးများ ပါရှိသည်။ ကွယ်လွန်သူ လယ်ဝေးသခင်ကြည်ရှိန်၏ ဗိုလ်ချုပ်နှစ်ဦးလယ်ဝေးတွင် ဆုံခဲ့စဉ်က ဆောင်းပါးမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စစ်အတွင်း ရိုက်ကူးခဲ့သော ဓာတ်ပုံအကြောင်း ဖြစ်သည်။

မကြာမီက ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အကြို ပိတောက်ပွင့်သစ် မဂ္ဂဇင်းမှ မောင်စိမ်းနီ စီစဉ်ထုတ်ဝေခဲ့သည့် စာရေးဆရာစုံ၏ `စာရေး ဆရာကိုအောင်ဆန်း´စာအုပ်မှာလည်း အထူးလူကြိုက်များခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ်စာကြည့်တိုက် ရန်ပုံငွေအတွက် သခင်ကိုယ်တော်မှိုင်း တည်းဖြတ်သည့် စာရေးဆရာ၊ ရဲဘော်၊ သခင်နှင့် ကျောင်းနေဘက်များရေးသော ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကို ၁၉၅၁ က ထုတ်ဝေခဲ့ဘူးသည်။

ထိန်းသိမ်းခံ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အင်းစိန်ထောင် ပို့ပြီ

2011-05-02

ခေတ္တခဏ မေးမြန်းဖို့ ဆိုပြီး ခေါ်ဆောင်သွားခဲ့တဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အင်းစိန်ထောင် ပို့လိုက်ပြီး မကြာခင် ရုံးထုတ် စစ်ဆေးတော့မယ်လို့ သိရပါတယ်။
(Photo: AFP)
နာမည်ကျော် အင်းစိန်ထောင်ကြီး၏ ဘူးဝတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ က အာဏာပိုင်တွေ ခေါ်ဆောင်သွားခဲ့ပြီး ဆက်သွယ်လို့ မရပဲဖြစ်နေတဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အင်းစိန်ထောင်ကို ပို့လိုက်ပြီဖြစ်လို့ လာရောက် တွေ့ဆုံနိုင်ကြောင်း မေလ ၂ ရက် ဒီကနေ့ လူတယောက်က ဖုန်းဆက်ခဲ့တယ်လို့ ဦးနေမျိုးဇင်ရဲ့ ဇနီး မဇင်မျိုးက RFA ကို ပြောပါတယ်။

“ကိုနေမျိုးဇင်က ပြောခိုင်းတယ်တဲ့။ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့ကို လာတွေ့ဖို့တဲ့။ နောက်ပြီးတော့ သူလိုတဲ့ ပစ္စည်း ပစ္စယလေးတွေ မှာတယ်။ ဖုန်းက သိပ်ပြောလို့ မကောင်းဘူး။ သူတို့က အဲဒီမှာ လာတွေ့ဖို့အတွက်တဲ့ သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ ထောက်ခံစာ ယူခဲ့တဲ့။ မနက်ဖြန် အင်္ဂါနဲ့ ဗုဒ္ဓဟူးတဲ့၊ ဟိုး အင်းစိန်ထောင်၊ ၉ နာရီလောက်ဆို တွေ့လို့ ရတယ်တဲ့။ အဲလိုတော့ ပြောတယ်။”

ဖုန်းဆက်သူရဲ့ ပြောဆိုချက်အရ ဦးနေမျိုးဇင်ကို ပုဒ်မ ၃၃ အီလက်ထရွန်းနစ်ဥပဒေနဲ့ ရုံးတင်နိုင်ဖွယ် ရှိကြောင်း၊ မကြာခင် ရုံးထုတ်တော့မှာ ဖြစ်တဲ့အတွက် လိုက်ပါ ဆောင်ရွက်ဖို့ ရှေ့နေရှာထားဖို့ ပြောဆိုခဲ့ကြောင်း၊ အခုလို ဖုန်းဆက်လာတာဟာ အင်းစိန်ထောင်က တရားဝင် အကြောင်းကြားတဲ့ ပုံစံမျိုး မဟုတ်ပေမဲ့၊ ဖုန်းဆက်သူဟာ အကျဉ်း ဦးစီးဌာနက ဝန်ထမ်းတဦး ဖြစ်နိုင်ကြောင်း မိသားစုဝင်တွေက ပြောပါတယ်။

မဇင်မျိုးရဲ့ ပြောဆိုချက်အရ ဦးနေမျိုးဇင်ကို အာဏာပိုင်တွေ ခေါ်ဆောင်သွားပြီး အိမ်မှာရှိတဲ့ ကွန်ပျူတာတွေကို စစ်ဆေးခဲ့ကြတဲ့အခါ ဘာမှ ထူးထူးခြားခြားမတွေ့ရှိကြောင်း လာရောက်ရှာဖွေသူတွေက ပြောတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဦးနေမျိုးဇင်ရဲ့ လက်ပ်တော့ ကွန်ပျူတာကိုတော့ ခဏဆိုပြီး ယူဆောင်သွားခဲ့ရာမှာ ခုချိန်အထိ ပြန်မရသေးကြောင်း ပြောပါတယ်။

ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ဟာ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူ ဖြစ်ပြီး NLD လူငယ်တွေ ဆောင်ရွက်နေတဲ့ BG ခေါ် သွေးလှူဒါန်း ရေးအဖွဲ့မှာ ပါဝင် ဆောင်ရွက်နေသူတဦး ဖြစ်ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.