Thursday, November 29, 2012

တရုတ်သံရုံးနှင့် ဦးပိုင်ရှေ့ဆန္ဒပြမည့်သူများ ခေါ်ယူမေးမြန်းခံရ

နယူးဒေလီ (မဇ္ဈိမ) ။        ။ တရုတ်သံရုံးနှင့် ဦးပိုင်လီမိတက်ရုံးရှေ့ လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြမည့်ကိစ္စနှင့် ပါတ်သက်၍ ဗကသ (ဗဟို လုပ်ငန်းကော်မတီ) သတင်းနှင့် ပြန်ကြားရေးရာ ကော်မတီတာဝန်ခံ ကိုသီဟဝင်းတင် အား တနင်္လာနေ့ နံနက်တွင် နယ်မြေခံ SB က လာရောက် ခေါ်ယူမေးမြန်းပြီးနောက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ပြန်လွှတ်လိုက်ကြောင်း သိရသည်။

အကြောင်းပြချက် တစုံတရာ မပြောဆိုဘဲ မေးစရာရှိသည်ဟုဆိုကာ နေအိမ်တွင် လာရောက် ခေါ်ဆောင်သွားခြင်း
ဖြစ်ကြောင်း ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကျော်ကိုကို က ပြောသည်။

“အခုတော့ ပြန်လွှတ်လိုက်ပါပြီ။ အဓိကကတော့ လက်ပံတောင်းတောင် အရေးနဲ့ ပါတ်သက်ပြီး ရန်ကုန်မြို့ တရုတ် သံရုံးရှေ့နဲ့ ဦးပိုင်လီမိတက်ရုံးရှေ့မှာ ဆန္ဒဖော်ထုတ်မယ့် အစီအစဉ်နဲ့ ပါတ်သက်ပြီးတော့ စာမတင်ဘဲ ဆန္ဒပြတာဟာ ဥပဒေနဲ့ ငြိစွန်းကြောင်း ခေါ်ယူအသိပေးတာလို့ သိရပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ကိုသီဟဝင်းတင် အပြင် ဆန္ဒပြရန် တိုင်ပင်သည့် တနင်္ဂနွေည အစည်းအဝေးကို တက်ရောက်သူ အခြား သုံးဦးလည်း
ခေါ်ယူမေးမြန်းခံရသည်။

“ကိုမိုးသီးဇွန် လာတုန်းက ဖွဲ့ထားတဲ့ အမိမြေ ငြိမ်းချမ်းရေး ရုံးက ကိုရဲလင်း အပါအဝင် စုစုပေါင်း ၄ ယောက်ကို
ခေါ်တာ” ဟု ကျော်ကိုကို က ပြောသည်။

ဤသို့ ရှာဖွေပုံစံ၊ ဖမ်းဝရမ်း မပါဘဲ ကြိုတင်ခေါ်ဆောင် စစ်ဆေးမေးမြန်းမှုများကို ရှုံ့ချလိုက်ပြီး ဆန္ဒပြပွဲကို ဆက်လက် လုပ်ဆောင်မည်ဟု ကိုကျော်ကိုကို က ဆက်ပြောသည်။

“အစီအစဉ်ကတော့ ဖျက်ဖို့ဆန္ဒ မရှိဘူးဗျ။ အများဆန္ဒနဲ့ ဆုံးဖြတ်ချက် ချထားတာ။ မေးချင်တာမေးမယ်၊ လွှတ်ချင်မှ လွှတ်မယ်ဆိုတာမျိုး ခြိမ်းခြောက်မှုတွေ ရှိနေတာကို ဗကသ အနေနဲ့ ပြင်းပြင်းထန်ထန် ရှုံ့ချတယ်” ဟု ဆိုသည်။

ယခုအခါ ကျောင်းသားငယ်များ နှင့် အခြားစိတ်ပါဝင်စားသူများ ဆန္ဒပြရန် ဆက်လက် ပြင်ဆင်နေကြပြီး ဆန္ဒပြပွဲ
ဖြစ်မြောက်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း သိရသည်။

ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ဆားလင်းကြီးမြိုနယ် လက်ပံတောင်း တောင်တွင် သပိတ်စခန်း ဖွင့်၍ ဆန္ဒပြမှု မှာ ကိုးရက် ကြာပြီဖြစ်ပြီး နေ့ညမပြတ် သံဃာတော်နှင့် ဒေသခံပြည်သူများ အင်အား ၂,ဝဝဝ ကျော်ဖြင့် ဆန္ဒပြလျက် ရှိပြီ ယခုအခါ သပိတ်စခန်းခြောက်ခု ရှိလာပြီဖြစ်သည်။

သပိတ် စခန်း ဖွင့်လှစ်၍ ဆန္ဒပြသူ များထဲတွင် သံဃာ တော်များ၊ ဒေသခံ ကျေးရွာသူ၊ ရွာသားများ၊ အကျိုးဆောင် ကွန်ယက်များ၊ လက်ပံတောင်းတောင် အကျိုး စီးပွား ကာကွယ်ရေး ကော်မတီ၊ ဗကသ ကျောင်းသား များ ပါဝင်သည်။

စက်တင်ဘာလအတွင်းကလည်း ကွန်ယက်အဖွဲ့ဝင်များဖြစ်သည့် ကိုဟန်ဝင်းအောင်၊ ကိုအောင်စိုး တို့အား အာဏာပိုင် များက ဆားလင်းကြီးဒေသ လက်ပံတောင်းတောင် စီမံကိန်းတွင် သွေးထိုးလှုံ့ဆော်သည် ဟုဆိုကာ ဖမ်းဝရမ်း ထုတ်ထားခဲ့ဖူးသည်။

လက်ပံတန်းတောင်သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုအပေါ်၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ တုန့်ပြန်ချက်

''မျက်ရည်ယိုဗုံးနဲ့ အဓိကရုဏ်း
ကို ဖြိုခွင်းတယ်ဆိုတာ ကျွန်တော်
တို့ကိုယ်တိုင် အတွေ့အကြုံ များ
စွာရှိပါတယ်။ ကျွန်တော်တို့ 


က ကြိမ်ဖန်များစွာ မျက်ရည်ယိုဗုံးတွေ ကြားမှာ ဖြတ်သန်းလာခဲ့တာပါ။ ဘာမှ မီးလောင်စရာ အကြောင်း မရှိဘူး။ အဲဒီတော့ နိုင်ငံတကာနှုန်းတွေ၊ ဘာတွေလို့ ပြောနေတာထက် ဘယ်လက်နက်တွေ သုံးစွဲခဲ့သလဲဆိုတာရယ်၊ ဘယ်သူ့အမိန့် နဲ့ ဒီလက်နက်တွေကို သုံးတယ်ဆိုတာရယ် စုံစမ်းဖော်ထုတ်ဖို့ အရေး ကြီးပါတယ်။

အဲဒီစုံစမ်းဖော်ထုတ် ဖို့ဆိုတာလည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် အမြန်ဆုံးဖွဲ့ရပါလိမ့်မယ်။ အဲဒီကော်မရှင်ကလည်း လွတ်လပ်တဲ့ ကော်မရှင် ဖြစ်ရပါလိမ့်မယ်။ အဲဒီလို မြန်မြန်ဆန်ဆန်နဲ့ ပွင့်ပွင့်လင်းလင်း မဖြေရှင်းဘူးဆိုရင် နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေအတွက် အင်မတန် စိတ်ပူစရာလည်း ကောင်းပါတယ်။

ကျွန်တော်တို့ နောက်ကြောင်းပြန်မလှည့်ရအောင် အားလုံးဝိုင်းပြီး သတိထား နေတဲ့အချိန်မှာ မဖြစ်သင့်တဲ့ ကိစ္စပါ။ လွန်ခဲ့တဲ့ ရက်ပိုင်းတည်းက ကျွန်တော်တို့ ၈၈မျိုးဆက်ကျောင်းသားတွေအနေနဲ့ ကြေးနီစီမံကိန်းကိစ္စကို အင်အားသုံး အကြမ်းဖက်ပြီး မဖြေရှင်းဖို့ ပြဿနာကို စေ့စပ် ဆွေးနွေးပြီးတော့ အဖြေရှာကြဖို့ သဘောထားထုတ်ခဲ့ပြီးပါပြီ။ အခုဟာက ဘယ်လိုပဲပြောပြော ဆန္ဒပြသူတွေ မီးလောင်ပြီး ဒဏ်ရာရရှိမှု တွေ အကြီးအကျယ်ဖြစ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။

အဲဒီတော့ ခုနက ကျွန်တော်တို့ ဆိုခဲ့ တဲ့အတိုင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးပြီးတော့ အမြန်ဆုံးစုံစမ်း ဖော်ထုတ်ဖို့ အသိပေးရပါလိမ့်မယ်။

ဒီကိစ္စမှာ တရုတ်ကိုချည်း ပဲ ရည်ရွယ်ပြောလို့ မရဘူး။ နောက်ထပ်သူ့ရဲ့ တွဲဖက်ပါတနာ အကျိုးစီးပွားဖက်ဖြစ်တဲ့ ဦးပိုင်၊ ဦးပိုင်က ဘာလဲ၊ ဘယ်သူလဲဆိုတာလဲ လူတိုင်းသိတယ်။ ဆိုတော့ တရုတ်ကို မလွန်ဆန်နိုင်ရုံတင်ကရဲ့လား။ အဲဒီ ဦးပိုင်ကြီးကို မလွန်ဆန်နိုင်ဘူးဆိုတဲ့ ပြဿနာ ကျွန်တော်တို့ အတွေးထဲမှာ ရှိပါတယ်။ ပြည်သူ အားလုံးကလည်း ဒီမေးခွန်းကို ထုတ်နေတယ်။

အဲဒီတော့ ဘယ်လောက်ထိ အရာရာကို အသာစီးယူပြီးတော့ ခေါင်းပေါ်မှာ နေဦးမှာလဲ ဆိုတဲ့ မေးခွန်း။ ဒါကို ပွင့်ပွင့် လင်းလင်း မေးကြဖြေကြဖို့လည်း အရေးကြီးနေပါပြီ။

ကျွန်တော်တို့ ငယ်ငယ်က ပထ၀ီမှာ မီးကုန်ယမ်း ကုန်းအော်ကျက်ခဲ့ရတဲ့ ကြေးနီတောင်၊ စံပယ်တောင်မရှိတော့ပါ ဘူး။ သူတို့ သတ္ထုတွေ၊ သိုက်တွေ ဆွဲထုတ်လိုက်တာ အဲ့ဒီဒေသမှာ ရေလည်း သောက်လို့ မရတော့ပါဘူး။ အဲဒီဒေသက ပြည်သူတွေကလည်း ဓားမနောက်ပိတ်ခွေး၊ ဓားမနောက် ပိတ်ခွေးပါပဲ။ အဲ့ဒီဒေသက ပြည်သူတွေ အဆိပ်သင့်ပြီး ကျန်ခဲ့တယ်။ အမြတ်ကအဲဒါပါပဲ။''

Tuesday, November 27, 2012

လကပန်းတောင်းတောင်ရပ်ဆိုင်းရေး ရန်ကုန်တွင်ဆန္ဒပြသူများအား မတရားဖမ်းဆီး

      လက်ပန်းတောင်းအရေး ဆန္ဒပြသူ ၆ ဦးကို ဖမ်းဆီးတရားစွဲ

2012-11-27
နိုဝင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့လယ်မှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းပစ်ရေးအတွက် တောင်းဆို ဆန္ဒပြသူတွေထဲက ဦးဆောင်သူ ၆ ဦးကို ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ တရားရုံးတင် စစ်ဆေးပြီး အင်းစိန်အကျဉ်းထောင်ကို ဒီကနေ့ ပို့လိုက်ပါတယ်။

Photo:RFA/Thiha Htun
နိုဝင်ဘာ ၂၆ ရက်နေ့က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးအတွက် ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးတွင် ဆန္ဒပြနေသူများကို တွေ့ရစဉ်။
ဆန္ဒပြသူတွေထဲက ကိုရဲလင်း ၊ ကိုဝေဠု၊ ကိုမျိုးချစ် ၊ ကိုညီညီ၊ နော်အုံးလှနဲ့ ဒေါ်ရှမ်းမတို့ကို ပုဒ်မ ၁၈၊ ပုဒ်မ ၅ဝ၅(ခ)နှစ်ခုနဲ့ တရားစွဲဆိုလိုက်ပြီး အင်းစိန်အကျဉ်းထောင်ကို ခေါ်သွားတာဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ ကိုမိုးသွေးက RFA ကို ပြောပါတယ်။
တစ်ချိန်တည်းမှာလည်း နောက်ထပ် ၄ ဦးဖြစ်တဲ့ ကိုဟန်ဝင်းအောင်၊ ကိုအောင်နိင်သူ ၊ ကိုမိုးသွေး ၊ ကိုသီဟဝင်းတင် တို့ကို အာဏာပိုင်တွေက လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။
ဒီကနေ့ မနက် ၁ဝ နာရီလောက်က စတင်ဖမ်းဆီးခံရစဉ်က ကိုဝေဠု ကို RFA က အဆက်အသွယ်ရခဲ့ပါတယ်။ အဲဒီအချိန်က သူပြောတာက သူ့အနေနဲ့ ပုဒ်မ ၁၈ နဲ့သာ အခေါ်ခံရတာဖြစ်တဲ့အတွက် နေ့ချင်းဖြေရှင်းနိုင်ပြီး ပြန်လည် လွတ်မြောက်လာဖို့ မျှော်လင့်ကြောင်း အခုလို ပြောခဲ့ပါတယ်။
"ပုဒ်မ ၁၈ ဆိုတာ ကိုယ်ပိုင်ခံဝန်နဲ့ တရားရုံးကို ရင်ဆိုင်ခွင့်ရှိပါတယ်။အရင့်အရင် ပုဒ်မ ၁၈ နဲ့စွဲဆိုခဲ့တဲ့ အမှုတွေကိုလည်း ကိုယ်ပိုင်ခံဝန်နဲ့ တရားရင်ဆိုင်နေပါတယ်။ အခုလည်း ကိုယ်ပိုင်ခံဝန်နဲ့ တရားရင်ဆိုင်ခွင့်ရှိမယ်လို့ ထင်ပါတယ်"
ကျောက်တံတားရဲစခန်းနဲ့ ပန်းဘဲတန်း ရဲစခန်းတွေကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာဖြေကြားခွင့်မရှိဘူးလို့ ပြောပါတယ်။ အင်းစိန်ထောင်ကြီးချုပ်ကို ခေါ်ဆောင်ခံရတဲ့ ဆန္ဒပြ ဦးဆောင်သူတွေကို လာမယ့်ဒီဇင်ဘာလ ၃ရက်နေ့မှာ ရုံးထုတ်မယ်လို့ သိရပါတယ်။
လက်ပန်းတောင်းတောင်ကိစ္စနဲ့ ပတ်သက်ပြီး အဖမ်းခံခဲ့ရသူ ၆ဦးနဲ့အတူ ရှိခဲ့တဲ့ မျက်မြင်သက်သေတစ်ဦးကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

ရန်ကုန်ဆန္ဒပြသူများအား ပုဒ်မ ၁၈ ဖြင့်လိမ်ခေါ်၍ ပုဒ်မ ၅ဝ၅ ဖြင့် ဖမ်းထား

ရန်ကုန်ဆန္ဒပြသူများအား ပုဒ်မ ၁၈ ဖြင့်ခေါ်၍ ပုဒ်မ ၅ဝ၅ ဖြင့် ဖမ်းထား
နယူးဒေလီ (မဇ္ဈိမ) ။         ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် တနင်္လာနေ့က ရန်ကုန်မြို့ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူအချို့အား ဖမ်းဆီးကာအင်းစိန်ထောင်သို့ ပို့ဆောင်ခံနေရကြောင်း ဗကသ ကျောင်းသား ကိုသီဟဝင်းတင် က ပြောသည် ။

ခွင့်မတောင်းခံဘဲ  ဆန္ဒပြသူ  အမျိုးသမီး နှစ်ဦး အပါအဝင်  ခြောက်ဦးကို   ဖမ်းဆီးထားပြီး ပုဒ်မ၁၈ အပြင် ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅(ခ)ဖြင့် တရားစွဲထားကြောင်း တိမ်းရှောင် နရသူ ကိုသီဟဝင်းတင် က ပြောသည် ။

“အခုဖမ်းတဲ့ အချိန်ကျတော့ ပုဒ်မ ၁၈ အပြင် အာမခံလို့မရတဲ့ ပုဒ်မ ၅ဝ၅ ပါ ထည့်ပြီးတော့ အခုအင်းစိန်ထောင်ကြီး ချုပ်ကိုပို့လိုက်တယ် ၊ ပုဒ်မ ၁၈ နဲ့ ခေါ်တယ် ၊ ဖမ်းတော့ ၅ဝ၅ ခ က
ဆူပူလှုံဆော်မှု  ၊ စစ်အစိုးရခေတ်က နိုင်ငံရေး လုပ်တဲ့သူတွေအတွက် တွင်တွင်သုံးတဲ့ ပုဒ်မ မပါမဖြစ် ပုဒ်မ  ၊  အခုကျနော်တို့ ဆန္ဒပြတာကလည်း  ဆူပူလှုံဆော်တာ  လည်းမဟုတ်ဘူး ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြတာ ၊  ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖော်ထုတ်ကြတာ ”  ဟု မဇ္ဈိမကို ပြော သည် ။
stopletpatoung1
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရန် လူအင်အား ၁၀၀ ကျော်တို့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်က ရန်ကုန်မြို့၊ ဆူးလေ ဘုရားလမ်း ကားမှတ်တိုင်အနီးမှ မဟာဗန္ဒုလ ပန်းခြံအား နှစ်ကြိမ်ပတ်၍ ချီတက် ဆန္ဒပြကြစဉ်။ (ဓါတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ဖမ်းဆီးခံထားရသူများထဲတွင်     ( NLD )ပါတီဝင်ဟောင်း ဒေါ်နော်အုန်းလှ ၊ ကိုဝေဠု ကိုကိုကျော်နှင့် ကိုရဲလင်းတို့ ပါဝင်ပြီး တိမ်းရှောင်နေသူ အများအပြားရှိနေသည့်အပြင် ဖမ်းဆီးခံရသူ အရေအတွက် ပိုမိုများနိုင်ကြောင်း ၎င်း က ဆက်ပြော သည် ။

ဆန္ဒပြခေါင်းဆောင် အချို့၏ နေအိမ်များသို့ ညအချိန် အာဏာပိုင်များက လာရောက် စစ် ဆေးရှာဖွေမှုများ ပြုလုပ်ကြောင်း  “  မနေ့က ည ၁ဝ နာရီမှာ အိမ်ကိုဝင်တယ် ၊ လုံခြုံရေး အင်အား ၁ဝ ယောက်ရယ်  ၊ ရပ်ကွက်လူကြီး တွေ့ပါ တယ် ၊ ပြီးတော့ အိမ်ရှေ့နားမှာရပ် ကွက် ရုံးရှေ့နားမှာ စောင့်နေကြတယ် ၊  ရဲတွေ  ၊ ထောက်လှမ်းရေးတွေ စောင့်ကြည့်နေ
တယ်လို့ သတင်းရထားတယ်  ”  ဟု ကိုသီဟဝင်းတင် က ပြောသည် ။

လက်ပံတောင်းတောင်အရေးသည် မြန်မာတပြည်လုံးနှင့်သက်ဆိုင်ပြီး တောင်များပျောက် ကွယ်သွားတော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရသလို လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးတော်ခဲ့သည့် သာသနာ့ သမိုင်းအမွေအနှစ်လည်း ဆုံးရှုံးရမည့် အခြေအနေ ဆိုက်ရောက်နေကြောင်း ၎င်း က မဇ္စျိမ ကို ပြောသည် ။

ဆန္ဒပြ ခေါင်းဆောင်များအား လာရောက်အဖမ်းခံရန်နှင့် ထိုသို့မဟုတ်ဘဲ ဆက်လက် ရှောင်တိမ်း  နေမည်ဆိုပါက  အထက်ဌာနများ၏  ဖိအားပေးမှုကြောင့်  အခြေအနေ ဆိုးဝါးလာနိုင်သည်ဟု ဖိအားပေးမှုများ ရှိနေကြောင်း ​၎င်းက ပြောသည် ။

“  ဒါက ပွင့်ပွင့်လင်းလင်းပြောရရင် အစိုးရကို ကျနော်တို့က ဘယ်လိုယုံကြည်ရမလဲ
အစိုးရက ဒီမိုကရေစီ လမ်းကြောင်းကို သွားမယ်ဆိုရင် ဒီမိုကရေစီ စိတ်ဓါတ်နဲ့ ပြည်သူ အပေါ်ဆက်ဆံသင့်တယ် ၊ စစ်အစိုးရ လက်ထက်က ရှိခဲ့တဲ့ အပြုအမူတွေ အကျင် စရိုက်
တွေ ပြုပြင်ပြောင်းလဲမှသာ ပြည်သူတွေက အစိုးရကို ပြုပြင် ပြောင်းလဲနေတယ် ဆိုတာ ယုံကြည်လက်ခံမှာပါ  ” ဟု ဆိုသည် ။

ကိုသီဟဝင်းတင် သည် ဆန္ဒပြရန် တိုင်ပင်သည့် တနင်္ဂနွေည အစည်းအဝေးသို့ တက်ရောက်ခဲ့၍ အခြားသူ သုံးဦးနှင့် အတူ SB မှ နိုဝင်ဘာလ ၂၆ မနက်ပိုင်းက နေအိမ်မှခေါ်ဆောင်ခြင်းခံခဲ့ရပြီး နေ့လည်ပိုင်းတွင် ပြန်လည်လွတ်မြောက် လာခဲ့သူ ဖြစ်သည်။

လက်ပံတောင်းအရေးနှင့် ပါတ်သက်ပြီး စက်တင်ဘာလအတွင်းကလည်း ကွန်ယက် အဖွဲ့ဝင်များဖြစ်သည့် ကိုဟန်ဝင်းအောင်၊ ကိုအောင်စိုး တို့အား အာဏာပိုင် များက ဆားလင်းကြီးဒေသ လက်ပံတောင်းတောင် စီမံကိန်းတွင် သွေးထိုးလှုံ့ဆော်သည် ဟုဆိုကာ ဖမ်းဝရမ်း ထုတ်ထားခဲ့ဖူးသည်။

လက်ပံတောင်းတောင် ဒေသခံများက သပိတ်စခန်း ခြောက်ခု ဖွင့်ကာ စီမံကိန်း ဖျက်သိမ်းရေး ဆန္ဒပြနေကြသလို မုံရွာမြို့တွင်လည်း သံဃာတော်များနှင့် ပြည်သူများ မြို့တွင်း ချီတက်ဆန္ဒပြလျက်ရှိသည် ။

Wednesday, November 21, 2012

ဦးသိန်းစိန် မှ ဘန်ကီမွန်းထံသို့ ပေးစာပို့

 ဦးသိန်းစိန် မှ ဘန်ကီမွန်းထံသို့ ပေးစာ
ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာသမ္မတ ဦးသိန်းစိန် ထံမှ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ထံသို့
နိုဝင်ဘာလ ၁၆ ရက်နေ့က ပေးစာတစောင် ပေးပို့ခဲ့သည်။ စာထဲတွင် ဦးသိန်းစိန် က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့
သော ဖျက်ဆီးမှုများ၊ အဓိပ္ပာယ်မဲ့ အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုမြောက်သော လုပ်ရပ်များကို ရှုတ်ချထားပြီး တရားဥပေဒေနှင့်အညီ ကိုင်တွယ် ဖြေရှင်းပေးမည် ဖြစ်ကြောင်း ကတိကဝတ် ပြုထားသည်။

ခံစားချက်များ၊ ရန်လိုမှုများ လျော့ကျသွားသည်နှင့် အငြင်းပွားဖွယ် နိုင်ငံရေး အခြေနေများဖြစ်သည့် ရွှေ့ပြောင်းခံရ
သော လူများအား ပြန်လည်နေရာချပေးခြင်း၊ နိုင်ငံသား အခွင့်ရေးများပေးခြင်း၊ မွေးစာရင်း ပြုလုပ်ပေးခြင်း၊ အလုပ် လုပ် ပါမစ် ထုတ်ပေခြင်း၊ တိုင်းပြည်အတွင်း လွတ်လပ်စွာ သွားလာခွင့် ပေးခြင်းကဲ့သို့ ကိစ္စများကို နိုင်ငံတကာ စံနှုန်းများနှင့် အညီ ပြုလုပ်ပေးသွားရန် ပြင်ဆင်နေကြောင်း ပေးစာထဲတွင် ဖော်ပြထားသည်။

ပဋိပက္ခ ဖြစ်ပွားရာ ဒေသများရှိ ဒေသခံများကို လူသားခြင်း စာနာသော အကူညီများလည်း ဖြည့်ဆည်းပေးရန် သမ္မတ က ကတိကဝတ် ပြုထားပြီး နိုင်ငံတကာအကူညီနှင့် ပူးပေါင်း ဆောင်ရွက်မှုကိုလည်း ရှာဖွေသွားမည်ဟု ဆိုသည်။

နိုဝင်ဘာ ၁၆ရက်နေ့က သမ္မတ ဦးသိန်းစိန်သည် ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များကို သီးခြားတွေ့ဆုံခဲ့သည်။ သမ္မတက သဟဇာတဖြစ်မှုနှင့် ပူပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားရန် ခေါင်းဆောင်များကို အခိုင်အမာ တိုက်တွန်းထားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အဆိုပါတွေ့ဆုံမှုနှင့် သမ္မတထံမှ ပေးစာကို ကြိုဆိုလိုက်သည်။ လမ်းကြောင်းမှန်ပေါ်
ရောက်နေသော ဖြစ်ရပ်အဖြစ် ရှုမြင်ကြောင်း အတွင်းရေးမှူးချုပ်က ဆိုသည်။ နိုင်ငံတကာက စိုးရိမ်ပူပန်နေသော ရခိုင်အရေးနှင့် ပတ်သက်ပြီး မြန်မာအစိုးရ၏ အခိုင်မာ ကတိပြုချက်များကိုလည်း ဘန်ကီမွန်းက ကြိုဆိုလိုက်သည်။ ကုလသမဂ္ဂအနေဖြင့် မြန်မာအစိုးရနှင့်သာမက မြန်မာ ပြည်သူများနှင့်ပါ ပူးပေါင်းပြီး ရခိုင်ပြည်နယ် ပဋိပက္ခ ဖြစ်ပွားရာ
ဒေသရှိ ဒုက္ခသည်များကို ကူညီရန် ထိရောက်သော အစီစဉ်များ ချမှတ်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

Tuesday, November 20, 2012

ပြန်လည်လွတ်မြောက်လာသော ABSDF ရဲဘော် ကိုမောင်မောင်ဦး နှင့် အင်တာဗျူး

ညှဉ်းပန်းမှုတွေ “အကုန် တွန်းလှန်နိုင်ပါတယ်” ဟု နှစ်ကြိုးကျ ABSDF ရဲဘော်ပြော

(ABSDF ရဲဘော် ကိုမောင်မောင်ဦး နှင့် အင်တာဗျူး)

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ-အိန္ဒိယ နယ်စပ် တမူးမြို့နယ်၊ နန့်ဖာလုံဈေးတွင် ၂ဝဝ၆ ခုနှစ်၊ ဇန်နဝါရီလက ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်နေသည်ဟူသော စွပ်စွဲချက်ဖြင့် မန္တလေး-အိုးဘိုထောင်တွင် ကြိုးမိန့် ကျခံထားရသည့်
ကျောင်းသားတပ်မတော် ABSDF မှ ကိုမောင်မောင်ဦး သည် ၇ နှစ်အကြာ နိုဝင်ဘာလ ၁၈ ရက်နေ့ သမ္မတ၏ လွတ်ငြိမ်း သက်သာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။

ထိုစဉ်က ဗုံးပေါက်ကွဲမှု တရားခံ အစစ်အမှန်ကို ဖမ်းဆီးနိုင်ခြင်း မရှိဘဲ ကိုမောင်မောင်ဦး အပါအဝင် ABSDF မှ ရဲဘော် သုံးဦးအား ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

မဏိပူရ လက်နက်ကိုင် အဖွဲ့အစည်း၏ အကူအညီဖြင့် မြန်မာစစ်တပ်က အိန္ဒိယနိုင်ငံ မိုးရေးမြို့သို့ သန်းခေါင်အချိန် တွင် လက်နက်ကိုယ်စီဖြင့် ဝင်ရောက်ကာ ၎င်းတို့အား ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။ တမူးမြို့ဒေသခံ အချို့မှာလည်း သံသယဖြင့် ခေတ္တ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသေးသည်။

mmoထိုဗုံးပေါက်ကွဲမှု စွပ်စွဲချက်ဖြင့် သေဒဏ် နှစ်ထပ်ကွမ်း
ပြစ်ဒဏ်ပေးခံရသူ ယခု အသက် ၄၇ နှစ်အရွယ်ရှိ ကိုမောင်မောင်ဦး အား မဇ္စျိမ က ဆက်သွယ်မေးမြန်း
ထားသည်။

ကျန်းမာရေး အခြေအနေ ပြောပြဦးဗျ။

ထောင်ထဲမှာတော့ ထူးထူးခြားခြား ကျန်းမာရေး ဆိုးရွားတာ မရှိပါဘူးဗျာ။ တောထဲက ပါလာခဲ့တဲ့ ငှက်ဖျားလောက်ပဲ
ပြန်ပြန်ဖြစ်တယ်။ အခုတော့ ကောင်းပါတယ်။

ဘာအမှုနဲ့ ဖမ်းတာလဲဗျ။

သူတို့က လူသတ်မှုလို့ ပြောတယ်။ ဖောက်ခွဲမှုကို
ဖောက်ခွဲမှုလို့ မပြောဘူး။ နောက်ဆုံးတော့ လူသတ်မှု
ဆိုပြီး စွဲတယ်။ ပထမတော့ သေဒဏ်။ နောက်တော့
သေဒဏ်ကနေ ပြောင်းသွားတယ်။ သူတို့က အဲဒီဖြစ်စဉ်မှာ လူနှစ်ယောက် သေတဲ့ အတွက် သေဒဏ် နှစ်ကြိမ် ချလိုက်တာပေါ့။

တကယ်ရော ပါဝင်ပါတ်သက်ပါသလားခင်ဗျ။ အဲဒီအမှုကို ကျူးလွန်တာလားဗျ။

အဲဒီကိစ္စ ကျနော် သိတောင်မသိလိုက်ပါဘူး။

ထောင်တွင်းမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုတွေ ကြုံတွေ့ရပါသလား။

ထောင်ထဲ စရောက်စက ရှိတာပေါ့၊ နောက်ပိုင်းတော့ မရှိတော့ဘူး။ အကုန် တွန်းလှန်နိုင်ပါတယ်။ နယ်စပ်မှာ စအဖမ်းခံရတော့ ကျနော်က ABSDF ရဲ့ မိုးရေးရုံး တာဝန်ခံ လုပ်နေတဲ့ အချိန်မှာ နန့်ဖာလုံဈေးမှာ ပေါက်ကွဲမှု
ဖြစ်တော့ သူတို့ တရားခံ ရှာမရဘူး။ ရှာမရတော့ သူတို့မွေးမြူထားတဲ့ ကသဲ (မဏိပူရ) သူပုန်တွေနဲ့ ဖမ်းခိုင်းတာ။ ဖမ်းပြီးတော့ မြန်မာပြည်ထဲ လွှဲခိုင်းတာ။ လွှဲခါနီး ကျနော်တို့ကို ဘောလုံးကွင်းထဲမှာ မြေကြီးပေါ် မှောက်ပြီး သေနတ်
တွေနဲ့ ထုတာ၊ ရိုက်တာတွေ လုပ်ပါတယ်။ ထိခိုက်ဒဏ်ရာ ရပါတယ်။ နဖူးမှာ ဒဏ်ရာရတယ်။ မျက်နှာမှာ ဒဏ်ရာရတယ်။ ဘယ်ဘက်လက်မှာ ဒဏ်ရာရတယ်။

စစ်ကြောရေးမှာ ဘယ်လောက်ကြာသွားသလဲခင်ဗျ။

စစ်ကြောရေးမှာ တပါတ်ကျော်ကျော်လောက် ကြာတယ်။ သူတို့က ဖိအားပေးပြီး ဇွတ် ဝန်ခံခိုင်းတယ်။ နောက်ဆုံး အခြေအနေအရ မဖြစ်နိုင်တော့လို့ ဝန်ခံလိုက်ရတဲ့ အခြေအနေမှာ တပါတ်လောက် ဖြစ်သွားတယ်။ ဖိအားပေးတာက ဝန်မခံရင် သတ်ပစ်မယ် ဆိုတာက တချက်။ နောက်တချက်က မိသားစု ဒုက္ခပေးမယ်ဆိုတာက တချက်။ မန္တလေးက မိသားစုကို ရည်ရွယ်ပြီး ပြောဟန်မတူဘူး။ မိုးရေးမှာ ကျန်ခဲ့တဲ့ မိသားစုကို ရည်ရွယ်ပြီး ပြောတာဖြစ်ဖို့ များပါတယ်။ ကျနော့် အဖေကတော့ ၁၉၆၂ ခုနှစ်တုန်းက ကျောင်းသားဆိုတော့ အဲဒီတုန်းက ဗမာပြည်ကွန်မြူနစ် ပါတီက ပေါ့။ ၈၈ ခုနှစ်မှာ ကျနော် အိန္ဒိယဘက် တောခိုတော့ ကျနော့်အဖေကို ‘သား တောခိုတာကို အားပေးကူညီမှု’ ဆိုပြီးတော့ ဖမ်းပြီး ထောင် ၁ဝ နှစ် ချပါတယ်။

ထောင်တွင်းမှာ ဘာအခက်အခဲတွေ ရှိခဲ့လဲ။ ဘာအကူအညီတွေ ရခဲ့သလဲဗျ။

အရင် အစပိုင်းကတော့ မရခဲ့ဘူး။ အခုနောက်ပိုင်းမှာ အထူးသဖြင့် NLD နဲ့ နိုင်/ကျဉ်း အဖွဲ့က ငွေကြေးနဲ့ စားစရာ၊
သောက်စရာလေးတွေ ထောက်ပံ့ပါတယ်။ ကျနော်တို့က နိုင်ငံရေးနဲ့ နွှယ်တဲ့သူတွေ၊ သီးသန့်အကျဉ်းသား ဆိုတော့ အပြင် ထွက်ခွင့် မပေးပါဘူး။

ဘာဆက်လုပ်သွားမလဲဗျ။

အခု ကျနော် မြေပေါ်မှာပဲ ဖြစ်သွားတဲ့ အခါကျတော့ NLD ကို ဝိုင်းရံဖို့ပဲ စဉ်းစားတော့တာပေါ့။ တတ်နိုင်တဲ့ဘက်က အုတ်တချပ်၊ သဲ တပွင့်ပေါ့ဗျာ။

သားသမီး၊ ဇနီးတွေနဲ့ ပြန်တွေ့ရပြီလားဗျ။

မတွေ့ရသေးဘူးဗျ။

ဘာကြောင့် ပြန်လွှတ်တယ် ထင်သလဲဗျ။

အမေရိကန် အစိုးရဲ့၊ အိုဘားမားလာတဲ့ ကိစ္စမှာ နားလည်မှု တစုံတရာနဲ့ လွှတ်ပေးတယ်လို့ပဲ ယူဆပါတယ်။ လက်မှတ်ထိုးရပါတယ်။ ပုဒ်မ ၄ဝ၁၊ ၁က အရ လွတ်တယ်။ နောက်ထပ်ပြစ်မှု တစုံတရာ ဖြစ်ရင် ဖြစ်တဲ့ပြစ်ဒဏ်ရော၊ ကျန်တဲ့ ပြစ်ဒဏ်ရော ပေါင်းပြီးခံရမယ်ဆိုပြီးတော့ သိရှိကြောင်း ဆိုပြီးတော့ လက်မှတ်ထိုးရပါတယ်။

လွတ်မြောက်လာတော့ မိဘတွေနဲ့တွေ့တယ်။ အကို့စိတ်ထဲ ဘယ်လိုခံစားရပါသလဲ။

ကျနော် တယောက်တည်း အတွက်တော့ ဝမ်းသာသလိုရှိတယ်။ တကယ်တမ်း ပြောရရင်တော့ ဝမ်းမသာနိုင်တော့ ဘဲ ထောင်ထဲမှာ ဘဝတူတွေ ရှိတယ်။ ကျနော်တို့ ရဲဘော် ရဲဘက်တွေ ကျန်ခဲ့သေးတာကိုး။ အခုဆို ABSDF တဖြစ် လဲ SSA ခြောက်ယောက်၊ KNU က တယောက်၊ မုံးကိုး ကာကွယ်ရေးတပ်က အတွင်းရေးမှူး တယောက်၊ KDA က တယောက်။ သူတို့တွေ ကျန်းမာရေးကတော့ ကောင်းတယ်။ စားရေးသောက်ရေးကတော့ အခက်အခဲ ရှိတာပေါ့ဗျာ။

ဘယ်သူတွေနဲ့ အတူတူ လွတ်လာလဲဗျ။

ကျနော်နဲ့အတူ အောင်သီဟ၊ ကျနော်တို့ ABSDF တောင်ပိုင်းမှာ အရင်တုန်းက ကိုမိုးသီးဇွန် ရဲ့ PD 21 (Political Defence) နိုင်ငံရေး အံတုမှု ကပေါ့ဗျာ။ ဗကသ၊ NLD (LA) က ကိုကျော်ထွေး ခေါ် ဂျပန်ကြီး၊ စိုင်းလှကျော်၊ နောက် ကျနော် စုစုပေါင်း လေးယောက်။

ဘာဖြည့်စွက် ပြောကြားချင်ပါသေးသလဲ။

ကျနော်တို့ဗျာ ကိုယ့်နိုင်ငံသား အချင်းချင်း၊ ဒီလူတွေကို ပြစ်ဒဏ်နဲ့ ပြစ်မှု ကိုက်ညီသလား၊ တကယ်စေတနာ ရှိသလား။ ပြစ်မှု၊ ပြစ်ဒဏ် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးသင့်ပါတယ်။ သူတို့ကိုလည်း လွှတ်သင့်ပါတယ်လို့ ကျနော် အနေနဲ့ ဖြည့်စွက်ပြောချင်ပါတယ်။ ဒီအချိန်မှာ ဒါမျိုးတွေ မရှိသင့်တော့ပါဘူးဗျာ။

ကြေးနီတောင် စီမံကိန်း ဖျက်သိမ်းရန် သံဃာနှင့် တောင်သူ သပိတ်စခန်းများဖွင့်လှစ်တိုက်ပွဲဝင်လျှက်ရှိ

 ကြေးနီတောင် စီမံကိန်း ဖျက်သိမ်းရန် သံဃာနှင့် တောင်သူ သပိတ်စခန်းများ ဖွင့်

ချင်းမိုင်၊ စံခလပူရီ (မဇ္စျိမ) ။ ။ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် သံဃာ အပါး ၃ဝဝ ခန့် အပါအဝင် လယ်မြေ သိမ်းခံ ၂၆ ရွာမှ လယ်သမားက သပိတ်စခန်း လေးခု ဖွင့်၍ လက်ပံတောင်း ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းရေး ဆန္ဒပြနေရာ အင်္ဂါနေ့တွင် လေးရက်မြောက်ပြီ ဖြစ်ကြောင်း ဆည်တဲကျေးရွာ အောင်မြေမြင်သာ ကျောင်းတိုက်မှ ဦးပဉ္ဇင်း ဦးနန္ဒာစာရ က မိန့်သည်။

နိုဝင်ဘာလ ၁၇ ရက်နေ့မှ စတင်ကာ ဖော်ထုတ်နေရာ တနင်္လာနေ့တွင် မန္တလေး၊ မုံရွာ၊ ပခုက္ကူ စသည့် မြို့နယ်များမှ သံဃာ အပါး ၃ဝဝ ကျော် ကြွရောက်လာ၍ ဒေသခံ လယ်သမား တထောင်ကျော်နှင့် ပူးပေါင်းကာ ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းရန် သပိတ်တား ဆန္ဒပြနေကြခြင်း ဖြစ်သည်။
laepatoungdemo“သပိတ်စခန်း ဖွင့်တာ ဒီနေ့ရောဆိုရင် လေးရက်မြောက်ရှိသွားပြီ။ ဒီစီမံကိန်းကြီးကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ပြီး ဆန္ဒပြ
ကြတာ။ မရပ်မဆိုင်းချင်း အဲဒီမှာ ဆန္ဒပြမယ်ဆိုပြီးတော့ ဆုံးဖြတ်ထားကြတယ်။ သုံးရက်မြောက်မှာ သံဃာတွေ ပါလာတယ်။ သပိတ်ဆန္ဒ ဖော်နေကြတာ” ဟု ဦးပဉ္ဇင်းက မဇ္ဈိမကို မိန့်ကြားသည်။

လက်ပံတောင်း တောင်ကြားတွင် သပိတ်စခန်းတခု၊ ဝမ်ပေါင် စီမံကိန်းရှေ့တွင် တခု၊ ညောင်ပင်ကြီး ကျေးရွာ ကားလမ်းပေါ်တွင် တခု၊ ပုသိမ်-မုံရွာကားလမ်းပေါ် တခု၊ ထိုသို့ သပိတ်စခန်း လေးခုကို မိုးကာတဲများထိုးကာ ဖွင့်လှစ်ထားကြောင်း ဝက်မှေးကျေးရွာမှ မအေးနက် က ပြောသည်။

“လက်ပံတောင်းတောင် လုံးဝ ဖျက်သိမ်း ရပ်ဆိုင်းရေး၊ တောင်သူလယ်သမားတွေရဲ့ လယ်တွေကို မတရား သိမ်းပိုက်တာတွေ ဖျက်သိမ်းရေး၊ တနိုင်ငံလုံး မတရား သိမ်းပိုက်ခြင်း ဖျက်သိမ်းရေး စာတမ်းတွေနဲ့ ကြွေးကြော် ဆန္ဒဖော်ထုတ်နေတယ်၊ တရားလည်း ထိုင်တယ်၊ ကြွေးကြော်တယ်” ဟု မဇ္ဈိမကို ပြောသည်။

ဆိုင်းဘုတ်ကို ကိုင်ဆောင်၍ သံဃာများက ရှေ့မှ စီတန်းလှည့်လည်ကာ မေတ္တာသုတ် ရွတ်ဆိုခဲ့ပြီး လယ်သမားများ က စီမံကိန်း ရပ်ဆိုင်းရေး ကြွေးကြော်ကြသည်။

အင်္ဂါနေ့တွင်လည်း ပခုက္ကူမြို့နယ်မှ သံဃာတော် အပါး ၆ဝ ထပ်မံကြွရောက်လာမည်ဟု ဆိုသည်။

သပိတ်တားသည့်အနေဖြင့် စီမံကိန်း ကားများ ဝင်ရောက်လာလျှင် ကားတန်း ရှေ့မှ ပိတ်၍ ရပ်ခြင်း၊ ထိုထက် ဆိုးလာပါက ကားလမ်းမ၌ မှောက်၍ လှဲအိပ် ခြင်းဖြင့် စီမံကိန်း ယန္တရား စက်ကြီးများ မလည်ပတ် နိုင်အောင် တားမြစ် ဆန္ဒပြလျက် ရှိသည်။ ထိုအခြေအနေမျိုးတွင် ကုမ္ပဏီ ဝန်ထမ်းများက ကားများ ထားရစ်ခဲ့ကာ ပြန်သွားတတ်သည်ဟု ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် ကျောင်းသားများကွန်ယက်မှ ကိုသော်ဇင် က ပြောသည်။
laepatoungdemo1ဆန္ဒပြသူများက မြန်မာ ဝမ်ပေါင် ကုမ္ပဏီအား လာရောက် တွေ့ဆုံဖြေရှင်းရန် တောင်းဆိုထားသော်လည်း ကုမ္ပဏီမှ လာရောက် တွေ့ဆုံခြင်း မရှိသေးပေ။

“သူတို့ ကတော့ လုံးဝ ရှောင်နေတယ်။ သူတို့ကို ကျနော်တို့ သွားတားလို့၊ ပြောလို့ရှိရင်လည်း ကျနော်တို့ကိုလည်း ဦးပိုင် က ခိုင်းလို့ အဲလိုပဲ စကားပြန်က ပြန်ပြောတာပဲ ရှိတယ်” ဟု မဇ္ဈိမကို ပြောသည်။

သပိတ်စခန်းများအတွက် ဆေးဝါး၊ အစားအသောက်နှင့် ရေများ သယ်ဆောင်လာသည့် ကားတန်းများအား အာဏာပိုင်များက တားမြစ်ခြင်း ရှိသော်လည်း ဆန္ဒပြသူများနှင့် အာဏာပိုင်တို့အကြား ကြီးကြီးမားမား ပြဿနာ
ဖြစ်ပွားမှု မရှိခဲ့သေးပေ။

ကြေးနီတောင် စီမံကိန်းမှာ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု ဆန်းစစ်ချက် အစီရင်ခံစာ (EIA , Environmental Impact Assessment) ထွက်ရှိလာခြင်း မရှိသေးဟုလည်း ကိုသော်ဇင် က ပြောသည်။

“ဒီလိုနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တော့မယ်ဆိုရင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အစီရင်ခံစာတွေ မထွက်သရွေ့ လုပ်ကိုင်လို့ မရသေးဘူး။ ကျနော်တို့ နိုင်ငံမှာက အစီရင်ခံစာတွေ တခုမှ မရှိသေးဘူး။ ဒီအစီရင်ခံစာက ၂ဝ၁၃ ခုနှစ်၊ မတ်လမှ ထွက်မယ်ဆိုတာ ကျနော်တို့နိုင်ငံ သမ္မတကြီးနှင့်တကွ နိုင်ငံ အုပ်ချုပ်နေတဲ့ အစိုးရ တရပ်က မသိတာလား မသိချင်ယောင် ဆောင်နေတာလားတော့ မပြောတတ်ဘူး” ဟု ကိုသော်ဇင် က မဇ္ဈိမကို ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ အစိုးရဘက်မှ စီစဉ်ဆောင်ရွက်နေမှု အခြေအနေများ သိရှိနိုင်ရန်အတွက် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူး ရုံးသို့ ဆက်သွယ် မေးမြန်းခဲ့ရာ သာမန် စာရေး ဝန်ထမ်း ဦးဝင်းနိုင်ထွေး သာ ရှိ၍ ၎င်းအနေဖြင့် မပြောကြားနိုင်ကြောင်းနှင့် အစိုးရ အဖွဲ့ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းလွင် အား ဆက်လက်၍ ဆက်သွယ်မေးမြန်းခဲ့သော်လည်း “ကျနော်က မသိဘူး ခင်ဗျ။ အိမ်က ဆိုတော့လေ။ ရုံးလုပ်ငန်းက သူတို့ပဲ လုပ်ကြတာဆိုတော့” ဟုသာ ဖြေကြားခဲ့သည်။

မြန်မာ့စီးပွားရေး ဦးပိုင် လိမိတက်နှင့် တရုတ် ဝမ်ပေါင် ကုမ္ပဏီတို့သည် ကြေးနီ စီမံကိန်းအတွက် ဒေသခံ လယ်သမားများ၏ လယ်ယာမြေ ဧက ၇,၈ဝဝ ကျော် သိမ်းပိုက်လိုက်သဖြင့် လယ်သမားများ မကျေနပ်၍ ဇွန်လမှ စက်တင်ဘာလအထိ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။

ကုမ္ပဏီက စီမံကိန်း ရပ်ဆိုင်းခြင်းဘဲ ဒေသခံများ ကျန်မာရေး ထိခိုက်လာနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီး ဆုံးရှုံးနိုင်ခြင်း၊ ဘာသာရေးအရ လယ်ဒီ ဆရာတော်ကြီး တရားကျင့်ခဲ့ရာ သိမ်နေရာလည်း ပျောက်ပျက်သွားနိုင်၍
ဒေသခံများက ထပ်မံဆန္ဒပြနေကြခြင်း ဖြစ်သည်။

Monday, November 19, 2012

လွှတ်တော်အထက်မှာ ဘယ်သူမှ မရှိဘူးလား


ယခုလပိုင်း လွှတ်တော်အတွင်းတွင် ကိုယ်စားလှယ်များနှင့် အခြေခံဥပဒေ ခုံရုံးတို့အကြား အငြင်းပွားမှု၏ နိဂုံးသည် သမ္မတကြီး ဦးသိန်းစိန်၏ ခုံရုံးအဖွဲ့ဝင် ကိုးဦးကို ရာထူးမှ နှုတ်ထွက်ခွင့်ပြုဆိုသည့် ကြေညာချက်ဖြင့် အဆုံးသတ်သွား ပြီဟု ခန့်မှန်းရသော်လည်း ထိုအရေးကိစ္စ၏ နောက်ဆက်တွဲတွင် လွှတ်တော်ကို သမ္မတက မလွန်ဆန်နိုင်ဟူသော ယူဆချက် ပေါ်ပေါက်လာသည်။

ခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင် ၈ ဦးတို့သည် လွှတ်တော်မှ တင်သွင်းသည့် ရေးရာကော်မတီများကို ပြည်ထောင်စု အဆင့် သတ်မှတ်ပေးရေးနှင့် ပတ်သက်ပြီး ဥပဒေပိုင်းဆိုင်ရာ အထောက်အထား အခိုင်အမာ ပြသကာ ပေးနိုင်ခွင့် မရှိကြောင်း ရပ်တည်ချက်ကြောင့် လွှတ်တော်နှစ်ရပ်အတွင်း ထိုအရေးကိစ္စကိုသာ ပြီးခဲ့သည့် သြဂုတ်လ တစ်လလုံး နီးပါး ဆွေးနွေးတင်ပြနေခဲ့ကြသည်။

လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ၏ တင်ပြချက်များ၏ နောက်ဆုံးတွင် ပြည်ထောင်စုအဆင့်ဟူသည့် စကားရပ်
ဖြင့်သာ ပြီးဆုံးသောကြောင့် ခုံရုံးအဖွဲ့ဝင်များနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ရာမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကိုယ်တိုင်က သမ္မတကြီးကို ဖြေရှင်းစေချင်သည့် အရေး၊ သမ္မတကြီးအနေဖြင့် ထိုအရေးကိစ္စကို လွှတ်တော်ကိုယ်စားလှယ်များ သဘောကျ မကိုင်တွယ်နိုင်ပါက သမ္မတကိုယ်တိုင် ပြစ်တင်ဝေဖန်ခံရကာ နောက်ဆုံးတွင် စစ်တပ်က အာဏာ
ပြန်သိမ်းတော့မည်လားဟူသော ထင်မြင်ယူဆချက်များ ထွက်ပေါ်လာအပြီး သမ္မတကြီးက အဆိုပါ ခုံရုံးအဖွဲ့ဝင်များကို ရာထူးမှ စက်တင်ဘာလ ၆ ရက် နေ့စွဲဖြင့် ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်သည်။

အဆိုပါကြေညာချက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၃၁နှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၂၈ ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော် အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် ခုံရုံးအဖွဲ့ဝင်များကို ယင်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်ဟု ဖော်ပြ ပါရှိသည်။

အဆိုပါ ကြေညာချက် မထွက်ရှိချိန်တွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို ပြည်ထောင်စု လွှတ်တော်၏ ခုံရုံးအပေါ် စွပ်စွဲချက် သမ္မတက ဆောင်ရွက်မပေးပါက သမ္မတကိုပါ စွပ်စွဲပြစ်တင်မှုတွေ ရှိလာနိုင်တယ်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြီးခဲ့တဲ့ အပတ်ကပဲ ပြည်တွင်းမီဒီယာ အချို့ကို ပြောဆိုခဲ့ဘူးသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာသော သမ္မတဖြစ်ပါက ခုံရုံးကို စာထုတ်ပြီး နှုတ်ထွက်ရန် အကြောင်းကြားသင့်
ကြောင်း၊ သို့မဟုတ်ပါက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်သည့် သမ္မတအဖြစ် စွပ်စွဲသည့် လမ်းစဉ်ကို
ဆောင်ရွက်မည်ဟု ယင်းက ပြောဆိုခဲ့သည်။

အဆိုပါ အငြင်းပွားမှုအကြားတွင် တပ်မတော်သား ကိုယ်စားလှယ်များ၏ ရပ်တည်မှုသည် အဖြူအမည်း သဲကွဲသွားပြီး ခုံရုံးဘက်တွင် ရပ်တည်နေခြင်းသည် အခြေခံဥပဒေကို ပြင်ဆင်လိုသည့် အချို့သော လွှတ်တော် ကိုယ်စားလှယ်
တော်ကြီးများ အတွက်များစွာ အဟန့်အတား ဖြစ်နေသည့်သဖွယ်လည်း ရှုမြင်ကြသည်။

“အခြေခံဥပဒေဆိုတာ အမြင့်ဆုံးဥပဒေပါ။ အခုအခြေအနေအရ အခြေခံဥပဒေကို ပြင်တာထက် လိုအပ်တာတွေ
ဖြည့်ရမယ့်အချိန် ရောက်နေပြီဆိုတာ အသေအချာပဲ” ဟု ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်ကလည်း ပြောသည်။

သို့သော် ပြီးခဲ့သည့် အပတ်အတွင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက လွှတ်တော်နှင့် ခုံရုံး အကြားဖြစ်ပွားနေသည့် အငြင်းပွားမှု အဆိုကို ပိုမိုတည်ရန် ဆွေးနွေးပြောဆိုခဲ့ပြီး လွှတ်တော်၏ အထက်တွင် မိုးကောင်းကင်ကြီးသာရှိတော့သည်ဟု မာန်အပြည့်နှင့် ပြောကြားသွားပုံကို စကိုင်းနက် လွှတ်တော်ချန်နယ်တွင်
မြင်လိုက်ရသူများက ဆိုသည်။

တရားစီရင်ရေး မဏ္ဍိုင်၊အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် ဥပဒေပြုရေး မဏ္ဍိုင်တို့ တစ်ခုနှင့်တစ်ခု လိုအပ်သည်များကို ထောက်ပြ
ပြောဆိုရမည်ဖြစ် သော်လည်း မည်သူသည် ပိုမို အဆင့်မြင့်သည်ဟူသော ယူဆချက်များကိုသာ တရားသေ ဆုတ်ကိုင်
ပြောဆိုနေခြင်းသည် ပြည်သူများက အမှန်တကယ်လိုလားသည့် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒများ ဟုတ်ပါသလားဟု
ပြည်သူများက မီဒီယာများမှ တဆင့် မေးမြန်းလာကြသည်။

ထို့ပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တက်လာသည့် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး စတင် တင်သွင်း သည့် ပြည်ထောင်စုအဆင့်ဆိုသည့် စကားရပ်နှင့် အဆိုကို အတိုက်အခံပါတီအဖြစ် ရပ်တည်ကာ လွှတ်တော်အတွင်း
ရောက်ရှိနေခဲ့သည့် အမျိုးသားဒီမိုကရေစီပါတီဝင်များ ပါဝင်ထောက်ခံခြင်းကိုလည်း စောင့်ကြည့်သူ အများစုက ယင်းတို့၏ ရပ်တည်ချက် ဘာလဲဟု မေးခွန်းထုတ်လာကြသည်။

“အန်န်အယ်လ်ဒီက ဘာလို့ဝင်ပြီး လက်မှတ်ထိုးထောက်ခံရတာလဲ။ ပြည်ထောင်စုအဆင့်ရရင် ရနိုင်မယ့် အခွင့်အရေး
တွေကို မက်လို့လား။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ တစ်ဘက်နဲ့ တစ်ဘက် ညှိနှိုင်းကြဖို့ကိုတော့ လက်ခံပါတယ်။ ဒါပေမယ့် အတိုက်အခံကြောင့် မဟုတ်ပဲ အချင်းချင်း ကွဲကြပြဲကြတာကတော့ ကြည့်ရတာ လွှတ်တော်က အာဏာ လုပွဲနဲ့ တူနေတယ်။” ဟု ဗဟန်းမြို့နယ်မှ အထက်တန်းရှေ့နေတစ်ဦးက ဆိုသည်။

ထိုပြသာနာရပ်၏ နောက်ဆက်တွဲတွင် စဉ်းစားရမည့် အချက်မှာ နောင်တွင် လွှတ်တော်နှင့် အစိုးရအဖွဲ့တို့ ထိပ်တိုက်
တွေ့တိုင်း လွှတ်တော်၏ မဲခွဲစီရင်ဆုံးဖြတ်သည့် အနှိုင်အရှုံးတိုင်းကို သမ္မတကြီးက လက်ခံဆောင်ရွက်ရမည်လားဆို သည့် မေးခွန်းပင် ဖြစ်ပါသည်။

လက်ရှိလွှတ်တော်နှင့် အစိုးရ ရပ်တည်မှုကို လေ့လာနေသူအချို့၏ အဆိုအရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် နိုင်ငံတော် သမ္မတကြီး အကြားတွင် ထိပ်တိုက်တွေ့ရသည့် ဖြစ်ရပ်များသည် ယခုခုံရုံးကိစ္စ မတိုင်မီကပင် ရှိနေခဲ့ကြောင်း၊ ရည်ရွယ်ချက်ရှိရှိဖြင့် ထိုးနှက်နေသလားဟုပင် ယူဆရသည်ဟု ဆိုကြသည်။

“မှတ်မိသလောက်ဆိုရင် အစိုးရ ဝန်ထမ်းတွေ လစာကိစ္စ သမ္မတကြီး ရင်ဆိုင်ခဲ့ရဘူးတယ်။ နောက်တိုင်းရင်းသား အရေး၊ အခုနောက်ဆုံး ဝန်ကြီးတွေ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီးလည်း ဝေဖန်ခံရတယ်။ ဒီလိုအပြန်အလှန် ဖြေရှင်း
ပြောဆိုကြတာ ဒီမိုကရေစီအရေးမှာ အားတက်စရာပါ။ ဒါပေမယ့် အားလွန်ပြီး နောက်ကြောင်းပြန်လှည့်မှာပဲ စိုးရိမ်ရ တယ်” အဆိုပါ အထက်တန်းရှေ့နေက ပြောသည်။

“ဒါကိုကြည့်ခြင်းအားဖြင့် သမ္မတဟာ လွှတ်တော်နဲ့ ထိပ်တိုက်မတွေ့ချင်တော့ဘူးဆိုတဲ့ သဘော သက်ရောက်နေတာ
တွေ့ရတယ်။ သမ္မတဟာ အမှန်တရားဘက်က ရပ်မလား၊ ဒါမှမဟုတ် မဲအရေအတွက်နဲ့ ဆုံးဖြတ်တဲ့ အနိုင်အရှုံးဘက် က ရပ်မလားဆိုတာ ကြည့်နေတာ၊ အခုတော့ သူလည်း ရေရှည်အတွက် လွှတ်တော်နဲ့ ထိပ်တိုက်မတွေ့ချင်လို့
ဖြစ်မယ်” ဟု လက်ရှိနိုင်ငံရေးကို လေ့လာနေသည့် ယခင် ဆိုရှယ်လစ်လမ်းစဉ် ပါတီဝင်ဟောင်း တစ်ဦးကလည်း မှတ်ချက်ချသည်။

သူကဆက်လက်ပြောသည်မှာ ယခုလို သမတက မလွန်ဆန်နိုင်သည့် လွှတ်တော်က တရားရေးကဏ္ဍကိုလည်း လစ်လျူရှုလာမည် ဆိုပါက မြန်မာနိုင်ငံ၏ ရေရှည် တရားစီရင်ရေး မဏ္ဍိုင် ပျက်ပြားသွားကာ ထိန်းသိမ်းမရသည့် အနေအထားသို့ ရောက်ရှိမည်ကို စိုးရိမ်မိသည်ဟု ဆိုသည်။

“အချို့အချို့သောအကျင့်ပျက် တရားရေး ဝန်ထမ်းအချို့ကြောင့် တရားစီရင်ရေးကဏ္ဍ နာမည်ပျက်နေတာ ရှိပါတယ်။ ဒါပေမယ့် တစ်ခု သတိထားရမှာက၊ လွှတ်တော်အပေါ်ကို ပြန်လည် ထိန်းကွပ်မယ့် တရားရေးမဏ္ဍိုင် ပျက်ပြယ်ရင်
နောင်ဘာဖြစ်လာမလဲ” ဟု သူက ဆက်လက် မေးခွန်းထုတ်သည်။

မြန်မာနိုင်ငံတွင် တပ်မတော်က အစိုးရအာဏာကို ပြန်လည်သိမ်းခဲ့သည့် ဖြစ်ရပ် နှစ်ကြိမ်ရှိခဲ့ကြောင်း၊ ၁၉၆၂နှင့် ၁၉၈၈တို့တွင် ဖြစ်ကြောင်း၊ ဖြစ်ရပ်များတွင် အချင်းချင်း မညီညွတ်သော လွှတ်တော်ကိုယ်စားလှယ်များကို ထိုခေတ် ကာလက တွေ့ရကြောင်း၊ ထို့ကြောင့် ယခုအကြိမ်တွင်လည်း အမှိုက်ကစတင်ပြီ ပြသာဒ်မီးလောင်ကာ နောက်ကြောင်း
ပြန်လှည့်စေမည့် အရေးတို့ကို သတိထားဖို့လိုကြောင်း သူက ဖြည့်စွက်ပြောခဲ့သည်။

ထပ်မံသတိထားရမည့် အချက်တစ်ချက်မှာလည်း ဒီမိုကရေစီအရေး လှုပ်ရှားနေသူများအကြားတွင် အတိုက်အခံ မဟုတ်ပဲ အချင်းချင်း အာဏာကြောင့် အပြန်အလှန် အငြင်းပွားလှုပ်ရှားနေမှုသည် သဘာဝကျကျ ဖြစ်ပေါ်လာ
ခြင်းလား၊ သို့တည်းမဟုတ် ဖန်တီးထားသော ဖြစ်ရပ်လားဆိုသည်ကိုလည်း ဒီမိုကရေစီအရေး ဆောင်ရွက်နေသူများ အလေးထားရမည့်အကြောင်းကို ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင် က သတိပေး ပြောကြားခဲ့ဘူး သည်။

ကြိုးမိန့်ကျ ABSDF ရဲဘော် ပြန်လွတ်မြောက်လာ



နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ-အိန္ဒိယ နယ်စပ် တမူး-နန့်ဖာလုံဈေးတွင် ၂ဝဝ၆ ခုနှစ် ဇန်နဝါရီလက ဗုံးပေါက်ကွဲမှု
နှင့် ပတ်သက်နေသည်ဟု စွပ်စွဲချက်ဖြင့် မန္တလေး-အိုးဘို ထောင်အတွင်း ကြိုးမိန့်ပေး ခံထားရသည့် ABSDF (အနောက်ဖက်ဒေသ) မှ မိုးရေးရုံးတာဝန်ခံ ကိုမောင်မောင်ဦး အား နိုဝင်ဘာလ ၁၈ ရက်နေ့ သမ္မတ၏ လွတ်ငြိမ်း သက်သာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာပြီဟု ညီမဖြစ်သူ က အတည်ပြု ပြောကြားသည်။

“ကိုမောင်မောင်ဦး လွှတ်ပြီဗျ။ မနက် ၁ဝ နာရီလောက်က။ ကျန်းမာရေးကတော့ ကောင်းပါတယ်။ ထောင်ထဲမှာ ၇ နှစ် နီးပါးပေါ့။ ဝမ်းသာတာပေါ့ဗျာ။ ပျော်တာပေါ့ဗျာ။ ကိုကို က ၈၈ ခုနှစ်ထဲက အခုမှ တွေ့ရမှာဆိုတော့ ဘယ်လို
ပြောရမှန်းတောင် မသိတော့ပါဘူး။ ပုဒ်မကတော့ ၄ ခု တပ်ထားတာပဲ။ အိုးဖို အကျဉ်းဦးစီးကနေ လွတ်လာတာ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လာခေါ်သွားတယ်ဗျ” ဟု မဇ္ဈိမကို ပြောသည်။

အိန္ဒိယ ဒေသခံ မဏိပူရ လက်နက်ကိုင် အဖွဲ့အစည်း၏ အကူအညီဖြင့် မြန်မာစစ်တပ်က အိန္ဒိယနိုင်ငံ မိုးရေးမြို့သို့ ညအချိန်တွင် တရားမဝင် ဝင်ရောက်ကာ ABSDF (အနောက်ဖက်ဒေ) မှ အိန္ဒိယ- မြန်မာနယ်စပ် မိုးရေးရုံးတာဝန်ခံ ကိုမောင်မောင်ဦး အား ဇန်နဝါရီလအတွင်းက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ဗုံးပေါက်ကွဲမှုမှာ ABSDF ပါဝင်ပတ်သတ်နေသည် ဆိုသည့် စွဲချက်ဖြင့် ကိုမောင်မောင်ဦး အား ကြိုးမိန့် ပေးထား
ခြင်း ဖြစ်သည်။

မြန်မာပြည်အတွင်း ဗုံးပေါက်ကွဲမှုများတွင် တရားခံအစစ်အမှန်ကို ဖမ်းဆီးနိုင်ခြင်း မရှိဘဲ နိုင်ငံရေး ယုံကြည်ချက်အရ နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်နေတဲသူများအား စွပ်စွဲကာ ပြစ်ဒဏ်များ ချမှတ်လေ့ရှိခဲ့သည်။

ထိုအမှုတွဲတွင် ပါဝင်သူ ကိုချစ်သိန်းထွန်း၊ မနှင်းနှင်း(ကိုချစ်သိန်းထွန်း၏ ဇနီး)နှင့် သမီး အိပိုပို၊ ကိုဖိုးဇော်၊ မအေးမြတ်မာ (ကိုဖိုးဇော်၏ ဇနီး) တို့ကိုပါ ဖမ်းဆီးကာ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံခဲ့ကြရပြီး ၎င်းတို့မှာ ၂ဝဝ၉ ခုနှစ်၊ စက်တင်ဘာလ က ပြန်လည် လွတ်မြောက်လာကြပြီး ဖြစ်သည်။

Friday, November 2, 2012

၈၈ မျိုးဆက်အဖွဲ့နှင့် ABSDF တွေ့မည်

၈၈ မျိုးဆက်အဖွဲ့နှင့် ABSDF တွေ့မည်

Friday, November 02, 2012zarny win


၈၈ မျိုးဆက်အဖွဲ့နှင့် ABSDF တွေ့မည

ထိုင်းနိုင်ငံတွင် ဘန်ကောက်မြို့သို့ ယနေ့ရောက်ရှိလာသည့် အဖွဲ့ဝင် ၈ ဦးပါ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့သည် ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ခေါင်းဆောင်များနှင့် တွေဆုံ ဆွေးနွေးမည် ဖြစ်သည်။
ABSDF ဒု ဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက”ဒီခရီးစဉ်မှာ သူတို့ ကျွန်တော်တို့နဲ့ ဆွေးနွေးဘို့ ရှိတယ်။ အဓိက လက်ရှိနိုင်ငံရေး အခင်းအကျင်းကိစ္စ၊ ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အဖွဲ့ရဲ့ မူဝါဒတွေကို တင်ပြပြီး ဘယ်လို လက်တွဲပူးပေါင်းလို့ရမလဲ ဆိုတာတွေကို ဆွေးနွေးသွားဘို့ရှိတယ်” ဧရာဝတီသတင်းဌာနကို ပြောသည် ။
ABSDF ကျောင်းသားတပ်မတော်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုအပြီး နယ်စပ်
ဒေသသို့ ရောက်ရှိသွားသော ကျောင်းသားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ယခု ၎င်းတို့ တွေ့ဆုံမည့် ၈၈ အဖွဲ့နှင့် မျိုးဆက် တခုတည်း ဖြစ်သည်။

ထိုင်းခရီးစဉ်တွင် ပါဝင်သည့် ၈၈ အဖွဲ့ ကိုယ်စားလှယ်များ
ကိုမြအေး၊ ကိုပြုံးချို၊
ကိုအံ့ဘွယ်ကျော်၊ ကိုထွန်းမြင့်အောင်၊
ကိုစိုးထွန်း၊ မမီမီလွင်၊ မစမ်းစမ်းမော်
၈၈ အဖွဲ့၏ ခရီးစဉ်အတွင်း မြန်မာတိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံနှင့်လည်း ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်း အပါအ၀င် အကြောင်းအရာအများအပြား ဆွေးနွေးသွားရန်ရှိသည်ဟု သိရသည် ။
၎င်းတို့အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တွေ့ဆုံလိုသော်လည်း ခေါင်း
ဆောင်များ အားလုံး ဗဟိုကော်မတီအစည်းအဝေး တက်ရောက်နေသဖြင့် တွေ့ဆုံမည့် အစီအစဉ်ကို ရပ်ဆိုင်းထားရသည်ဟု KNU ဘက်မှ တာဝန်ရှိသူ တဦးက ပြောသည် ။
၈၈ မျိုးဆက်အဖွဲ့ ကိုယ်စားလှယ်များသည် ယခုလ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ နေထိုင်
မည်ဖြစ်ပြီး ခရီးစဉ်အတွင်း ဘန်ကောက်၊ ချင်းမိုင်နှင့် အခြားဒေသအချို့ကို သွားရောက်ပြီး မြန်မာ့အရေး ဆောင်ရွက်နေသည့် အဖွဲ့များနှင့် တွေဆုံရန်ရှိသည်ဟု သိရသည် ။
ရန်ကုန်မြို့ အခြေစိုက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည်ပြီးခဲ့သည့် နှစ်များ
အတွင်း ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးလှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည် ။
အများစုမှာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး လူထုလှုပ်ရှားမှုတွင် ကျောင်းသား ခေါင်း ဆောင်များအဖြစ် ပါဝင်ခဲ့ကြသည် ။
ဒီမိုကရေစီဖော်ဆောင်နေသော မြန်မာပြည်၏ အထင်ကရ အင်အားစုတခု အဖြစ် လှုပ်ရှားလျက်ရှိသည်။