Monday, May 2, 2011

ဆင်ကြံ ကြံသူတွေရဲ့ အကြံပေးအဖွဲ့

ရဲဘော်ဖိုးသံချောင်း | တနင်္လာနေ့၊ မေလ ၀၂ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၂၉ မိနစ်

ဗမာပြည်ရဲ့နောက်ဆုံးပေါ် အရပ်ဝတ် စစ်အစိုးရက အကြံပေးအဖွဲ့ဆိုတာကို ဖော်ထုတ်လိုက်ပြန်ပြီ။ မျက်လှည့်ဆရာရဲ့ ဦးထုပ်မည်းကြီးထဲက ယုန်ဖြူလေးတကောင် ခုန်ထွက်လာတာကို သတိရမိစေပါတယ်။

ဒီအစိုးရဟာ သူတို့ကို အခုလို အကြံပေးအဖွဲ့ ပေးပါလို့ အကြံပေးတဲ့ လူမျိုးတွေဆီက အကြံဉာဏ်တွေကိုပဲ အဓိကထား ရယူနေမှာပါ။ ကျန်တဲ့ လူတွေကိုတော့ လျှာပြတ်အောင် ပြောဦးတော့ ...
အကြံပေးအဖွဲ့ ရှိတယ်ဆိုတာနဲ့ပဲ အစိုးရတရပ်ဟာ လူထုအမြင်ကို လေးစားတဲ့၊ ဒီမိုကရေစီဆန်တဲ့ အစိုးရ ဖြစ်သွားရောတဲ့လား။ လွှတ်တော်သုံးရပ်၊ ဝန်ကြီးအဖွဲ့ အမျိုးမျိုး၊ ရာဂဏန်းရှိတဲ့ ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေ၊ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရးကောင်စီ စတာတွေ ရှိနေပြီးတာတောင်မှ အကြံပေးအဖွဲ့ သီးသန့် ဖွဲ့နေရတယ်ဆိုတော့ ပြောခဲ့တဲ့ များပြားလှတဲ့ အဆောက်အအုံတွေက မပြည်စုံ၊ မလုံလောက်လို့လား စဉ်းစားစရာဖြစ်မနေဘူးလား။ ဒါလောက် များပြားတဲ့လူတွေ (ပညာတတ်တွေအများကြီးပါတယ်)မှာ အကြံဉာဏ်ကောင်းမလုံလောက်ဘူးလား။ မရှိဘူးလား။ ဒီအရပ်ဝတ် စစ်အစိုးရဟာ ကိုယ့်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ် စသူတွေကို အားမရ၊ မကျေနပ်ဘူးလား။

ဗမာပြည်သမိုင်းမှာ လူသိအများဆုံး အကြံပေးအဖွဲ့ အခုက ၁၉၆၈-၆၉ ခုနှစ်မှာ ဦးနေဝင်းရဲ့ “၃၃ ဦးကော်မတီ” ဆိုတာပဲ။ နာမည် အပြည့်အစုံက “ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်တွင်း ညီညွတ်ရေးအဖွဲ့” ဖြစ်ပါတယ်။ အဲဒီကော်မတီ ဘာတွေ လုပ်ခဲ့တယ်၊ ဘယ်လို အဆုံးသတ်ခဲ့တယ် ဆိုတာ အားလုံးအသိမို့ အထူးပြောစရာ မလိုတော့ပါဘူး။ အဲဒီကော်မတီ မတိုင်မီလေး တင်မှာပဲ မဆလအစိုးရဟာ နိုင်ငံရေး အကျဉ်းသမားတွေကို ကိုကိုးကျွန်းပို့တာ၊ ပြည်တွင်းစစ်ကို အပြတ်အသတ် ဖိတိုက်တာတွေ လုပ်ပြီး တပြည်လုံးကို ဖိနှိပ်နေချိန်ဖြစ်ပါတယ်။ ကျွန်းဆွယ် အရေးအခင်းကလည်း ဒီကာလနဲ့ မရှေး မနှောင်းမှာ ပေါ်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီး မဆလပါတီကို အမတေပါတီကနေ ပြည်သူ့ပါတီအဖြစ် ပြောင်းတယ် ဆိုတာလည်း လုပ်ခဲ့ပါတယ်။

အဲဒီလိုနောက်ခံကားအောက်မှာ ဦးနေဝင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာကို ရေးဆွဲဖို့ လုပ်တာပါ။ အဲဒီအတွက် ဒီ “၃၃ ဦးကော်မတီ” ဆိုတာကို ဖွဲ့တာ၊ အကြံဉာဏ်တောင်းတာလို့ ဆိုပါတယ်။ ဘာမှ ထူးထူးခြားခြား အကြံမပေးလိုက်ရတဲ့ ဒီအကြံပေးအဖွဲ့က ဦးနေဝင်းက ခြောက်လလောက်နဲ့ ဖျက်သိမ်းလိုက်ပါတယ်။ နဂိုကတည်းက ဟန်ပြရုံအတွက်သာ ဖွဲ့ခဲ့တာ ဖြစ်တဲ့အပြင် ဒီလိုနိုင်ငံရေးသမား အစုအစည်းတရပ်ကို ကြာရှည် တည်ရှိခွင့်ပေးထားရင် နိုင်ငံရေးအင်အား တရပ်လိုဖြစ်လာမှာ စိုးရတယ်လို့ ဦးနေဝင်းက တွက်ပါတယ်။ ဒါကြောင့် သူလက်ဖျောက်တချက် တီးတာနဲ့ ပေါ်လာသလို လက်ဖျောက်တချက် တီးလိုက်တာနဲ့ ပျောက်သွားပါတယ်။ သူတို့ အထဲက တကယ်အကြံပေးမိတဲ့ ချင်းအမျိုးသား ခေါင်းဆောင် ဦးလျံအုပ်ကတော့ အဖမ်းခံလိုက်ရပါတယ်။

တကယ်က ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဲဒီအချိန်မှာ ဦးနေဝင်းက သူ့စဉ်းစားချက်အတိုင်း သူ့လူယုံတွေကို ရေးဆွဲခိုင်းနေ(ပြီး)ပါပြီ။ သူလိုချင်တဲ့ ဖွဲ့စည်းပုံမျိုးကို ဒီ ၃၃ ဦးဆီက ဘာအကြံမှ မရနိုင်ဘူးဆိုတာ သူကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ ဦးနေဝင်းဟာ ၃၃ ဦးကို စာတမ်းတင်ခိုင်း၊ အကြံပေးခိုင်း အင်မတန် ပိပိရိရိ လုပ်ခဲ့ပါတယ်။ ဒါကြောင့် အပြီးသတ်မှာတော့ ‘’ဝှီးဖတ်တောင် မကြားလိုက်ရပါဘူး။

ပြည်သူအပေါ် ဖိနှိပ်တဲ့ခြေလှမ်းတွေ၊ ဒါမှမဟုတ် တိုင်းပြည်ဘဏ္ဍာ ကိုယ့်အိတ်ထဲ ထည့်တဲ့ ခြေလှမ်းတွေ လှမ်းမှာမို့ ဒီလို လုပ်လာတယ်ဆိုတာ စဉ်းစားပြင်ဆင်ကြဖို့ လိုပါတယ်။
အခုတလော အရင်ဦးနေဝင်း လက်အောက်မှာ “အကြံပေး” (ကိုယ့်ကိုယ်ကိုထင်တာ) လုပ်ခဲ့ပါတယ် ဆိုသူတွေက သူတို့ ဦးနေဝင်းကို ဘယ်လိုအကြံပေးခဲ့တယ် ဆိုတာမျိုးတွေကို ဂုဏ်ယူစွာ ရေးနေကြတာကို တွေ့နေရပါတယ်။ ဒါပေမဲ့ သူတို့ရေးတာတွေထဲမှာ ဦးနေဝင်းကို ဆန့်ကျင်ငြင်းခုံခဲ့တယ် ဆိုတာမျိုး လုံးဝ မတွေ့ရသလောက်ပါပဲ။ ဒါ့အပြင်တော်တော် များများဟာ ဦးနေဝင်း ကြိုက်လိမ့်မယ် ထင်တာကို ပြောနေတာဖြစ်တယ် ဆိုတာလည်း တွေ့ရပါတယ်။ သူတို့ ရေးနေတာဟာ အခုအရပ်ဝတ် စစ်အစိုးရက ဖွဲ့မယ့် အကြံပေး အဖွဲ့အတွက် ရေလာမြောင်းပေး လုပ်နေတာလားလို့တောင် စဉ်းစားမိစရာ ဖြစ်ပါတယ်။

အခု အကြံပေးအဖွဲ့ဝင်တွေက ဘာပြောလို့ ရမှာလဲ။ ဒီပုဂ္ဂိုလ်တွေရဲ့ရိုးသား တည်ကြည်မှုနဲ့ ပတ်သက်လို့ ဘာမှမပြောလိုပါဘူး။ ဒါပေမဲ့ သူတို့အကြံတွေကို နားထောင်မယ်ဆိုတဲ့ အရပ်ဝတ် စစ်အစိုးရရဲ့ ရိုးသား တည်ကြည်မှုကတော့ တကမ္ဘာလုံး အသိပါပဲ။ သူတို့ဟာ အမှန်တရားကို ရယူချင်တာ မဟုတ်ပဲ သူတို့ အာဏာတည်မြဲရေးအတွက် နည်းနာတွေကိုသာ လိုချင်တာ ဖြစ်ပါတယ်။ ဒါသာမက တခုခုဖြစ်သွားရင် အဲဒီ အကြံပေးအဖွဲ့ကို အသုံးပြုပြီး အငှားဗိုက်နဲ့ ဓားထိုးခံတာတောင် ဖြစ်နိုင်ပါသေးတယ်။ တကယ်ကျတော့ ဒီအစိုးရဟာ သူတို့ကို အခုလိုအကြံပေးအဖွဲ့ ပေးပါလို့ အကြံပေးတဲ့ လူမျိုးတွေဆီက အကြံဉာဏ်တွေကိုပဲ အဓိကထား ရယူနေမှာပါ။ ကျန်တဲ့ လူတွေကိုတော့ လျှာပြတ်အောင်ပြောဦးတော့ “ဖုတ်လေတဲ့ငပိ ရှိတယ်” လို့တောင် ယူဆမှာ မဟုတ်ပါဘူး။

ပြောရရင် ဒီအကြံပေးအဖွဲ့နဲ့ အာဏာရ စစ်ဗိုလ်တွေအကြားက ပြဿနာက ပြည်သူလူထုအတွက် သိပ်အရေးမကြီးပါဘူး။ အရေးကြီးတာက ဒိနောက်ကွယ်မှာ ဘာအစီအစဉ်၊ အကြံအစည်တွေ ရှိတယ် ဆိုတာပါပဲ။ အထက်မှာ ရေးခဲ့သလို ဦးနေဝင်းတုန်းကလည်း သူလုပ်ချင်တာလုပ်ဖို့အတွက် ၃၃ ဦးအဖွဲ့ကို ဖော်ထုတ် အသုံးချခဲ့တာ ဖြစ်ပါတယ်။ ဦးဗိုလ်သိန်းစိန် အစိုးရကရော ဘယ်လိုပြည်သူအပေါ် ဖိနှိပ်တဲ့ခြေလှမ်းတွေ၊ ဒါမှမဟုတ် တိုင်းပြည်ဘဏ္ဍာ ကိုယ့်အိတ်ထဲထည့်တဲ့ ခြေလှမ်းတွေ လှမ်းမှာမို့ ဒီလိုလုပ်လာတယ်ဆိုတာ စဉ်းစားပြင်ဆင်ကြဖို့ လိုပါတယ်။

အပစ်ရပ် အဖွဲ့တွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကျန်တဲ့ အသံထွက်နေသူတွေ၊ သတိအကြီးဆုံး ထားရမယ့် အချိန် တခုပါပဲ။

No comments:

Post a Comment