Monday, May 2, 2011

ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေး ပေါင်းချုပ် ရောင်းကောင်းဆဲ

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ မေလ ၀၂ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၃၆ မိနစ်

ဗိုလ်ချုပ်အောင်ဆန်း မျက်နှာဖုံးတွင် ဆရာဇော်ဂျီ၏ သခင်အောင်ဆန်းတရား ကဗျာကို ဖော်ပြထားသော မော်နီတာဂျာနယ် နိုင်ငံရေး အထူးဆောင်းပါး ပေါင်းချုပ်ကို ထုတ်ဝေပြီး နှစ်ပတ်အကြာထိ ဆက်လက်ရောင်းအားကောင်းဆဲဟု ရန်ကုန်မှ ဂျာနယ်လက်ပွေ့ရောင်းချသူ တဦးက ပြောသည်။ စံချိန်တင်ဈေးနှုန်း ၁၅၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး ယခု တစောင် ၈၀၀ ကျပ်ဖြင့် ရန်ကုန် ဂျာနယ်အရောင်းဆိုင်များတွင် ဆက်လက် ၀ယ်ယူရရှိနေပြီး လူငယ်အများစု မှတ်တမ်းအဖြစ် သိမ်းဆည်းဝယ်ယူလျက်ရှိသည်။


ရန်ကုန် လက်ဖက်ရည်ဆိုင်တဆိုင်တွင် နိုင်ငံရေးအထူးဆောင်းပါးပေါင်းချုပ် ဖတ်ရှုနေသူတဦး (ဓာတ်ပုံ- မဇ္ဈိမ)
“အရင်က ဂျာနယ်ဝယ်မဖတ်တဲ့ လူတွေလည်း ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့မို့ အမှတ်တရ ၀ယ်သိမ်းကြတာမျိုးရှိတယ်” ဟု ဂျာနယ် အရောင်းသမားတဦးက ပြောသည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအပါအ၀င် ဆောင်းပါး ၃၈ ပုဒ်ပါဝင်ပြီး သမိုင်းဝင် ဓာတ်ပုံများ မိသားစုဓာတ်ပုံများလည်း ပါဝင်သည်။ ဧပြီလတွင် ထုတ်ဝေပြီး စာရွက်အရည်အသွေးလည်း ကောင်းသည့်အတွက် ၀ယ်သိမ်းထားရန် အဆင်ပြေသည်ဟု သိရသည်။

မြတ်ခိုင်၏ အပတ်စဉ်ထုတ် မော်နီတာဂျာနယ် အမှတ်(၁) မှ (၅၀) အတွင်း ဖော်ပြခဲ့သော မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်းအကြောင်း ရေးသားထားသည့် ဆောင်းပါး အဟောင်းအသစ် ၃၈ ပုဒ်ကို စုစည်းထုတ်ဝေထားရာ သတင်းထောက် ဦးပုကလေး၊ ဒဂုန်တာရာ၊ သခင်တင်ဦးစသည့် ဗိုလ်ချုပ်ကို သိမီလိုက်သူများ၏ ဆောင်းပါးများ၊ ကိုပညာ (အမရပူရ)၊ တက္ကသိုလ်စိန်တင်၊ ဆိုရှယ်လစ်ပါတီ ဥက္ကဋ္ဌဟောင်း ဦးကိုကိုကြီး၏ မြေး ဝူလန်ဂေါင်းတက္ကသိုလ်မှ သမိုင်းပါရဂူဘွဲ့ရ ကျော်ဇောဝင်းစသူတို့၏ သုတေသန ဆောင်းပါးများ ပါရှိသည်။ ကွယ်လွန်သူ လယ်ဝေးသခင်ကြည်ရှိန်၏ ဗိုလ်ချုပ်နှစ်ဦးလယ်ဝေးတွင် ဆုံခဲ့စဉ်က ဆောင်းပါးမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စစ်အတွင်း ရိုက်ကူးခဲ့သော ဓာတ်ပုံအကြောင်း ဖြစ်သည်။

မကြာမီက ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အကြို ပိတောက်ပွင့်သစ် မဂ္ဂဇင်းမှ မောင်စိမ်းနီ စီစဉ်ထုတ်ဝေခဲ့သည့် စာရေးဆရာစုံ၏ `စာရေး ဆရာကိုအောင်ဆန်း´စာအုပ်မှာလည်း အထူးလူကြိုက်များခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ်စာကြည့်တိုက် ရန်ပုံငွေအတွက် သခင်ကိုယ်တော်မှိုင်း တည်းဖြတ်သည့် စာရေးဆရာ၊ ရဲဘော်၊ သခင်နှင့် ကျောင်းနေဘက်များရေးသော ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကို ၁၉၅၁ က ထုတ်ဝေခဲ့ဘူးသည်။

No comments:

Post a Comment