Monday, September 5, 2011

ရဲတပ်ဖွဲ့ဝင်များ ဥပဒေမဲ့ ထိုးကြိတ်ရိုက်နှက်

ရန်ပိုင် Monday, 05 September 2011 18:02

ပဲခူးတိုင်း ပြည်မြို့ ရွှေလက်လှရပ်ကွက်နေ ကိုအောင်မင်းစိုး ဆိုသူသည် သြဂုတ်လ ၄ ရက်နေ့ညက အမှတ် (၁) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၏ ၀ိုင်းဝန်းထိုးကြိတ်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားပြီး ဖမ်းဆီးခံထားရကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ရွှေလက်လှရပ်ကွက်နေ ကိုထွန်းထွန်းဝင်းတို့ လင်မယား ရန်ဖြစ်၍ ရဲစခန်းရောက်ရှိသွားသည်ကို ကိုအောင်မင်းစိုးမှ လိုက်လံ၍ ကျေအေးရန် ပြောဆိုခဲ့ရာမှ တာဝန်ကျ ဒုရဲအုပ် ဇော်မျိုးမြင့်နှင့် စကားများပြီး ၀ိုင်းဝန်းကန်ကျောက် ထိုးကြိတ်ခံရခြင်း ဖြစ်ကြောင်း ကိုအောင်မင်းစိုး၏ မိသားစုဝင်တဦးဖြစ်သူ ဦးမောင်မောင်ကြီးက ဧရာဝတီသို့ ပြောသည်။

“တာဝန်ကျက နောက်မလာနဲ့၊ အလုပ်ရှုပ်တယ်ပြောတော့ သူက ပြဿနာတက်ရင်တော့ လာမှာပဲဆိုပြီး ပြန်ပြောလို့ လက်ထိပ် နောက်ပြန်ခတ်ပြီး ၀ိုင်းရိုက်တာ” ဟု ၎င်းက ဆိုသည်။

ဝိုင်းဝန်းရိုက်နှက်သူများမှာ နယ်ထိန်းအရာရှိ ဒုရဲအုပ် သက်သာ၊ ရဲသားများဖြစ်သည့် ထင်လင်းအောင်၊ အောင်ကျော်ကျော်၊ ငြိမ်းချမ်း စသူတို့ ပါဝင်ကြောင်း၊ အနားတွင်ရှိသည့်သူများမှ ၀ိုင်းဝန်းအော်ဟစ်မှသာ ရိုက်နှက်မှုကို ရပ်တန့်လိုက်ကြောင်း ဦးမောင်မောင်ကြီးက ပြောသည်။

ထိုးကြိတ်ရိုက်နှက်မှုကြောင့် ကိုအောင်မင်းစိုးမှာ မေးရိုးနှင့် နံရိုးတွင် ဒဏ်ရာပြင်းထန်စွာ ရသွားသော်လည်း ဆေးကုသခွင့်မပေးဘဲ တာဝန် ၀တ္တရားနှောက်ယှက်မှု ပုဒ်မ ၃၃၃၊ ဆဲဆိုမှု ပုဒ်မ ၂၉၄၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ဖြင့် အမှုဖွင့်ကာ ပြည်မြို့ အကျဉ်းထောင်တွင် ချုပ်နှောင်ထားကြောင်း၊ လာမည့် ၁၃ ရက်နေ့တွင် အမှုကို ရုံးတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ထိုဖြစ်ပွားမှုနှင့် ပတ်သက်၍ ဧရာဝတီက ပြည်မြို့ အမှတ် (၁) ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်မှူး ဒုရဲအုပ် မင်းဇော်က ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များ၏ တရားလက်လွတ် ပြုမှုများနှင့်ပတ်သက်၍ မိသားစုက တရားစွဲမည် ဖြစ်ကြောင်း၊ သမ္မတ၊ ပြည်ထဲရေးဝန်ကြီးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်သို့လည်း စာရေးသား တိုင်ကြားမည်ဖြစ်ကြောင်း ပြည်မြို့ရှိ လူအခွင့်အရေး ချိုးဖောက်မှုများကို စောင့်ကြည့်လေ့လာနေသည့် ကွန်ရက်အဖွဲ့ဝင်တဦးက ပြောသည်။

No comments:

Post a Comment