Monday, September 19, 2011

ရန်ကုန် တရုတ်သံရုံးအနီး လုံခြုံရေးတိုးမြှင့်

မျိုးသိဏ်း | တနင်္လာနေ့၊ စက်တင်ဘာလ ၁၉ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၅၇ မိနစ်


ရန်ကုန် (မဇ္ဈိမ) ။ ။ မြစ်ဆုံရေကာတာ တည်ဆောက်မှုအပေါ် ကန့်ကွက်ဆန္ဒပြမည်ဟူသော ကောလဟလ ထွက်ရှိလာချိန်မှာပင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်ထောင်စုရိပ်သာလမ်းရှိ တရုတ်သံရုံးရှေ့နှင့် အနီးတဝိုက်တွင် ရဲလုံခြုံရေးများ တနင်္လာနေ့က တိုးမြှင့်ချထားလိုက်သည်။

ပြည်ထောင်စုရိပ်သာလမ်း တရုတ်သံရုံးအနီးတွင် နံနက်စောစောကတည်း ယူနီဖောင်းဝတ်ရဲများနှင့် သတင်း
ထောက်လှမ်းရေး အဖွဲ့များ ရာနှင့်ချီ၍ နေရာယူထားခဲ့သလို ပြည်တွင်း၊ ပြည်ပ သတင်းထောက်များလည်း
နောက်ပိုင်းတွင် လာရောက်စောင့်ဆိုင်းနေခဲ့ကြသည်။

ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်ထောင်စု ရိပ်သာလမ်းနှင့် ဗဟိုလမ်းထောင့်ရှိ တရုတ်သံရုံးထောင့်တွင် စောင့်ဆိုင်းနေသည့် ရဲတပ်ဖွဲ့ဝင် အချို့ကို တနင်္လာနေ့ စက်တင်ဘာလ ၁၉ ရက် ၂၀၁၁ ခုနှစ် နေ့လည် ၁၂ နာရီ ဝန်းကျင်အချိန်က တွေ့မြင်ရပုံ။ (ဓါတ်ပုံ-မဇ္ဈိမ) မြစ်ဆုံရေကာတာ တည်ဆောက်မှုအပေါ် ကန့်ကွက်ဆန္ဒပြမည် ဟူသော သတင်းများကြောင့် တနင်္လာနေ့ နံနက်ပိုင်းတွင် ရဲလုံခြုံရေး တရာကျော် ချထားခဲ့သည်။

နေ့လည်ပိုင်းတွင် အစိုးရရုပ်သံသတင်းဌာန MRTV 4 အဖွဲ့ဝင်များလည်း လာရောက် စောင့်ဆိုင်းခဲ့ပြီး စုစုပေါင်း သတင်းထောက်ဦးရေ ၄၀ ကျော်ပင် ရှိခဲ့သည်။ ပြည်ထောင်စုရိပ်သာလမ်းနှင့် ဗဟိုလမ်းထောင့်မှ စတင်၍ လမ်းတလျှောက် ဒိုင်းများ ပါရှိသည့် ရဲကားများ၊ ယူနီဖောင်းဝတ်ရဲများ အများအပြား စောင့်ဆိုင်းနေခဲ့ရာမှ နေ့လည် တနာရီခန့်တွင် လုံခြုံရေးအဖွဲ့ဝင်အချို့ လျော့ပါးသွားခဲ့သည်။

နေ့လည် နှစ်နာရီခွဲအချိန်တွင် လာရောက် စောင့်ဆိုင်းနေသည့် သတင်းထောက်များအားလုံးနီးပါး ပြန်လည် ထွက်ခွာ သွားသော်လည်း ရဲများနှင့် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များ ဆက်လက် စောင့်ဆိုင်းနေဆဲဖြစ်သည်။

ဧရာဝတီမြစ်ဖျားပိုင်း မေခနှင့် မလိခမြစ်ဆုံအနီးတွင် ရေကာတာတခုကို တရုတ်နိုင်ငံပိုင် China power Investment Corporation-CPI က တည်ဆောက်နေရာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ စိုးရိမ်ပြီး ကန့်ကွက်ထားမှုများ
ပေါ်ထွက်နေချိန်ဖြစ်သည်။

No comments:

Post a Comment