Wednesday, September 7, 2011

၂၀၀၉ ခုနှစ်က မ၀င်းမော်ဦး နှစ်ပါတ်လည်ဆွမ်းကြွေးပွဲသတင်းအားပြန်လည်ဖေါ်ပြခြင်း

" ဦးဝင်းကြူက သမီးဆန္ဒအတိုင်း အမျှ မဝေသေးဘူးတဲ့ "

ဧရာဝတီ Monday, 21 September 2009 16:08 အင်တာဗျူး

၁၉၈၈ ခုနှစ် ဒီမိုကရေစီရရှိရေး လူထုလှုပ်ရှားမှုကြီးကို မြန်မာ့ တပ်မတော်က အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းခဲ့သောကြောင့် ဆန္ဒပြသူများ ထောင်နှင့်ချီ၍ သေဆုံးခဲ့ရသူ ရှိခဲ့သည်။

စဉ်က ဖြစ်ရပ်တချို့နှင့် ပတ်သက်သည့် ဓာတ်ပုံမှတ်တမ်းများထဲတွင် အာဏာသိမ်းပြီး နောက်တနေ့ ဖြစ်သော စက်တင်ဘာ ၁၉ ရက်နေ့ ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့သူ ဆန္ဒပြကျောင်းသူ မ၀င်းမော်ဦး၏ ဓာတ်ပုံမှာ အထင်ရှားဆုံး ဓာတ်ပုံများထဲတွင် ပါဝင်သည်။

စစ်အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က သေနတ်မှန်ထားသော မဝင်းမော်ဦးကို သယ်ယူပြေးလွှားနေသည့် ဒေါက်တာ စောလွင်နှင့် ဒေါက်တာ မင်းသိန်း

မ၀င်းမော်ဦး၏ ဖခင်ဖြစ်သူ ဦးဝင်းကြူအား ဧရာဝတီ သတင်းထောက် ဇာနည်မာန်က ဆက်သွယ်ပြီး သမီးဖြစ်သူ ဆန္ဒပြရာတွင် ပါဝင်ခဲ့ပုံ၊ သူနှင့် သူငယ်ချင်းတချို့ ဒဏ်ရာရ သေဆုံးခဲ့ပုံ၊ မိသားစု၏ ခံယူချက် စသည်တို့ကို မေးမြန်းထားပါသည်။

မေး ။ ။ မ၀င်းမော်ဦးအတွက် နှစ်ပတ်လည် ဆွမ်းကပ်တယ်လို့ သိရပါတယ်။ အေးအေးချမ်းချမ်း လုပ်ခွင့် ရခဲ့ပါသလား။

ဖြေ ။ ။ ကောင်းကောင်းမွန်မွန်တော့ လုပ်ခွင့်ရပါတယ်။ သူတို့ အဖွဲ့အစည်း ဘာညာတော့ ဘေးပတ်ဝန်းကျင်မှာ ရှိတော့ရှိတာပေါ့။ ဒါပေမယ့်လို့ သူတို့ဘာသာ သူတို့ နေကြတာပါ။ နှောင့်ယှက်တာ ဘာညာတော့ မရှိဘူးပေါ့။ နှစ်တိုင်းနှစ်တိုင်း ကျနော်တို့ လုပ်ခဲ့တဲ့အခါမှာလည်း ဘာပြဿနာမှ မရှိခဲ့ပါဘူး။ မရှိဘူး ဆိုတာကလည်း ကိုယ့်ဆီလာတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကလည်း သမီးကို ဂုဏ်ပြုတဲ့ အနေနဲ့ လာလာပြီးတော့ ဒီလိုပဲ ငြိမ်းငြိမ်းချမ်းချမ်း ပြောကြ ဆိုကြတာလေ။

မေး ။ ။ နှစ်တိုင်း ဆွမ်းကပ်ပေမယ့် မ၀င်းမော်ဦး မှာခဲ့တဲ့ စကားတခွန်းကြောင့် ဦးတို့ အခုချိန်ထိ သူ့အတွက် အမျှမဝေဘူး ဆိုတာ သိရပါတယ်ရှင့်။

ဖြေ ။ ။ ဟုတ်ပါတယ်။ အဲဒီတုန်းက သမီးက ဗိုလ်ချုပ်ပုံလေး ကိုင်ပြီးတော့ ဒူးလေး ထောက်နေတော့ သူငယ်ချင်းတွေက ၀ပ်ခိုင်းတာမှာ သမီးက ပြောတယ် တဲ့၊ ငါ မ၀ပ်ဘူး၊ မ၀ပ်ဘူး။ ငါတို့ ဒီမိုကရေစီ မရမချင်း၊ ငါတို့ တခုခု ဖြစ်သွားသည့် တိုင်အောင်တောင်မှ ငါတို့ နာမည်ခေါ်ပြီး အမျှမဝေပါနဲ့ဦး ငါတို့ ဆက်ပြီးတော့ တိုက်ပွဲဝင်နေဦးမယ် တဲ့၊ အဲဒီလို ပြောခဲ့တယ် တဲ့၊ အဲဒီလိုပဲ သူ့သူငယ်ချင်းတွေ ဆီကနေ ကျနော်တို့က ကြားခဲ့ရတယ်။ ကျနော်တို့ မိဘတွေ အနေနဲ့ သူတို့ တောင်းထားတဲ့ဟာ မရမချင်း၊ နောက် သူ့ဆန္ဒအရ ယနေ့အထိ ၂၁ နှစ် အထိတိုင်ကို သူ့နာမည် ခေါ်ပြီးတော့လည်း ကျနော် လုံးဝ သူ့အတွက် အမျှ မဝေဖူးသေးပါဘူး။ သူတို့ တောင့်တတဲ့ အနေအထား ရလာပြီ ဆိုမှသာလျှင် သူ့အတွက် သူ့နာမည်ကို အားရပါးရကြီး ခေါ်ပြီးတော့ ကျနော် အမျှဝေမယ်လို့ ဆုံးဖြတ်ထားပါတယ်။

မေး ။ ။ လွန်ခဲ့တဲ့ ၂၁ နှစ်က အဖြစ်အပျက်လေးကို ဦးမှတ်မိသလောက် ပြောပြပေးပါရှင်။

ဖြေ ။ ။ အဲဒါတွေက ဘယ်တော့မှ မမေ့ပါဘူး။ သူက မဟုတ်မခံစိတ် ရှိတယ်။ အဲဒီနေ့တုန်းက မနက်ပိုင်းက သူ့ကို ကျနော်တို့ မိဘတွေကလည်း တားတာပေါ့။ အဘိုးတွေ အဘွားတွေကလည်း တားတယ်။ သမီး ဒီနေ့က သိပ် အခြေအနေ ကောင်းမှာ မဟုတ်ဘူး၊ မသွားရင် ကောင်းမယ် ဆိုတော့ သူက ဘိုးဘိုးကြီး တဲ့ သမီးတို့က ကျောင်းမှာ ဆိုလို့ရှိရင် အမာခံတောင် မဟုတ်ဘူး တဲ့လေ၊ အသေခံပါ တဲ့။ အဲဒီတော့ သမီးတို့ မသွားလို့ မရဘူး၊ နောက်တော့လည်း သူက လူကြီးဖြစ်နေတဲ့ အတွက် မသွားလို့ မဖြစ်ဘူး။ သမီး သွားရမယ် တဲ့။ သွားရင်လည်း သမီး မျက်နှာပြရုံတင်ပါပဲ တဲ့။ ပြီးရင် သမီး ပြန်လာမယ် ဆိုပြီးတော့ ကျောင်းရောက်သွားတဲ့ အခါကျတော့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ တွေ့တော့ ပြောကြ ဆိုကြရင်းနဲ့ သူလည်း စိတ်ဝင်စားပြီးတော့ ပါသွားတယ်ပေါ့။

ပါသွားတော့ အဲဒီအချိန်မှာ သူက ဗိုလ်ချုပ်ပုံ ကိုင်ထားတယ်။ အဲဒါနဲ့ သူပါသွားပြီး ချီတက်သွားကြတော့ အဲဒီက အပြန်၊ အပြန်မှာ မဟာဗန္ဓုလလမ်းအတိုင်း သူတို့ ၀င်တယ်။ ၀င်ပြီးတော့ ဘုရားလမ်းကျတော့ ပြန်ဆင်းတယ်။ ကုန်သည်လမ်းကနေ ပြန်ပတ်တဲ့အခါ အဲဒီ ထောင့်နားမှာ မီးပွိုင့်ရှိတယ်။ အဲဒီနားမှာ သူတို့ အပစ်ခံရတာ။

ပထမ သူတို့ စပစ်တဲ့ အချိန်တုန်းက အောက်ပိုင်းကို သူတို့ ပစ်တာပေါ့၊ ဒူးအောက်ပိုင်းကို သူတို့ ပစ်တာ။ အဲဒီမှာ သူက ဘယ်ခြေသလုံးကို အရင် ထိတယ်။ ပြီးတော့ နောက်တခါ ထပ်အပစ်မှာ ဘယ်ပေါင်ကိုပဲ ထပ်ထိတယ်။ ဒူးကိုထိတော့ သူက ဓာတ်ပုံနဲ့ ကိုင်ပြီးတော့ ခွေကျသွားတယ်။

သမီးနဲ့ အတူတူ ချီတက်တဲ့ ကလေးတွေက ပြောပြတယ်။ သူခွေကျသွားတော့ သူ့ဘေးနားက သူငယ်ချင်းက “ဟဲ့ ၀င်းမော်ဦး ၀ပ်၊ ၀င်းမော်ဦး ၀ပ်” ဆိုတော့ သူက ဗိုလ်ချုပ်ပုံ ကိုင်ထားတဲ့ အတွက် ငါ ၀ပ်လိုက်လို့ရှိရင် ဗိုလ်ချုပ်ပုံ ကျမယ်။ အဲဒီတော့ ဒို့အဖွဲ့ပါ ကျမယ် ဆိုပြီးတော့ သူက မ၀ပ်ဘဲနဲ့ နောက်တခါ ထပ်အပစ်မှာ ညာလက်မောင်းကို ၀င်ပြီးတော့ ဖောက်ပြီးတော့ ရင်ထဲကို ၀င်သွားတာ တဲ့။

နောက် ၁၂ နာရီ ခွဲလောက်တော့မှ လိုက်ကယ်တဲ့ ဆရာဝန်တွေက သူ့ကိုတွေ့တော့ “ဦး သမီးကို ကယ်ပါ” ဆိုပြီးတော့ သမီးက ပြောတယ်တဲ့။ ပြောတော့ အခု ဓာတ်ပုံထဲမှာ ပါလာတဲ့ မ နေတဲ့ ဆရာဝန်က ကျနော့်ဆီ ရောက်လာပြီးတော့ ပြောပြတာ။

သူ့ကို တွေ့တဲ့ အချိန်တုန်းက သူ အသက်ရှိသေးတယ်။ ဒီလိုဒီလိုပဲ ကျနော့်ကို ကယ်ပါ ဆိုပြီးတော့ ပြောတယ် ဆိုပြီးတော့ပေါ့။ အဲဒါနဲ့ ဆေးရုံရောက်တဲ့ အထိ သူတို့လည်း ပို့ပေးကြပါတယ်။ ဆေးရုံရောက်တော့လည်း ဆေးရုံက ကျနော့်ဆီ ဖုန်းဆက်တယ်။ ဖုန်းဆက်တော့ ဖုန်းနံပါတ်တွေ ဘာတွေကျတော့လည်း သူကိုယ်တိုင်ပဲ ပေးတာ တဲ့။ အဲဒီတော့ ကျနော့်ဆီ ဖုန်းရောက်တော့ နှစ်နာရီခွဲ၊ သုံးနာရီလောက်မှာ ကျနော်တို့လည်း ဘယ်လိုမှ သွားလို့ မရဘူး။ လမ်းတွေကလည်း အကုန်လုံး ပိတ်ကုန်တာ။ သံဆူးကြိုးတွေနဲ့ပိတ် ဘာညာနဲ့ အတားအဆီးတွေ ရှိနေတာ။

အဲဒါနဲ့ ကျနော်ရယ်၊ ကျနော့် ယောက်ဖရယ်၊ အကိုဝမ်းကွဲ တယောက်ရယ် ကျနော်တို့ သုံးယောက်က တယောက်က ဆိုင်ကယ်နဲ့ သွားတယ်။ ကျန်တဲ့ နှစ်ယောက်က စက်ဘီးနဲ့ သွားတယ်။ သံဆူးတွေ မ၊ တိုင်တွေဖယ်နဲ့ ဆေးရုံရောက်တော့ သုံးနာရီခွဲ၊ လေးနာရီ မတ်တင်းလောက် ရှိပြီ။ သူ့ကို လိုက်ရှာတော့ 3-4 ward မှာ တင်ထားတယ် ဆိုတော့ ကျနော်တို့က အဲဒီကို သွားရှာတာ မတွေ့ဘူး။ အဲဒီတော့ ဆေးရုံက ဒိပြင် ward တွေမှာ သွားရှာတော့ အဲဒီတွေမှာလည်း မရှိဘူး။ အဲဒီတော့ ဒါဆို အရေးပေါ်ဌာနကို ထပ်မေးဦးမယ် ဆိုပြီး သွားမေးတော့ သူ့ကို ခွဲစိတ်ပေးတဲ့ ဆရာဝန်နဲ့ သွားတွေ့တယ်။ သူက အသည်းအသန်အခန်းထဲမှာ ရှိပါတယ်၊ ကျနော် ကိုယ်တိုင် တင်ခဲ့တာပါ ဆိုတော့မှ ကျနော်က 3-4 ward ကို ပြန်သွားပြီးတော့ အသည်းအသန်အခန်းထဲကို သွားကြည့်တော့မှ သမီးကို ကျနော်တို့ တွေ့ရတယ်။

ရောက်သွားတဲ့အချိန်မှာ သမီးကို မြင်လိုက်ရတော့ စိတ်ထဲ တမျိုးကြီး၊ ဇဝေဇ၀ါဖြစ်သွားတယ်။ ပါးစပ်မှာလည်း အောက်စီဂျင်တွေ ပေးထားတယ်။ ခွဲစိတ်ထားတော့ သူ သတိမရသေးဘူး။ အဲလိုနဲ့ပဲ အဲဒီ ညနေမှာပဲ သူဆုံးသွားတာ။ ကျနော်တို့နဲ့လည်း စကား မပြောလိုက်ရဘူး။ သူဆုံးတဲ့အထိကို ကျနော်တို့ မိဘတွေ ဘယ်သူတွေ ဘယ်ဝါတွေ လာတယ် ဆိုတာ မသိသွားလိုက်ရရှာဘူး။ သူက ၁၉၇၂ ခု အောက်တိုဘာ ၁၅ ရက်နေ့မှာ မွေးတာ။ သူဆုံးတုန်းက ၁၆ နှစ်ပေါ့။ သူသာ ရှိနေသေးရင် အခု ၃၇ နှစ်ပေါ့။ အိမ်ရောက်တော့ သူ့မအေ သူ့အဘွားတွေက ၀ိုင်းမေးကြတာ။ မပြောရက်ပေမယ့် မပြောလည်း မဖြစ်ဆိုတော့ အကျိုးအကြောင်း ပြောရတာပေါ့။ စိတ်မကောင်းတာက လွဲလို့ ဘာတတ်နိုင်မလဲနော်။

သူ့ကျောင်း အလက (၄) ကြည့်မြင်တိုင်ကျောင်းက ချီတက်တဲ့သူတွေထဲက ၁၇ ယောက် ထိတယ်။ အဲဒီထဲမှာ ၃ ယောက်က သေသွားတယ်။ ယောင်္ကျားလေး နှစ်ယောက်ရယ် သမီးရယ်ပေါ့။ ယောင်္ကျားလေး နှစ်ယောက်မှာ တယောက်ဆိုရင် ၁၅ နှစ်ပဲ ရှိသေးတယ်။ သူတို့နှစ်ယောက်ကတော့ နေရာမှာတင် သေသွားကြတာ။ အဲဒီတုန်းက ဆေးရုံမှာ ဒဏ်ရာရတဲ့သူတွေ ဆိုတာလည်း အများကြီး ဖြစ်နေတာပေါ့။ ကလေးတွေ နာလို့ အော်ကြဘာကြနဲ့ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် သမီးဇောက ရှိနေတော့ ကျန်တာတွေ ဘာမှ အလေးမထားမိတော့ဘူး။

မေး။ ။ ဒဏ်ရာရနေတဲ့ မ၀င်းမော်ဦးကို ဆရာဝန်နှစ်ယောက်က သယ်လာတဲ့ပုံကို မြင်လိုက်ရတော့ ဦး ဘယ်လိုခံစားရလဲဆိုတာလေး ပြောပြပေးပါလားရှင်။

ဖြေ။ ။ ဘယ်လိုပြောရမလဲ။ အဲဒီပုံလေးက … စိတ်မကောင်းဘူးဗျာ …။ သမီးကတော့ သူ့ကံကိုက ဒီလိုပဲ ပါလာတာ။ ဒီလောက်အသက်အရွယ်ပဲ နေရမယ်လို့ ဖြစ်လာတာပဲ ဆိုတော့လေ။ ကျနော်ကတော့ သမီးအတွက် ဂုဏ်ယူပါတယ်။ ကျနော့်အမေ၊ သမီးရဲ့အဘွား ဆိုရင်လည်း အခု ၈၆ နှစ်ရှိနေပြီ။ အမေက ဟိုးအရင်က ဖဆပလတို့ ပမညတ တို့မှာသူက လှုပ်ရှားခဲ့ဖူးပါတယ်။ သူ့ဘွားအေသွေး ပါလို့ပဲ ဒီလိုစိတ်ရှိလားတော့ မပြောတတ်ဘူး။ သူ့အဘွားကလေ ၂၀၀၇ တုန်းက သံဃာတွေနဲ့ လိုက်ပါသေးတယ်။ ကြည့်မြင်တိုင် ကမ်းနားဈေးကနေပြီးတော့ လမ်းလျှောက်လိုက်သွားတာ ကမ္ဘာအေး လမ်းဆုံအထိ လိုက်သွားသေးတာ။ အခုလည်း သမီးအတွက် သူပဲ ကမကထ လုပ်ပေးနေတာ။ ကျနော်တို့ကတော့ အခုအချိန်ထိ နိုင်ငံရေး ဘာညာလည်း နားလည်း မလည်ဘူး၊ ၀င်လည်း မပါခဲ့ဘူးပေါ့။

မေး။ ။ မ၀င်းမော်ဦးတို့ လက်ထက်ကတည်းက အခြေအနေတွေနဲ့ အခု လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေအပေါ် ဘာများ ပြောချင်ပါသလဲရှင်။

ဖြေ။ ။ အခုလက်ရှိ မျိုးဆက်သစ်လေးတွေ ဆက်လက်ပြီးတော့လည်း သူတို့ တောင်းထားတဲ့၊ နောက်ပြီးတော့ ကျဆုံးသွားတဲ့သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါလို့ပဲ ကျနော်ပြောချင်ပါတယ်။

0
Set as favorite Bookmark Email this Hits: 12322
Comments (30)
Really sad!!!!!!
written by jasmine, December 03, 2009

I feel really ,really sad,,,,,but I really proud of you !!!! " May you rest in peace"" . I hate this people....

+0 မြန်မာပြည်သူ တွေအတွက် ဒီဓါတ်ပုံဟာ အားမာန်ေ တွပြန်ပြည့်ဝ စေတယ်။
written byုkomyolay, October 24, 2009

မြန်မာေ ကျာင်းသားတွေရဲ့ ရဲရင့်တဲ့ စိတ်ဓါတ်ကို အလေးပြုပါတယ်။

လူသတ် ရာဇ၀တ်ကောင်တွေကို တစ်ချိန်ကျရင် အရေးယူနိုင်မှာပါ။

ဒီဓါတ်ပုံဟာ မြန်မာပြ ည်သူတွေရဲ့ နှလုံးသားထဲမှာ အမြဲတမ်း နေရာ ယူထားမှာပါ။
တရားမျှတတဲ့၊ ယဉ်ကျေးမြှု မင့်မားတဲ့ ၊ ခေတ်သစ်မြ န်မာနိုင်ငံတော်မှာ
မ၀င်းမော်ဦး နဲ့အတူ ပေးဆပ်ခဲ့ကြသူတွေကို မြင့်မြင့် မားမား ဂုဏ်ပြုကြမှာပါ။

စစ်အာဏာရှင် စနစ် ကျဆုံးပါစေ။
ပြည်သူ့အ ရေးတော်ပုံ အောင်မြင်ပါစေ။

+1 ၀မ်းနည်း နာကျည်းမိ ပါတယ်..
written by moemoe(TAIWAN), October 11, 2009

မဝင်းမော်ဦး. သမီး.. တာဝန် ကျေခဲ့ပါတယ်။ စစ်အစိုးရ အမြန်ဆုံး ကျဆုံးပါစေ။ ဗမာပြည် ဒီမိုကရေစီ အမြန်ဆုံး ရ
ပါစေ။ ...

+0 ဦးညွှတ်လျှက်
written by မားဆိုး, October 08, 2009

ကျနော် ဒီဓါတ်ပုံကို လူမှန်း သိတတ်စ ကတည်းက မြင်ဖူးခဲ့တာပါ။
ကြည့်လိုက်တဲ့ အခါတိုင်းလည်း ကြက်သီးထအောင် ခံစားရပါတယ်။
ကျနော့်မှာသာ အခွင့်ရှိရင် ဒီဓါတ်ပုံလေးကို ပူလစ်ဇာဆု ပေးချင်ပါတယ်ဗျာ။
စိတ်ချသွားပါ မဝင်းမော်ဦးရယ်
အမချစ်တဲ့ မြန်မာပြည်ကြီးရဲ့ တာဝန်ကို ကျနော်တို့ မောင်ငယ်တွေ ဆက်လက် သယ်ဆောင်သွားပါ့မယ်ဗျာ။

+3 လေးစား ဦးညွတ် ဂုဏ်ပြု လိုက်ပါတယ်
written by စ်န္တည္ရာ, October 05, 2009

မ၀င်းမော်ဦးသို့
အမဖြစ်စေချင် မြင်စေချင်တဲ့ တိုင်းပြည်မျိုး ဖြစ်အောင် ကျနော်တို့တွေ အာဏာရှင် စစ်အစိုးရကို
ဆက်လက် တော်လှန်နေပါ့မယ်လို့ သစ္စာ အဓိဌာန် ဆိုပါတယ်.....

+3 I am totally sorry.
written by moemoe, October 04, 2009

Congratulations!! to Ma Win Maw Oo..I Live in Taiwan.I come from myanmar.

+1 Proud for U!!!
written by Zaw, October 03, 2009

I really sad when I read that story .. Never forget, never forgive!!!!

+0 ချစ်ခင်စိတ်ထား.. ..လေးစားသမှု... တို့ဂုဏ်ပြု
written by မျိုးချစ်, October 02, 2009

ချစ်ခင်စိတ်ထား... .လေးစားသမှု. ..တို့ဂုဏ်ပြု။

+1 ဗမာပြည်သူ/သား များရဲ့ မျက်ရည်
written by မျိုးချစ်, October 02, 2009

ပြည်သူအများစု မျက်ရည် ကျခဲ့ရပါတယ်
အဲ့ဒါကို ဘယ်သူနဲ့ အစားထိုးမလဲ....
အစ်မတို့တွေ၊ အစ်ကိုတို့တွေရဲ့ အသက်ပေါင်း များစွာ ဆုံးရှုံးခဲ့ရပါတယ်။
ရလဒ်တာတော့ နတ္ထိ။ ရည်မှန်းချက်ြ ပည့်အောင် ဆက်လက် တိုက်ပွဲ ဝင်နေကြအုံးမှာပါ။

+1 အာဇာနည်
written by လူမုန်း, October 02, 2009

သင့်အား ငါ ဦးညွတ်ပါသည်။ သင်၏ သတ္တိ နှင့် စွန့်လွှတ်မှု တို့သည် ငါ့အားလည်း ဖြစ်ပါစေသတည်း။

+3 ...
written by May, September 26, 2009

I am very proud of you...ma win maw oo.
I don't know how to metion my sorrow for you.
I am totally sorry.
Thank you ... Irrawaddy.you give us a chance to read this true news.

+1 ...
written by dartukalyar, September 23, 2009

အခုမှပဲ ဒီဓါတ်ပုံအကြောင်းကို သိတော့တယ်။ ဖတ်ပြီး စိတ် မကောင်းဘူးဗျာ...။ အ၇မ်းကို လေးစားပါတယ်. မဝင်းမော်ဦး... ကျွန်မက ၈၆ မှ မွေးတာပါ.. .အစ်မက အသက် ၁၆ နှစ်နဲ့ မမျှအောင် ခံယူချက်ပြင်းထန်တာ ကျွန်မ တကယ်ကို လေးစားမိတာပါ... တစ်နေ့ နေ့ တစ်ချိန်ချိန် ကျရင်... အစ်မတို့ အစ်ကိုတို့ အသက် စွန့်ခဲ့ရတာ လုံးဝကို အလဟဿ မဖြစ်စေရပါဘူး ... အစ်မနာမည်ခေါ်ပြီး အမျှ ဝေရမယ့်ရက် ရောက်တော့မှာပါ အစ်မရယ်. .............

+6 Congratulations to Ma Win Maw Oo
written by Phyu, September 23, 2009

I appreciate what you had done to our people, Ma Win Maw Oo.
I was 4 at that time so I don't know much about that massacre.
But when I grew up and heard about the true story of the victims of that 88 massacre, I feel very sad.
I also feel ashamed on myself and I can't bear to those who are careless about it.
If we are still careless about the issue, how do we answer for the people who fought bravely even they are younger than us?
Think about it!
Again, Thank you very much Ma Win Maw Oo.
Thanks for the people who collect and narrate this information until now.

+3 thank u to irrawaddy for this article
written by bohtike, September 23, 2009

ဒီဆောင်းပါးကို ဖတ်ပြီး ကျွန်တော် မျက်ရည် ကျမိပါတယ်။
ဆရာဝန် နှစ်ယောက်ကိုလည်း လေးစားပါတယ်။
၁၆နှစ် သမီး တစ်ယောက်ရဲ့ စိတ်ဓါတ်ကိုလည်း အံသြမိတယ်။
စစ်အစိုးရ အမြန်ဆုံး ကျဆုံးပါစေ။

+4 ဖတ်ရင်းနဲ့ ငိုမိတယ်ဗျာ
written by ကိုဇော်, September 23, 2009

အမ ကို အမျှ ဝေနိုင်ဖို့ အချိန် မဝေးတော့ပါဘူး။ ဒါပေမဲ့ အမ ကိုင်ထားတဲ့ ဗိုလ်ချုပ် ရဲ့ သမီး ကျွန်တော်တို့ အမေ ရယူ ပေးနိုင်တဲ့ ဒီမိုကရေစီ ရမှဘဲ အမျှ ဝေပါရစေ အမရယ်။
ဆရာဝန် ၂ဦးရဲ့ အမည်ကို သိရလို့ ၀မ်းသာပါတယ်။ မြင့်မြတ်ပါတယ် ဆရာတို့ရယ်။။။

+7 မ၀င်းမော်ဦး သတင်း
written by ko Phone, September 23, 2009

အခုမှပဲ ဒီဓါတ်ပုံအကြောင်းကို သိတော့တယ်။ သိပ်ကို ကေင်းတဲ့ အကြောင်းအရာလေး ပါဘဲ။ မ၀င်းမော်ဦးနဲ့ သူ့ရဲ့ မိသားစုဝင်တွေလိုချင်တဲ့ နေ့ရက်တွေ အမြန် ရောက်နိုင်ပါစေ။

+6 ...
written by အလင်းရောင်, September 23, 2009

အရမ်းကိုလေးစားပါတယ် တိုင်ပြည်နဲ လူမျိးတွေအတွက် လိုအပ်နေတဲဆန္ဒတွေကို အမြန်ဆုံးပြည့်စုံအောင် တိုက်ပွဲဝင် သွားမယ် ။

+10 ဂုဏ်ယူပါတယ်
written by Aung Aung, September 23, 2009

မ၀င်းမော်ဦးလို သူရခြေါင်းများ ထပ်မံ ပေါ်ထွက်နိုင်ပါစေ။ Nဆိုတဲ့ ဆရာဝန် တစ်ဦး ရေးသလို နအဖ ဟာ ယူနီဖေါင်းဝတ် အကြမ်းဖက် သမားတွေပါ။ သူတို့ ထိုင်ခုံ လှုပ်ရင် သတ်မှာပဲ
+4 မထင်ရှားခဲ့သော အာဇာနည်များ
written by အိမ်, September 22, 2009

ဖတ်ပြီး စိတ် မကောင်းဘူးဗျာ...။ ဒီလို စိတ်ဓာတ် ရှိခဲ့တာလဲ အံ့သြ ချီးကျူးလို့ မဆုံးပါဘူး။ ဗိုလ်ချုပ်ပုံမြေကျမှာ စိုးလို့ အသက် ပေးသွားတဲ့ မဝင်းမော်ဦး ရဲ့ စိတ်ဓာတ်ကတော့ တကယ်ကို ရှာမှ ရှားတဲ့ စိတ်ဓာတ်ပါပဲ ဗျာ...။ ငယ်ရွယ်တုန်း အချိန်မို့ စဉ်းစား ဆင်ခြင်ဥဏ် မရှိလို့ မိုက်တယ်ပဲ ပြောပြော ဒီလို လူစားမျိုးက ရှားမှရှားပါ။ သူမ၏ မိဘများ အတွက်လဲ ဝမ်းနည်း နှမျောမိပါတယ်၊ ဂုဏ်လဲ ယူမိပါတယ်ဗျာ။
+6 တာဝန်ကျေသူ
written by chitsu, September 22, 2009

မမ
မမ တာဝန် ကျေပါပေတယ်၊သမီးက အဲဒီ အချိန်တုန်းက မှ လူ့ပြည် ရောက်တာစိုတော့ ဒါတွေကို မသိခဲ့ရပါဘူး၊ အရမ်း ၀မ်းနဲမိတယ်၊ အရမ်းလဲလေးစားမိပါတယ်မမရယ်၊ အချိန် မတန်သေးလို အမျှ မဝေချင်သေးပါဘူး ၊နောင်တချိန် မမ မြင်ချင်တဲ့ ဒီမိုကရေစီ ပန်းတိုင်ကြီး မြင်ရတဲ့ တနေ့ကျရင် မမ ဖြစ်ချင်တဲ့ အမျှ ဝေဖြစ်အောင်ဝေ ပါ့မယ်လို ချစ်စု ဆုတောင်း ပေးမယ်နော်၊ မမ ရောက်ရာ အရပ်ကနေ စောင့်မျှော် ကြည့်မြင်နိုင်ပါစေ မမ ရယ်၊
+4 အမျှ ဝေသင့်ပါတယ်။, Low-rated comment [Show]
sorry
written by mie , September 22, 2009

i m sorry.. i really do
+0 ...
written by myokowin, September 22, 2009

When I read this article ,I can.t effort to keep my tear for his brave.
+1 အမ အတွက် အမြန်ဆုံး အမျှဝေ ပေးနိုင်ဖို့ြ ကိုးစားပါ့မယ်
written by moesatni, September 22, 2009

ဒီပုံကို မြင်ဖူးတာ ကြာပါပြီ .... အခုမှ အကြောင်းစုံ သိရတာပါ။ (888 တုန်းက ကျွန်တော်က (၅)နှစ်သားပဲ ရှိသေးတယ်။ မ၀င်းမော်ဦးတို့ တာဝန် ကျေခဲ့သလို ကျွန်တော်တို့လည်း တာဝန် ကျေနိုင်အောင် ကြိုးစား နေပါတယ်။ အာဏာရှင်ရဲ့ သေနတ် ပြောင်းဝက ကျည်ဆန်တွေ ကုန်ရင်သာ ကုန်သွားမယ်။ တရားမျှတမှု အတွက် တိုက်ပွဲ ၀င်နေမယ့် မျိုးဆက်က ဘယ်တော့မှ ကုန်သွားမှာ မဟုတ်ပါဘူး။
+25 Congratulations!! to Ma Win Maw Oo
written by Ahmad, September 22, 2009

Really makes me feel and REALLY SAD for Ma Win Maw Oo .....We're going to TRY to get what all we want..... Thanks so much Irrawaddy..
+3 ...
written by shwe, September 22, 2009

May she rest in Peace.
May her parents and family able to call her name to offer the merit of good deeds to her as soon as possible
+2 One of the doctors' name is incorrect
written by N, September 21, 2009

I would like to make some correction; I know both doctors in the photos.Ko Saw Lwin (the one at the front) is two year senior to me and Win Zaw (the one at the back) is my class mate. Both doctors studied medicine in IM (1), Rangoon. Win Zaw is a very nice guy, simple and honest. He is still alive in Burma. Still working as a GP in Irrawaddy Delta. I do not know much about Ko Saw Lwin. Definitely, the one at the back is not Ko Min Thein; I don't know him as well. You can ask anyone from our Batch (1982- 1990, IM (1) graduates) they can tell that the one at the back is Ko Win Zaw. It has been 21 years but memories are still very fresh. We all are in Final Part II when 8888 democracy revolution happened. That changes our way of thinking, aims and ambitions. Some got into politics and gave up medicine some went to Thailand ,some continue the study and become a doctor. What a shame! So many ways of sacrifices but after 21 years, now we are in early 40s, Burma has not changed! We need a leader like Mikhail Gorbachev from USSR or (FW) de Klerk from South Africa.
I cannot see anyone like them in the present military regime. They are not soldiers they are just uniformed terrorist killing and torturing own people.

+10 irrawaddy
written by ကျော်စွာ, September 21, 2009

ဒီဆောင်းပါးအတွက် ကျေးဇူး အရမ်း တင်ပါတယ် ခင်ဗျာ။
+2 verry feel sad
written by moe, September 21, 2009

I hear and I read when like this news I always feel sad
what we can do for them?

+3 လေးစားပါတယ်.. မဝင်းမော်ဦး
written by မျိုးဆက်သစ်ကျောင်းသားတစ်ဦး, September 21, 2009

လေးစားပါတယ်ဗျာ...ကျွန်တော်တို့က ၈၆ မှ မွေးတာပါ..ဒါပေမယ့် အစ်မရဲ့ ဓာတ်ပုံကို ကြည့်ရတာ ကိုယ့်ညီမလေး တစ်ယောက်လို ခံစားရ ပါတယ်.. အစ်မကို သယ်လာပေးတဲ့ ဆရာဝန် နှစ်ယောက်ကိုလည်း အရမ်းလည်း လေးစားပါတယ်.. .အစ်မက အသက် ၁၆ နှစ်နဲ့ မမျှအောင် ခံယူချက်ပြင်းထန်တာ ကျွန်တော် အမှန် တကယ်ကို ကြက်သီး ထမိတာပါ... တစ်နေ့နေ့ တစ်ချိန်ချိန် ကျရင်... အစ်မတို့ အစ်ကိုတို့ အသက် စွန့်ခဲ့ရတာ.. အလကား မဖြစ်စေရ ပါဘူး...လုံးဝကို အလဟဿ မဖြစ်စေရပါဘူး ...စစ်တပ်ကို အဲသလောက် အထိ ရက်စက်လိမ့်မယ် လို့ လည်း မထင်ခဲ့မိပါဘူး... ၂၀၀၇ ကျမှ မျက်ဝါး ထင်ထင် တွေ့မိမှ တကယ်ကို နာကျည်းမိ ပါတယ်... လမ်းပေါ်မှာ ကြွေလွင့်ခဲ့ရတဲ့ မျိုးဆက်သစ်တွေကို ကိုယ်ချင်းစာ စိတ်၊ သားသမီးချင်း ကိုယ်ချင်း စာစိတ်တွေနဲ့ အလေး ပြုနေမိပါတယ်...

No comments:

Post a Comment