Wednesday, September 7, 2011

ဒေါ်အောင်ဆန်းစုကြည်အင်တာဗျူး ပါသည့် ဂျာနယ်အရေးယူခံရ

ဧရာဝတီ Wednesday, 07 September 2011 16:44

စာပေစိစစ်ရေးက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနှင့် အင်တာဗျူးကို အချပ်ပို မျက်နှာဖုံးတွင် ဖော်ပြခဲ့သော Messenger သတင်း ဂျာနယ်အား နောက်ဆက်တွဲ အပိုစာမျက်နှာ တင်ပြခွင့် ပိတ်ပင်လိုက်ပြီး ပြည်တွင်းသတင်း ဂျာနယ်များအားလုံးတွင် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး ဖော်ပြခွင့် ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။

ပြည်သူ့ခေတ်ဂျာနယ်

Messenger သတင်းဂျာနယ်သည် စက်တင်ဘာလ ၄ ရက်နေ့က ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးကို စိစစ်ဖြတ်တောက် ခံရပြီး ဖော်ပြခွင့် ရရှိခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို စာပေစိစစ်ရေးက ခွင့်ပြုသည်ထက် ပိုမိုပုံကြီးချဲ့ ဖော်ပြခဲ့သောကြောင့် စာပေစိစစ်ရေးက ၎င်းဂျာနယ်ကို အရေးယူခြင်းဖြစ်ကြောင်း ရန်ကုန် စာနယ်ဇင်း အသိုင်းအဝန်းမှ သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ပုံကြီးချဲ့တာရယ်၊ အချပ်ပို မျက်နှာဖုံးအဖြစ် လုပ်တယ်ဆိုတဲ့ ပြစ်ချက်ရယ်၊ အရင်က မလိုက်နာခဲ့တဲ့ ပြစ်ချက်ဟောင်းတွေရယ်ကို ပြန်ဖော်ပြီး ဂျာနယ်နောက်ဆက်တွဲ တင်ပြခွင့်ပိတ်လိုက်တာ။ နောက်ဆက်တွဲ တင်ခွင့်မရတဲ့အတွက် နောက်ဆုံးသတင်းတွေ မတင်နိုင်တော့ဘူး” ဟု Messenger ဂျာနယ်မှ သတင်းထောက်တဦးက ပြောသည်။

Messenger ဂျာနယ်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး၏သား ဦးဇော်မင်းအေး ထုတ်ဝေနေသော အပတ်စဉ်ထုတ် ဂျာနယ်တစောင်ဖြစ်သည်။

သြဂုတ်လအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးခရီးစဉ်နှင့် ဓာတ်ပုံသတင်းများကို စာပေစိစစ်ရေး၏ ခွင့်ပြုချက် မရှိဘဲ ဖော်ပြခဲ့သည့် Hot News ဂျာနယ်နှင့် Envoy ဂျာနယ်တို့ကို စာပေစိစစ်ရေးက နောက်ဆက်တွဲတင်ပြခွင့် ပိတ်ပင် အရေးယူခဲ့သည်။

Messenger ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးပါရှိပြီးနောက် ရက်ပိုင်းအတွင်း ပြည်သူ့ခေတ် ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် ခရီးသွားဆောင်းပါး ဖော်ပြခဲ့သည်။ သို့ရာတွင် ပြည်သူ့ခေတ် ဂျာနယ်က ကြိုတင် ကြော်ငြာထားသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်း အနားယူနေပုံကို မျက်နှာပြည့် မဖော်ပြ တော့ဘဲ စာပေစိစစ်ရေးက သတ်မှတ်သည့် ပုံသေးဖြင့်သာ ဖော်ပြခဲ့သည်။

ယခုအခါတွင် စာပေစိစစ်ရေးက ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးကို ဖော်ပြရန် ကြိုးစားသည့် သတင်းဂျာနယ် အားလုံးကို ခွင့်မပြုတော့ကြောင်း ကြားသိရသည်။

“ဒေါ်အောင်ဆန်းစုကြည် လွတ်တဲ့အချိန်မှာ ဂျာနယ်တွေအားလုံးက အင်တာဗျူးရတယ်။ Messenger ဂျာနယ်မှာ အင်တာဗျူး ပါတော့ ကျန်တဲ့ဂျာနယ်တွေလည်း ရမယ်ထင်ပြီး စိစစ်ရေးတင်ကြတယ်။ ဒါပေမယ့် ဂျာနယ်တွေအားလုံး ဖော်ပြခွင့် မရတော့ ဘူး” ဟု စာပေစိစစ်ရေးထံ ဂျာနယ်မူကြမ်းတင်ပြရန် သွားရောက်ရသည့် ထုတ်လုပ်ရေး တာဝန်ခံတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူးပါရှိသည့် Messenger ဂျာနယ်မှာ ရောင်းအား ထိုးတက်ခဲ့ပြီး ၎င်းကိုယ်တိုင် ရေးသားသည့် ဆောင်းပါးပါရှိသော ပြည်သူ့ခေတ် ဂျာနယ်သည်လည်း ကြိုတင်မှာယူမှု များစွာ ရရှိခဲ့သည်။

ထိုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးနှင့် ဆောင်းပါး ပြည်တွင်း သတင်းဂျာနယ် ၂ စောင်တွင် ရှေ့ဆင့်နောက်ဆင့် ဖော်ပြခွင့် ရခဲ့သည့်အတွက် မြန်မာစာပေလောကသား အများစုက စာပေစိစစ်ရေးနှင့် လက်ရှိအစိုးရအပေါ် အကောင်းမြင် ခဲ့ကြသည်။

သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထာဝရငြိမ်းချမ်းရေး အမြဲတမ်းကော်မတီတွင် ထည့်သွင်းရန် အရေးကိစ္စ အပါအ၀င် နိုင်ငံရေး နှင့်ပတ်သက်သော ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများကို ဂျာနယ်များ အားလုံးတွင် စာပေစိစစ်ရေးက လုံးဝ ဖော်ပြခွင့် မပြုဘဲ ပိတ်ပင်ထားသည်။

No comments:

Post a Comment