Saturday, February 26, 2011

ပြည်တွင်းစစ် ရပ်ဆိုင်းရန် KNU တောင်းဆို ပြည်တွင်းစစ် ရပ်ဆိုင်းရန် KNU တောင်းဆို

သဲသဲ | စနေနေ့၊ ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၂၆ မိနစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ ပြည်တွင်းစစ်ပွဲများ ရပ်ဆိုင်းပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာစေရန် စစ်အစိုးရကို နိုင်ငံတကာက ဖိအားပေးရန် ကရင်အမျိုးသားအစည်းအရုံး KNU က တောင်းဆိုလိုက်သည် ။

တိုင်းရင်းသားဒေသများတွင် စစ်အစိုးရတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ဒေသခံလူထု ထိခိုက်နေရပြီး ၊ တွေ့ဆုံဆွေးနွေး
ရေးဖြင့်သာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်သောကြောင့် ယခုတပတ် ကြာသပတေးနေ့တွင်ကြေညာချက်
ထုတ်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည် ။

“ စစ်တပ်က လူထုတွေကိုသုံးပြီး အမျိုးမျိုး အနိုင်ကျင့်တယ် ၊ ဒါကိုဆက်လုပ်မယ်ဆိုရင် တိုင်းရင်းသားတွေက ဒီ့ထက် ပိုပြီး ခံစားနေရမှာ အဲဒါကြောင့် နိုင်ငံတကာက နအဖကို အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာဖို့၊ ဖိအားပေးဖို့ ကျမတို့က တောင်းဆိုတာ ” ဟု KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည် ။

သုံးပွင့်ဆိုင်ဆွေးနွေးရေးအတွက် KNU နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အဆင့်သင့်ရှိနေကြောင်း ကြေညာချက်က ဆိုသည်။ ထို့ပြင် KNU ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးနေကြောင်း စစ်အစိုးရအာဘော် သတင်းစာများတွင် ဖော်ပြလေ့ရှိပြီး၊ ၎င်းဖော်ပြချက်မှာ အခြေအမြစ် မရှိသည့် စွပ်စွဲချက်များဟုလည်း ကြေညာချက်ထဲတွင် ငြင်းဆို
ထားသည် ။

စစ်အစိုးတပ်များကသာ အရပ်သားများကို လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်း ၊ ရှေ့တန်းစစ်ဆင်ရေးများတွင်ဒေသခံပြည်သူ
များကို ရိက္ခာသယ်ရန် ပေါ်တာဆွဲခြင်းများကို ပြုလုပ်လျက်ရှိသည်ဟု နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည် ။

နအဖ တပ်များကသာ အရပ်သားများကို ပစ်ခတ်မှုကိုခွင့်ပြုထားပြီး စစ်ဆင်ရေးများတွင် ဒေသခံများကို ရိက္ခာသယ်ရန် ပေါ်တာစွဲခြင်း လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်းများ ရှိကြောင်းနှင့် KNU အနေဖြင့် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေသော်လည်း စစ်အစိုးရက စစ်ရေးဖြင့် ဖိအားပေးလာလျှင် တိုင်းရင်းသား လက်နက်ကိုင်များပူးပေါင်းကာ ပြန်လည်ကာကွယ်သွားမည်ဟု ဆိုသည် ။

KNU သည် နှစ်ပေါင်း ၆၀ ကျော်ကြာအောင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တောင်းဆိုခဲ့ပြီိး ထိုင်း-မြန်မာနယ်စပ်တွင်ခြေကုပ်ယူ
လှုပ်ရှားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည် ။

ပြည်သူများကို ငဲ့ကွက်ခြင်းမရှိသည့် စစ်အစိုးရ၏ သဘောထားတင်းမာမှုကြောင့်သာ တွေ့ဆုံဆွေးနွေးရေးမှာ ခက်ခဲနေဆဲဖြစ်သည်ဟု တရုတ်အခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည် ။

“ လူ့အခွင့်အရေး တစက်မှ နားမလည်တဲ့၊ လူမျိုးရေးစိတ်နဲ့ ဖြေရှင်းနေတဲ့ စစ်တပ်နဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာ နိုင်ငံတကာ ဖိအားမပါဘဲ မရနိုင်ဘူး။ ပြည်တွင်းစစ်အကြောင်းပြပြီး စစ်တပ်ကြီးကြီး ထောင်ထားမယ် ၊ စစ်တပ်ကြီးကြီးနဲ့ တိုင်းပြည်ကို လုပ်ချင်သလို လုပ်မယ် ။ ဒါ့ကြောင့် သူတို့က ပြည်တွင်းစစ်ကို မရပ်စဲချင်ဘူး ၊ သူတို့သဘောနဲ့ သူတို့တော့ စားပွဲဝိုင်းကို လာမှာမဟုတ်ဘူး ” ဟု မဇ္ဈိမကို သုံးသပ်သည် ။

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံပါတီများ ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးရန်
စစ်အစိုးရကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တောင်းဆိုနေကြသော်လည်း ယနေ့အထိ အကောင်အထည်ဖော်ခြင်းမရှိပေ

နှစ်ပေါင်း ၂၀ ကျော်အပြီး ထွက်ပေါ်လာသည့် လွှတ်တော်က တင်မြှောက်သည့် သမ္မတထွက်ပေါ်လာချိန်ကလည်း ကုလအထွေထွေ
အတွင်းရေးမှူး ဘန်ကီမွန်းက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် ယခုလ ၄ ရက်နေ့တွင် စစ်အစိုးရကို ထပ်မံတောင်းဆိုခဲ့သေးသည် ။

စစ်အစိုးရက ပြီးခဲ့သည့်နှစ် မေလမှစ၍ ငြိမ်းချမ်းရေးယူထားသည့် အပစ်ရပ်အဖွဲ့များကို စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်
အဖြစ် အသွင်ပြောင်းလဲရန်အတွက် ဖိအားပေးခဲ့သည့်နောက်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား သဘော
ထားတင်းမာမှု ဖြစ်ပေါ်ခဲ့သည် ။

“ ၀ ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ရှမ်းပြည်
တပ်မတော်တောင်ပိုင်း SSA-S ၊ မိုင်းလား ခေါ် အမျိုးသားဒီမိုကရေစီ မဟမိတ်အဖွဲ့ NDAA တို့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက်
ငြင်းဆန်ထားကြသည် ။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် စစ်အစိုးရတပ်များနှင့် ကရင် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များအကြား နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည် ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တွေ့ဆုံဆွေးနွေးရေးအတွက် တဖက်တွင် တောင်းဆိုနေသော်လည်း စစ်အစိုးရက စစ်ရေးဖြင့် ဖိအားပေးလာပါက ကာကွယ်ရန်အတွက် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့ ပါဝင်သည့် “ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်
ကောင်စီ ” ( United Nationalities Federal Council-Union of Burma ) ကို ယခုလ ၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သေးသည် ။

ထိုင်း - မြန်မာနယ်စပ်တွင် ဖွဲ့စည်းသည့် အဆိုပါကောင်စီတွင် အပစ်မရပ်နှင့် အပစ်ရပ် အဖွဲ့များသာမက ပြည်ပအခြေစိုက် တိုင်းရင်းသား အဖွဲ့အစည်းအချို့လည်း ပါရှိသည် ။

No comments:

Post a Comment