Friday, February 4, 2011

သမ္မတ ဦးသိန်းစိန်အပေါ် ရှုမြင်ချက်များ

မျိုးသန့် | သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၀၄ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၀၄ မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ သမ္မတအဖြစ် ဦးသိန်းစိန်ကို နေပြည်တော်တွင် ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်က ရွေးချယ်လိုက်သည်။

၁၉၈၈ ခုနှစ်တွင် တပ်မတော်မှ နိုင်ငံတော်အာဏာ သိမ်းပြီးနောက် သမ္မတ ဦးသိန်းစိန်
ကကကြည်းတွင် စစ်ဦးစီးဗိုလ်မှူးကြီး ရာထူးအဆင့်ဖြင့် ဦးသိန်းစိန်သည် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအထိ စစ်ဘက်ဆိုင်ရာ ရာထူးတိုးမြှင့်ခံခဲ့ရသည်။

ပြီးခဲ့သည့်နှစ် ဧပြီလဆန်းပိုင်းတွင် စစ်တပ်ရာထူးမှ အနားယူခဲ့ပြီး၊ မန္တလေးတိုင်း ဇဗ္ဗူသီရိမြို့နယ်မှနေ၍ ပြည်သူ့လွှတ်တော်အတွက် ကြံ့ဖွံ့ပါတီမှ ကိုယ်စားပြုကာ ဝင်ပြိုင်ခဲ့ရာ အနိုင်ရခဲ့ပြီး၊ ယနေ့တွင် သမ္မတအဖြစ် ရွေးချယ်ခံရခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်နှင့် ပတ်သက်ပြီး စီးပွားရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး နယ်ပယ်များမှ ပုဂ္ဂိုလ်အချို့၏ သဘောထား ရှုမြင်ချက်များကို စုစည်းတင်ပြလိုက်ပါသည်။


ဦးခင်ရွှေ
(အမျိုးသားလွှတ်တော်အမတ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ)

“သူက နိုင်ငံတကာ အတွေ့အကြုံရှိတယ်။ လက်ရှိကိုက နိုင်ငံတော် ဝန်ကြီးချုပ်လည်း ဖြစ်တယ်။ နိုင်ငံတကာမှာလည်း ဝင်ဆံ့တယ်။ သူက အတွေ့အကြုံလည်း များတယ်။ နိုင်ငံထဲမှာ သွားလာလည်ပတ်တာလည်း များတယ်။ နိုင်ငံတော် ဝန်ကြီးချုပ်ဘဝနဲ့ စီးပွားရေး လူမှုရေးတွေမှာ ဆွေးနွေးခဲ့ဖူးတာတွေ ရှိတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံ စီးပွားရေးကို ပြန်လည်ထူထောင်ရမယ်ဆိုတာ သူသိတယ်လေ”

“မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အခုထက် အများကြီး တိုးတက်မယ်လို့ မျှော်လင့်တယ်။ နအဖ အစိုးရအနေနဲ့ အေးချမ်းသာယာမှုကို တည်ဆောက်ပြီးပြီ။ နောက်ပြီးတော့ လမ်းပန်းဆက်သွယ်ရေးကို အထိုက်အလျောက် တည်ဆောက်ပြီးပြီ။ အဲဒီတော့ အောက်ခြေ စီးပွားရေးကို တက်လာမယ့် စီးပွားရေးတရပ်ကို ထူထောင်ဖို့ပဲ ရှိပါတယ်။ အန်ကယ့် မဲဆန္ဒနယ်မှာဆိုရင် အဓိက အလုပ်လက်မဲ့ ပြဿနာ၊ အဲဒါတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုနေပါတယ်”

ဦးမျိုးဇော်အောင်
(တွဲဘက် အထွေထွေ အတွင်းရေးမှူး၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ)

“အခြေအနေကတော့ ပိုကောင်းလာမယ်၊ မကောင်းလာဘူးဆိုတာတော့ တပ်အပ်ပြောလို့ မရဘူး။ အရင်တုန်းကတော့ ကျနော်တို့နိုင်ငံကို စစ်အစိုးရ အုပ်ချုပ်တာပေါ့နော်။ အခုကတော့ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီ စစ်မှန်တာတွေ မမှန်တာတွေ အပထား၊ ပြည်သူထူထုက ရွေးကောက်တင်မြောက်တဲ့ အစိုးရက လွှတ်တော်နဲ့ အစိုးရ ပေါင်းစပ်ပြီး အုပ်ချုပ်တဲ့ စနစ်မျိုးကို ရောက်လာတယ်။ ရောက်လာတော့ ပုံသဏ္ဌာန်တော့ နည်းနည်း ပြောင်းသွားတယ်”

“နိုင်ငံတော် သမ္မတ တယောက်အနေနဲ့ လူ့အခွင့်အရေးကို ပိုပြီးတော့ ဂရုစိုက်တဲ့ သမ္မတမျိုး ဖြစ်လာအောင် ကျနော်တို့ လုပ်စေချင်တာကတော့ Good Government ဖြစ်ဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာဖို့ ကျနော်တို့နိုင်ငံမှာ အဓိက ဖြစ်နေတာကတော့ လူမှုစီးပွားရေးအခြေအနေ နိမ့်ပါးနေတာဆိုတော့ တဦးချင်း ဝင်ငွေမြင့်မားလာဖို့၊ စီးပွားရေးအခြေအနေ ကောင်းလာဖို့နဲ့ အစိုးရကောင်းတရပ် ဖြစ်လာရေးကို လုပ်စေချင်တာပေါ့”

ဗိုလ်ထက်မင်း
(စစ်မှုထမ်း အရာရှိဟောင်း)

“သူက ရုံးလုပ်ငန်းနဲ့ ပတ်သက်လို့တော့ ဂျိုးကပ်အောင် တော်တဲ့သူပါ၊ ကလောင်ပဲ ကိုင်တယ်၊ ဖိုက်တာ မဟုတ်ဘူး၊ တိုက်ခိုက်ရေးသမား မဟုတ်ဘူး။ တိုက်ခိုက်ရေးသမား မဟုတ်တဲ့အတွက် တပ်မမှူးတွေမှာ ရှိသင့်တဲ့ အရည်အချင်း မရှိဘူး။ ခေါင်းဆောင်ကောင်းတယောက် မဟုတ်ဘူး။ သူဟာ ရုံးလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ သိမ်မွေ့တယ်၊ ကျွမ်းကျင်တယ်၊ လိမ္မာတယ်။ ဒါပေမဲ့ ခုန ပြောသလို တိုက်ခိုက်ရေးသမား မဟုတ်တဲ့အတွက် အချို့အပိုင်းတွေမှာ တွေဝေတယ်”

“ပြည်သူလူထုအတွက်ကော တိုင်းပြည်အတွက်ကော ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်း တယောက်လို့တော့ မမြင်ဘူးခင်ဗျာ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးခင်ဗျာ့။ သူဟာ ရဲရဲတင်းတင်း လုပ်တတ်တဲ့ အလေ့အကျင့် မရှိဘူး”

ဦးဥာဏ်ဝင်း
(ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)

“ကျနော်တို့အမြင်ကတော့ သမ္မတရွေးချယ်ပွဲ ပြီးသွားတော့ ဒီလွှတ်တော်ကြီး လုပ်တာ။ ကျနော်တို့ ဘာမှ ထူးထူးခြားခြား အပြောင်းအလဲ မမြင်ဘူး။ ဆိုလိုတာက တိုင်းပြည်အတွက် အရေးကြီးတဲ့ အမျိုးသား ရင်ကြားစေ့ရေးတို့၊ ဒီမိုကရေစီအရေးတို့အတွက် ထူးခြားတဲ့ ပြောင်းလဲမှု ကျနော်တို့တော့ မမြင်ဘူး။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်တဲ့ လုပ်ဆောင်မှုမျိုး လုပ်ဆောင်မယ် ဆိုရင်တော့ ကျနော်တို့က ကြိုဆိုမှာပါ”

ဦးစိုင်းဆောင်ဆီ
(ပြည်သူ့လွှတ်တော်အမတ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ)

“သူကတော့ ရွေးကောက်ပွဲကလည်း လာတယ်၊ ပြီးတော့ ဘယ်လိုပဲပြောပြောပေါ့လေ အဆင့်တိုင်းပေါ့လေ၊ ပြည်သူ့လွှတ်တော်မှာလည်း မဲနဲ့ ရွေးကောက်တယ်ဆိုတော့ ပုံစံလေးတော့ နည်းနည်း ပြောင်းသွားတာပေါ့နော်။ နှုတ်နဲ့ ခန့်တဲ့ဟာမျိုးတော့ မဟုတ်တော့ဘူးပေါ့။ နောက်ပြီးတော့ အခြေခံဥပဒေအရ အာဏာသုံးရပ်ကလည်း ကွဲပြားသွားတော့ ပုံသဏ္ဌာန်ကတော့ နိုင်ငံရေးပါတီတွေလည်း ရှိတယ်ဆိုတော့ အရင်ထက်တော့ ကွဲပြားမှာပါ”

“လူထုတင်မြှောက်လိုက်တဲ့ သမ္မတဆိုတော့ နိုင်ငံတကာမှာ ဝင်ဆံ့ရတော့မယ်။ နိုင်ငံတကာ စံညွှန်းအတိုင်း လုပ်ရမှာပေါ့။ နောက်ပြီးတော့ ပါတီစုံလည်း ဖြစ်တယ်ဆိုတော့ အရပ်သား အစိုးရလိုလည်း ဖြစ်သွားပြီဆိုတော့ ဦးသိန်းစိန်ကလည်း အတွေ့အကြုံလည်း ရှိပါတယ်”

ဦးရဲထွန်း
(ဥက္ကဋ္ဌ ၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ - ပြည်ထောင်စု မြန်မာနိုင်ငံ)

“အပြောင်းအလဲတခုအနေနဲ့တော့ မမြင်ဘူးခင်ဗျာ့။ အခု တပ်က အကြီးအကဲတွေက ပါတီနာမည်ပြောင်းပြီးတော့ ဖွဲ့စည်းပုံအရ ပေါ်လာတဲ့ အစိုးရဖွဲ့စည်းပြီးတော့ လုပ်ကြတယ်ဗျာ။ အဲဒီတော့ အရမ်းကာရောကြီးတော့ မျှော်လင့်လို့ဖြစ်မှာ မဟုတ်ဘူး။ သူတို့ရဲ့ အပြုအမူတွေ၊ စိတ်ထားတွေကတော့ ရှိနေမှာပဲ။ အဲဒီပုံစံနဲ့ပဲ သွားနေဦးမှာပါ”

“တိုင်းပြည်ကို ပထမဆုံး ပွင့်ပွင့်လင်းလင်း မိန့်ခွန်းပြောနိုင်ရမယ်၊ အနာဂတ်မှာ ကြုံခဲ့တဲ့ ဆိုးမွေတွေနဲ့ နောက်ထပ် မကြုံရေးနဲ့ ကောင်းမွေတွေ ဖန်တီးနိုင်ရေးကို ဦးဆောင်လုပ်နိုင်ရမယ်”

ဦးအောင်မျိုးမင်း
(ဒါရိုက်တာ၊ လူ့အခွင့်အရေး ပညာပေးဌာန - မြန်မာနိုင်ငံ)

“အခုတက်လာတဲ့ သမ္မတကို ကြည့်မယ်ဆိုရင် အရင်တုန်းက သူက ဒီနိုင်ငံတော်မှာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်တယ်။ သူတာဝန်ယူခဲ့တဲ့ အချိန်ကို ပြန်ပြီး ဆန်းစစ်ကြည့်ရင် ဒီကလေး စစ်သားပပျောက်ရေး ကော်မတီမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တယ်။ အဲဒီကလေးစစ်သား ကော်မတီက ကလေးစစ်သား ပပျောက်ရေးအတွက် တာဝန်တွေ အပြည့်အဝ ပေးထားတယ်။ ဒါပေမဲ့ သူတာဝန်ယူခဲ့တဲ့ အချိန်မှာ ကလေးစစ်သား ပပျောက်ရေး ကော်မတီရဲ့ လုပ်ဆောင်ချက်တွေကို ပြန်ကြည့်မယ်ဆိုရင် တကယ်တမ်း လုပ်သင့်သလောက် မလုပ်တာတွေ အများကြီး တွေ့တယ်”

“ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်တုန်းကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီး ရှိနေတုန်းပဲ။ အဲဒီ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်လို့ တကယ်တမ်း ကျူးလွန်သူတွေကို အရေးယူမှု မရှိတာတွေ၊ တရားစီရင်ရေးမှာ အနှောင့်အယှက်တွေ အများကြီး ဖြစ်တာတွေအတွက် ဒီလိုမျိုး အပြစ်ပေးခံရမယ့်သူတွေ လွတ်မြောက်နေတာက သူ့မှာ တာဝန်ရှိတဲ့ အပိုင်းကို သူ မလုပ်ဆောင်နိုင်တာ ဖြစ်တယ်”

ဦးဣဿရိယ
(နိုင်ငံခြားရေးတာဝန်ခံ၊ မြန်မာနိုင်ငံ သံဃာ့တပ်ပေါင်းစု)

“အခု လုပ်နေတဲ့ လွှတ်တော်ထဲမှာတောင် ဘာယူမလာရဘူး၊ ညာယူမလာရဘူး။ အကုန်လုံး ခေါင်းညိတ်နေတဲ့ စနစ်နဲ့ပဲ သွားတာဖြစ်တဲ့ အတွက်ကြောင့် ပြုပြင်ပြောင်းလဲရေးကတော့ ဦးဇင်းတို့အနေနဲ့ ဘာမှ မမြင်ဘူး။ စစ်ဝတ်ကနေ အရပ်ဝတ်ပြောင်းသွားတဲ့ အရင်တုန်းက နာမည်ခေါ်တဲ့ စစ်အုပ်ချုပ်ရေးကနေပြီးတော့ နာမည်ပြောင်းပြီး ခေါ်လိုက်တဲ့ အမည်ခံ ဒီမိုကရေစီသာ ဖြစ်ပြီးတော့ သဏ္ဌာန်ကတော့ စစ်သဏ္ဌာန်တွေ ဦးဇင်းတို့ မြင်နေရပါတယ်”

ဒေးဗစ်တာကပေါ
(ဒုဥက္ကဋ္ဌ၊ ကရင်အမျိုးသား အစည်းအရုံး)

“ကျနော်တို့ကတော့ (ဦး)သိန်းစိန်ဟာ စစ်တပ်လူထွက်ပဲ။ စစ်တပ်ကနေ အရပ်သား အသွင်ပြောင်းသွားတဲ့ အနှစ်သာရအားဖြင့်တော့ မပြောင်းပါဘူး။ အဲဒီတော့ အခြေအနေတွေက ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး။ တိုင်းရင်းသား အင်အားစုတွေ တောင်းဆိုနေတဲ့ တိုင်းရင်းသား အခွင့်အရေးတွေလည်း ရမှာမဟုတ်ဘူး။ အရင်အတိုင်းပါပဲ။ အရင်အတိုင်းလို့ပဲ ကျနော်တော့ မြင်တယ်။ တိုင်းရင်းသား ကိစ္စကော၊ ဒီမိုကရေစီအရေးကော သမ္မတတယောက်အနေနဲ့ ဖြေရှင်းနိုင်မယ်လို့ ကျနော် မထင်ဘူး”

ဦးအောင်နိုင်ဦး
(မြန်မာ့အရေး လေ့လာသုံးသပ်သူ)

“အရင်တုန်းက ကျနော်တို့နိုင်ငံမှာ ဗိုလ်ချုပ်သန်းရွှေနဲ့ နီးစပ်မှ၊ ဗိုလ်ချုပ်သန်းရွှေကို သစ္စာရှိမှ ဗိုလ်ချုပ်သန်းရွှေက ခိုင်းမှပဲ လုပ်ရတာ ရှိတယ်။ ထွက်ဖောက်ပြီးတော့ လုပ်ဖို့က ခက်တယ်။ ဗိုလ်ချုပ်သန်းရွှေ ခိုင်းသမျှကို လုပ်ခဲ့ရတာ ဖြစ်တယ်။ အဲဒီတော့ ဗိုလ်သိန်းစိန်လို၊ ဗိုလ်တင်အောင်မြင့်ဦးလို လူမျိုးတွေဟာ သူ့ဟာနဲ့သူတော့ အရည်အချင်းရှိတဲ့ လူတွေ ဖြစ်တယ်။ ဗိုလ်ချုပ်သန်းရွှေရဲ့ ပြောစကားကို ခေါင်းညိတ်ရုံနဲ့တော့ ဒီလိုနေရာမျိုးကို ရောက်လာတဲ့ သူတွေ မဟုတ်ဘူး။ သူ့ဟာနဲ့ သူတော့ အရည်အချင်းရှိတဲ့ သူတွေ ဖြစ်တယ်”

“ဒီလို အရည်အချင်းတွေကို ဗိုလ်ချုပ်သန်းရွှေ လက်အောက်မှာ လုပ်ချင်တိုင်း လုပ်လို့မရဘူး။ ဗိုလ်ချုပ်သန်းရွှေ ခိုင်းတာကိုပဲ လုပ်ရတယ်။ ဒါကြောင့်မလို့ ဗိုလ်သန်းရွှေဟာ ဘယ်လောက်ထိ လွှမ်းမိုးထားဦးမလဲ၊ ဗိုလ်ချုပ်သိန်းစိန်အနေနဲ့ အခုလာမယ့် အစိုးရအနေနဲ့ ဗိုလ်ချုပ်သန်းရွှေရဲ့ အရိပ်မဲကြီးအောက်က ဘယ်လောက် ရုန်းထွက်နိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်”

No comments:

Post a Comment