Tuesday, February 15, 2011

စီးပွားရေးပိတ်ဆို့မှုထက် နိုင်ငံရေးပြောင်းလဲမှု ပိုအရေးကြီး

ဧရာဝတီ Tuesday, 15 February 2011 14:24

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး၊ မရုပ်သိမ်းရေး သဘောထား ကွဲလွဲလာမှုသည် အတိုက်အခံ နိုင်ငံရေး အင်အားစုများ စုစည်းမှု မရှိစေရန် စစ်အစိုးရက နိုင်ငံရေးကစားကွက် တခုအဖြစ် အသုံးပြုလာ၍ ဖြစ်ကြောင်း ရန်ကုန်မြို့ခံ ပြည်သူများက ပြောသည်။

ရန်ကုန်မြို့ လှိုင်သာယာ မြို့နယ်ရှိ ထိုင်ဝမ် ကုမ္ပဏီပိုင် အထည်ချုပ် စက်ရုံ တရုံ၌ အလုပ်လုပ်နေသော အမျိုးသမီး တဦး။ ၂၀၀၃ ခုနှစ် က အမေရိကန်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံရှိ အထည်ချုပ် လုပ်ငန်းတချို့ ထိခိုက်မှု ရှိခဲ့သည်။ (ဓာတ်ပုံ - AFP)
စီးပွားရေးပိတ်ဆို့မှုနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နှင့် နိုင်ငံရေးပါတီများအကြား သဘောထားကွဲလွဲမှု ကြီး ထွားလျက်ရှိပြီး စစ်အစိုးရသတင်းစာများက NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ကို စတင် တိုက်ခိုက်လာမှုများအပေါ် ပြည်သူများက စိတ်ပျက်လက်ပျက် ဖြစ်နေကြောင်း ရန်ကုန်မြို့တွင် ဧရာဝတီက ပြုလုပ်ခဲ့သော စစ်တမ်းငယ် တခုအရ သိရှိရသည်။

ရန်ကုန်မြို့ရှိ အခြေခံလက်လုပ်လက်စား ၁၀ ဦး၊ တက္ကသိုလ်ကျောင်းသား ၂၀၊ ကုမ္ပဏီဝန်ထမ်း ၁၂ ဦး၊ သတင်းထောက် ၁၀ ဦး၊ အငြိမ်းစား အစိုးရ၀န်ထမ်း ၂ ဦး၊ စီးပွားရေးပညာရှင် ၁ ဦး၊ နိုင်ငံရေး ပါတီဝင် မဟုတ်သော နိုင်ငံရေးသမား ၅ ဦး၊ အငြိမ်းစား တပ် မတော်အရာထမ်း ၂ ဦး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အရာရှိ ၁ ဦး အပါအ၀င် စုစုပေါင်း လူထု လူတန်းစား အလွှာစုံမှ လူ ၁၀၀ ကို တွေ့ဆုံပြီး စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး၊ မရုပ်သိမ်းရေးနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့ရာ အများစု က စီးပွားရေးပိတ်ဆို့မှု ကိစ္စထက် စစ်ဗိုလ်ချုပ်များနှင့် ဗိုလ်ချုပ်ဟောင်းများ ကြီးစိုးသော အုပ်ချုပ်ရေး ယန္တရားမရှိစေရေးမှာ အဓိက အရေးကြီးကြောင်း ပြောဆိုသည်။

“ရွေးကောက်ပွဲ မတိုင်မီတုန်းကလည်း ရွေးကောက်ပွဲဝင်ရေး၊ မ၀င်ရေးဆိုပြီး နှစ်ခြမ်းကွဲခဲ့ကြတယ်။ အခုတခါကျတော့လည်း စီးပွား ရေးပိတ်ဆို့မှု ဖယ်ရှားရေး၊ မဖယ်ရှားရေး နှစ်ခြမ်းကွဲပြန်တယ်။ အာဏာရှင်တွေရဲ့ သွေးခွဲလမ်းစဉ်အောင်မြင်တယ်လို့ပဲ ပြောရမယ်။ ဒီအချိန်မှာ အရေးကြီးဆုံးက စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားရေးလည်း မဟုတ်ဘူး၊ မဖယ်ရှားရေးလည်း မဟုတ်ဘူး။ စစ်အာဏာရှင် စနစ်နဲ့ အတုအယောင် ဒီမိုကရေစီ မရှိုဖို့ဘဲ”ဟု ၀ါရင့် သတင်းစာ ဆရာတဦးက ပြောသည်။

ပြည်တွင်း စီးပွားရေးပညာရှင်တဦးက စီးပွားရေးပိတ်ဆို့မှုသည် အခြေခံအားဖြင့်ကြည့်လျှင် တိုင်းပြည်၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အဟန့်အတားဖြစ်စေသည်ဟု နားလည်နိုင်သော်လည်း ဥပဒေစိုးမိုးမှုမရှိခြင်း၊ လက်လှမ်းသင့်ရာ စီးပွားရေးသမား လုပ်ပိုင်ခွင့်ပေးခြင်း၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ကာကွယ်စောင့်ရှောက်သည့် အာမခံချက်မရှိခြင်း စသည့် အခြေအနေများကြောင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ ၀င်မလာခြင်းဖြစ်သည်ဟု သုံးသပ်သည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မလာတာက စီးပွားရေးပိတ်ဆို့မှု တခုကြောင့်တော့မဟုတ်ဘူး။ ဥပဒေစိုးမိုးမှုနဲ့ အာမခံချက်ရှိဖို့လည်း အရေးကြီးတယ်။ ဘယ်လောက်ပဲ စီးပွားရေးပိတ်ဆို့ပါစေ ဒီတိုင်းပြည်က တည်ငြိမ်မယ်၊ အေးချမ်းမယ်၊ စီးပွားရေးလုပ်ဖို့အခြေ အနေကောင်းတွေရှိတယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်မှာပဲ။ ဘောဂဗေဒ သဘောတရားနဲ့ ကြည့်ရင် စီးပွားရေးပိတ်ဆို့မှုထက် စီးပွားရေးလုပ်ဖို့ကိုင်ဖို့ကောင်းတဲ့ အခြေအနေတွေ ဖန်တီးပေးဖို့က အဓိကျတယ်”ဟု ၄င်းက ဆိုသည်။

ပြည်တွင်းနိုင်ငံရေးပါတီကြီး ၁၁ ခုက ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကျရောက်သော ၆၄ နှစ်မြောက်ပြည်ထောင်စုနေ့ ၌ ထုတ်ပြန် သည့် ပူးတွဲကြေညာချက်တွင် စီးပွားရေးပိတ်ဆို့မှုကြောင့် အမေရိကန်နိုင်ငံသည် နှစ်စဉ် ပို့ကုန် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ နှင့် ၁၉ ဘီလီယံအကြား နစ်နာပြီး အမေရိကန်လုပ်သားများအတွက် လုပ်ခလစာ ၁ ဘီလီယံကျော် ဆုံးရှုံးရကြောင်း၊ မြန်မာနိုင်ငံ အနေနှင့်လည်း စီးပွားရေးပိတ်ဆို့မှုကြောင့် ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးရပြီး အလုပ်အကိုင် သိန်းချီဆုံးရှုံးရကြောင်း ၊ ထို့ကြောင့် စီး
ပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းသင့်ကြောင်း ထုတ်ပြန်ထားသည်။

စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးတောင်းဆိုသော နိုင်ငံရေးပါတီများတွင် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊ ပြည်ထောင်စု ကရင်အမျိုးသား အဖွဲ့ချုပ်၊ ချင်း အမျိုးသား ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်း ရေး ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေး ပါတီ၊ ၀ံသာနု NLD(ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်အဖွဲ့ချုပ်၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီတို့ ပါဝင်သည်။

စစ်တပ်မှ ဗိုလ်မှူး ရာထူးဖြင့် အငြိမ်းစားယူထားပြီး လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနတွင် သကြားစက်ရုံမှူး တာဝန် ထမ်းဆောင်နေ သူ တဦးကမူ“စီးပွားရေးပိတ်ဆို့မှု ဆိုတာထားဦး။ လက်ရှိ တပ်ထဲက အရာရှိတွေ အရပ်ဘက်ပြောင်းသွားရင် မိသားစုစားဝတ်နေ ရေး၊ သားသမီးတွေ ကျန်းမာရေး၊ ပညာရေး အတွက် ရရင် ရသလိုကိုယ့်အတွက် ကျန်အောင် လုပ်ရတာပဲ။ ရိုင်းရိုင်းပြောရင်တော့ ခိုးရ၊ ဖွက်ရတာပဲ။ လောလောဆယ် ကိုယ့်မိသားစု အဆင်ပြေဖို့အတွက် အဓိက။ ကျန်တဲ့ကိစ္စ ခေါင်းထဲမထည့်နိုင်ဘူး။ ကိုယ် တယောက်တည်း မဟုတ်ဘူး၊ ထိပ်ဆုံးရောက်နေတဲ့ တပ်မတော် အရာရှိကြီးတွေလည်း ဒီလိုပါပဲ”ဟု ပြောသည်။

အမေရိကန်နှင့် ဥရောပ နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုသည် အစိုးရစီးပွားရေးကို တိုက်ရိုက်ထိခိုက်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး က ရှင်းပြသည်။

“စီးပွားရေးပိတ်ဆို့မှုက တကယ်ကို ထိခိုက်ပါတယ်။ စီးပွားရေးတိုးတက်ဖို့ ဆွေးနွေးတိုင်း အဲဒီအကြောင်းကိုပဲ ဆွေးနွေးရပါတယ်။ ပို့ကုန်တွေ ဘယ်လို ပင်ရင်းနိုင်ငံဖျောက်ပြီး အနောက်နိုင်ငံဈေးကွက်အထိ အရောက် ဘယ်လိုတိုးချဲ့မလဲ။ ဘယ်လို ကျော်ဖြတ် လုပ်ကိုင်မလဲ ဆိုတာမျိုးကို ပြောဆိုဆွေးနွေးရတယ်”ဟု ၎င်းက ဆိုသည်။

တသီးပုဂ္ဂ လွှတ်တော်အမတ်လောင်း တဦးက စီးပွားရေးပိတ်ဆို့မှုသည် ပြည်သူများအပေါ် ထိခိုက်မှုမရှိကြောင်း၊ ဥပမာအားဖြင့်- Eddie Bauer & Pepsi ကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာသွားသော်လည်း ပြည်တွင်းထုတ် နှင့် ထိုင်းနိုင်ငံထုတ်အချိုရည်များက ဈေးကွက်တွင် နေရာယူလာကြောင်း၊ အစိုးရအနေနှင့်လည်း သယံဇာတမှ ရောင်းချရသော ၀င်ငွေများရရှိနေသည့်အပြင် တရုတ် ၊ အိန္ဒိယနိုင်ငံ များနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများရှိနေသောကြောင့် စီးပွားရေးပိတ်ဆို့မှုကို လုံးဝ ဂရုမစိုက်ကြောင်း၊ စီးပွားရေးပိတ်ဆို့မှုသည် ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာ့နိုင်ငံရေးမှ ဖယ်ရှားရန် အကြောင်းပြချက်တခုအဖြစ် စစ်အစိုးရက အသုံးပြု နေခြင်းဖြစ်ကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးမပြေလည်မှုများသည် စစ်အုပ်ချုပ်ရေးကြောင့် ဖြစ်ပြီး ပြည်သူတရပ်လုံး အနေနှင့် စုစည်းညီညွတ်စွာ စစ်အုပ်ချုပ်ရေးစနစ်ကို တွန်းလှန်ရန်လိုအပ်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများက ပြောသည်။

“ပညာရေး၊ ကျန်းမာရေးပိုင်းမှာ အရမ်းနိမ့်ကျတာက စီးပွားရေးပိတ်ဆို့မှုကြောင့်တော့ မဟုတ်ဘူးထင်ပါတယ်။ ဓာတ်ငွေ့ရောင်းလို့ ရတဲ့ ငွေ၊ သယံဇာတ ရောင်းလို့ရတဲ့ပိုက်ဆံတွေက ဘယ်မှာသွားသုံးထားလဲ။ စီးပွားရေးပိတ်ဆို့ပါတယ် ဆိုတဲ့အချိန်မှာတောင် ထိတ်ထိတ်ကြဲ ချမ်းသာနေကြတာ ဘယ်သူတွေလဲ။ အားလုံးက စနစ်ကြောင့်ဖြစ်နေတာ။ စနစ်ကို တိုက်ဖို့လိုတယ်”ဟု ဒဂုံ တက္ကသိုလ် တတိယ နှစ် ကျောင်းသား တဦးက ဆိုသည်။

အခြေခံ လက်လုပ်လက်စားများကမူ စီးပွားရေးပိတ်ဆို့မှုနှင့်ပတ်သက်ပြီး သေသေချာချာ နားမလည်သော်လည်း ယခုအခြေအနေ တွင် အလုပ်အကိုင်မှရရှိသော ၀င်ငွေသည် မိသားစုစားဝတ်နေရေးအတွက် အလွန်ခက်ခဲကြောင်း၊ ထို့ကြောင့် မိသားစု စားဝတ်နေ ရေး လုံလောက်သော ၀င်ငွေရလိုကြောင်း ပြောဆိုကြသည်။

အသက် ၃၀ အရွယ် ပြည်တွင်း ဂျာနယ်သတင်းထောက်တဦးက“စီးပွားရေးပိတ်ဆို့မှုဆိုတာကို ဒီစစ်အစိုးရ လုံးဝ ဂရုမစိုက်ပါဘူး။ သူတို့ အာဏာရနေရင် သူတို့မိသားစုကောင်းစားနေရင် ကျေနပ်နေကြ တာပါ။ သူတို့ အာဏာတည်မြဲဖို့ သံဃာ ကိုတောင် သတ်ခဲ့ သေးတာပဲ။ စီးပွားရေးပိတ်ဆို့မှုလို့ တစာစာ အော်နေတာက အပြစ်ရှာနေတာ”ဟု ပြောသည်။

NLD က ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ်ပြန်သောကြေညာချက်တွင် စစ်အစိုးရသည် သဘာဝဓာတ်ငွေ့နှင့် သယံဇာတ ရောင်းချခြင်း မှ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ၀င်ငွေရရှိနေသော်လည်း လူထု၏ကျန်းမာရေးနှင့် ပညာရေးကို အလေးထားခြင်း မရှိသည့်အတွက်၂၀၁၁ ခုနှစ် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် လူသားရင်းမြစ်ဖွံ့ဖြိုးမှုတွင် အနိမ့်ကျဆုံးဖြစ်နေပြီး အရှေ့တောင်အာရှတွင် ကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံတို့ကပင် ကျော်တက်သွားပြီ ဖြစ်ကြောင်း၊ စီးပွားရေးပိတ်ဆို့မှုသည် စစ်အစိုးရကိုသာ အဓိက တိုက်ရိုက်ထိခိုက်ပြီး ပြည်သူလူထု အပေါ် ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် “ပိတ်ဆို့မှု၊ ဒေါ်စုကြည်နှင့် NLD”အမည် ဖြင့် ရေးသားထားသော ဆောင်းပါး၌ ဒေါ်အောင်ဆန်းစုကြည်သည် စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ရန်တောင်းဆိုခဲ့ပြီး NLD အာဏာ မရမချင်း ပိတ်ဆို့ ရေး လက်နက်ကို မလွှတ်တမ်း ဆက်လက်စွဲကိုင် ခေါင်းမာသွားမည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို ဝေဖန်ပြစ်တင်
ထား သည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ တိုင်းရင်းသားလူမျိုးများအပေါ် ဥပဒေမဲ့သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ကလေးစစ်သား အသုံးပြုမှု အပါအ၀င် ရာဇ၀တ်မှုများကို စစ်အစိုးရကိုယ်တိုင်ကျူးလွန်နေခြင်းကြောင့် ၁၉၉၃ ခုနှစ်မှ စတင်ကာ အမေရိကန် နိုင်ငံ၊ ဥရောပ သမဂ္ဂ အပါအ၀င် အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment