Friday, February 11, 2011

ကွန်ယက်ချိတ်သည့် ဗေဒါကျောင်း ပြောင်းရမည်

ကိုဝိုင်း | သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၀ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လူငယ်ကွန်ယက် အယူအဆအတိုင်း ကွန်ယက် ချိတ်ဆက်ထားသည့် ရန်ကုန်တိုင်း တာမွေမြို့ရှိ ဗေဒါသင်တန်းကျောင်း BAYDA Institute သည် အာဏာပိုင်များ ဖိအားကြောင့် နေရာပြောင်းပေးရမည်ဟု ကျောင်းအုပ် ဦးမျိုးရန်နောင်သိန်း အဆိုအရ သိရသည်။

တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက် စိတ္တသုခလမ်း အိမ်အမှတ် ၂၃၊ အထပ် ၅ ရှိ ဗေဒါ သင်တန်းကျောင်း အခန်းသို့ ယခုလ ၈ ရက်နေ့ ည ၁ဝ နာရီခွဲခန့်တွင် တလမ်းထဲနေ အခန်းပိုင်ရှင် ၃ဝ နှစ်ခန့်အရွယ် အမျိုးသမီးနှင့် ယောက်ခမ တော်စပ်သူတို့က “ချက်ချင်း” ဖယ်ပေးရန် လာရောက် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကွန်ယက် ချိတ်ဆက်သည့် ဗေဒါသင်တန်းကျောင်း BAYDA Institute သည် အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် နေရာပြောင်းခံရ
“ဒီအခန်းပိုင်ရှင်ကနေ ဖယ်ခိုင်းတယ်။ ဒီအခန်းမှာ နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်နေတယ်ပေါ့။ မဖယ်ပေးလို့ရှိရင် အခန်းက ချိတ်ပိတ်ခံရမယ်လို့ ငိုပြီးတော့ လာတောင်းပန်တယ်။ သူတို့ကို အာဏာပိုင်တွေက ခြိမ်းခြောက်တယ်တဲ့” ဟု ဦးမျိုးရန်နောင်သိန်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “သူ့အမျိုးသားက သင်္ဘောသား။ အမျိုးသားရဲ့ အဖေအမေတွေကလည်း ကျောင်းဆရာ ဆရာမဟောင်းတွေဗျာ။ ဒီအခန်းက သူ့အမျိုးသား ဝယ်ပေးပြီးတော့ သူတို့ နေတောင်မနေရသေးဘူး။ သူက ရှင်းပြတယ်။ သူတို့ဘဝကို မဖျက်ဆီးပါနဲ့ပေါ့။ လာတောင်းပန်တယ်” ဟု ပြောသည်။

အခန်းပိုင်ရှင်သည် ကြောက်လန့်နေသဖြင့် ခြိမ်းခြောက်သည့် အာဏာပိုင်မည်သူဖြစ်သည်ကို မဖြေကြားသော်လည်း တာမွေမြို့နယ် ဒေသအာဏာပိုင်များ ဖြစ်နိုင်သည်ဟု သူက ခန့်မှန်းသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကွန်ယက်ဖွဲ့ရေး အယူအဆ ထွက်ပေါ်လာပြီးနောက် လူငယ်ကွန်ယက်အချို့ အလျှိုလျှို ပေါ်ထွက်လာသည့်အနက် ၈၈ ကျောင်းသားခေါင်းဆောင် ဦးမျိုးရန်နောင်သိန်း ဦးဆောင်သည့် Nation Youth Network လည်း အပါအဝင် ဖြစ်သည်။

ပြီးခဲ့သည့်လ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် Nation Youth Network နှင့် ချိတ်ဆက်ထားသည့် အစုအဖွဲ့ ၁ဝ၄ ခု၌ ဗေဒါသင်တန်းကျောင်း BAYDA Institute လည်း တခုအပါအဝင် ဖြစ်သည်။

ဗေဒါကျောင်း၌ လူမှုဆက်ဆံရေး Social Science၊ ကမ္ဘာ့ပြဿနာများ သင်ခန်းစာ Global conflict၊ အရှေ့တောင်အာရှ နိုင်ငံများကို လေ့လာခြင်း South East Asia Study နှင့် အခြေခံ အင်္ဂလိပ် ဘာသာရပ်များကို နှစ်ပတ်သင်ခန်းစာအဖြစ် သင်ကြားပေးနေပြီး ယခုလ ၁၈ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်သည်။

“ကျနော်တို့က ညှိလိုက်တာ ၁၆ ရက်နေ့နဲ့ တည့်သွားတာ။ သင်ခန်းစာတွေကို နေ့လည်ပိုင်းလောက် အပြီးဖြတ်မယ်။ တနာရီကနေ ၃ နာရီအထိမှာ သင်တန်းဆင်းပွဲ လုပ်ပြီးတော့ အခန်းထဲက ပစ္စည်းတွေ တခါထဲ ရွှေ့မယ်” ဟု ဦးမျိုးရန်နောင်သိန်းက ဆိုသည်။ နေရာသစ်ကိုမူ ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

ကျောင်း၏ ဒုတိယမြောက် သင်တန်းဆင်းပွဲကို ယခုလ ၄ ရက်နေ့တွင် ကျင်းပခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က အားပေးစာ ပေးပို့ခဲ့သလို၊ ဒုဥက္ကဋ္ဌဖြစ်သူ ဦးတင်ဦးက ကိုယ်တိုင်တက်ရောက်ခဲ့သေးသည်။

ဗေဒါသင်တန်းကျောင်းအဖြစ် ပြီးခဲ့သည့်နှစ် နိုဝင်ဘာမှစ၍ ရက်တိုသင်တန်းများ ပေးနေပြီး၊ ပထမဆုံး သင်တန်းကို နိုင်ငံတကာ ဆက်ဆံရေးပညာ မိတ်ဆက်ဘာသာရပ်ဖြင့် စတင်ခဲ့သည်။ လတ်တလော တက်ရောက်နေသည့် ကျောင်းသား ၆ဝ အပါအဝင် ၁ဝဝ ဦးခန့် သင်ကြားပြီးဖြစ်သည်။

Nation Youth Network နှင့် ချိတ်ဆက်သည့် အစုအဖွဲ့ ၁ဝ၄ ခု၌ New Myanmar Foundation၊ Development Association for Youth၊ Social Action for Youth၊ Kumudara Youth Education Program တို့လည်း ပါဝင်ကြောင်း သိရသည်။

အခြားလူငယ်ကွန်ယက်များမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ်၏ ဗမာတနိုင်ငံလုံးဆိုင်ရာ လူမှုရေး လူငယ်ကွန်ယက် The Whole Burma Social Youth Network SYN ၊ ပြည်ပအခြေစိုက် မြန်မာနိုင်ငံသားများဆိုင်ရာ နိုင်ငံတကာ လူမှုကွန်ယက် International Network for Burma တို့လည်း ပါဝင်သည်။

No comments:

Post a Comment