မဇ္ဈိမ ။ ။ မွန်ပြည်သစ်ပါတီ NMSP မှ ခေါင်းဆောင်တဦးဖြစ်သူ အသက် ၅၅ နှစ်အရွယ် နိုင်ထာဝရသည် ဆီးချိုနှင့် သွေးတိုးရောဂါဖြင့် အင်္ဂါနေ့မနက်၌ ကွယ်လွန်သွားပြီဟု ပါတီတာဝန်ရှိသူများက ပြောဆိုကြသည်။
NMSP ဗဟိုအုပ်ချုပ်ရေးဌာန တာဝန်ခံနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်သူ နိုင်ထာဝရသည် မွန်ပြည်နယ်တောင်ပိုင်း ရေးချောင်းဖျား ဒေသရှိ ပါတီဗဟိုဌာနချုပ်၌ ကွယ်လွန်သွားခြင်း ဖြစ်သည်။

“သူ့မှာ ဆီးချို၊ သွေးတိုးအခံလည်း ရှိတယ်။ နှလုံးကြောင့်
၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ပေးပို့သော သဝဏ်လွှာကို နိုင်ထာဝရ ဖတ်ကြားခဲ့စဉ်။
ဖြစ်မယ်။ အသက်ရှူကျပ်ပြီး ဒီမနက် ၂ နာရီလောက်မှာ ဆုံးသွားတယ်” ဟု NMSP ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်တလညီက ပြောသည်။
ပြီးခဲ့သည့် စနေနေ့တွင် မွန်ပြည်သစ် ဗဟိုဌာနချုပ်အနီး ပနန်းပိန်ကျေးရွာ၌ ကျင်းပသည့် ၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် သဘာပတိအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ NMSP ဥက္ကဋ္ဌ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားခဲ့သေးသည်။
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ရွာဇာတိဖြစ်သူ နိုင်ထာဝရသည် ၁၉၇၆ ခုနှစ်တွင် မွန်ပြည်သစ်ပါတီသို့ ရောက်ရှိပြီးနောက် ၁၉၇၈ နှစ်ကုန်ပိုင်းတွင် ပါတီမှ ခေတ္တအနားယူခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ပါတီသို့ ပြန်ရောက်လာပြီး မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် NMLA တွင် တပ်ခွဲမှူး၊ ဒု-တပ်ရင်းမှူး၊ တပ်ရင်းမှူး တာဝန်အဆင့်ဆင့်ကို ၁၉၉၉ ခုနှစ်ထိ ထမ်းဆောင်ခဲ့သည်။
၂ဝဝဝ ပြည့်နှစ်မှစ၍ အုပ်ချုပ်ရေးဘက်သို့ ကူးပြောင်းကာ ခရိုင်ဥက္ကဋ္ဌ တာဝန်ကိုလည်းကောင်း၊ ၂ဝဝ၆ ခုနှစ်ကုန်ပိုင်းတွင် ကျင်းပသည့် သတ္တမအကြိမ် ပါတီညီလာခံမှ ဗဟိုအလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခံရပြီး ပြည်တွင်းတာဝန်ခံအဖြစ်ပါ ထမ်းဆောင်ခဲ့သည်။ ၂ဝဝ၉ ခုနှစ်မှ ကွယ်လွန်ချိန်ထိ ဗဟိုအုပ်ချုပ်ရေးဌာနကြီး တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
NMLA တွင် တာဝန်ထမ်းဆောင်စဉ် စစ်ရေးနှင့် တိုက်ခိုက်ရေး ကျွမ်းကျင်သူအဖြစ် အထူးထင်ရှားပြီး ယနေ့တိုင် ဗိုလ်မှူးထာဝရအဖြစ် လူသိများသည်။
“သူက စစ်ရေးဘက်မှာ ကျွမ်းကျင်တယ်။ သတ္တိလည်း ကောင်းတယ်။ သူ့နာမည် ကြားရုံနဲ့ ရန်သူတွေ လန့်တယ်။ လူထုတွေနဲ့ တသားတည်းဖြစ်အောင် စည်းရုံးတတ်တယ်။ ဒါတွေဟာ သူ့ရဲ့ ထူးခြားချက်တွေပေါ့” ဟု သူ၏ လက်အောက်တွင် တာဝန်ထမ်းခဲ့ဖူးသည့် တပ်ဖွဲ့ဝင်ဟောင်း နိုင်ဗညားက မဇ္ဈိမကို ပြောသည်။ ပွင့်လင်းစွာ ပြောတတ်ပြီး၊ အထက်အောက် ဆက်ဆံရေး ပြေပြစ်ကာ ရဲဘော်ရဲဘက်များကို ညှာတာတတ်သည်ဟု ဆိုသည်။
နိုင်ထာဝရ၏ ရုပ်ကလာပ်ကို ပါတီဗဟိုဌာနချုပ်တွင် မီးသင်္ဂြိုဟ်မည်ဖြစ်သော်လည်း နေ့ရက် မသတ်မှတ်ရသေးပေ။
ကွယ်လွန်ချိန်တွင် ဇနီးသည် မိခင်မျိုးရည်၊ သား မင်းကွန်းသိုက် (NMSP ဗဟိုကျန်းမာရေး ကော်မတီဝင်) နှင့် သမီး မိအားချမ်း ကျန်ရစ်သည်။
၁၉၅၈ ခုနှစ်တွင် မွန်ပြည်သစ်ပါတီကို အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ စစ်အစိုးရ၏ လက်နက်အပ်ရေး စီမံကိန်းကို လက်မခံရာမှာ ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ အပစ်ရပ် သဘောတူညီချက် ပျက်ပြားခဲ့သည်။
No comments:
Post a Comment