ချင်းမိုင် (မဇ္ဈိမ)။ ။ မွန်အမျိုးသားနေ့အလံတိုင် ရိုက်ချိုးသူကို လူထုက ဝိုင်းဝန်းရိုက်နှက်သဖြင့် သေဆုံးရာမှ ကျင်းပရေးကော်မတီဝင် ၄ ဦးကို ရေးမြို့မ ရဲစခန်းက လူသေမှုဖြင့် ဖမ်းဆီးထားကြောင်း မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီနှင့် ဒေသခံများက ပြောသည်။
သံဖြူဇရပ်မြို့တွင် ကျင်းပသည့် ၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနား

အရိုက်ခံရသူ သေဆုံးမှုကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ကျင်းပရေး ကော်မတီ ၄ ဦးနှင့် ကျောင်းဒကာတဦးကို ယခုလ ၂၀ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး၊ ကျောင်းဒကာကို ပြန်လွှတ်ပေးခဲ့သည်ဟု ကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာမင်းစိုးလင်းက မဇ္ဈိမကို ပြောသည်။
သေဆုံးသူမှာ အသက် ၃၀ နှစ်ကျော်ရှိ မွန်ပြည်နယ် ပေါင်မြို့နယ် နွားလဗို့တောင်မှ စောအယ်ဝါဖြစ်ပြီး၊ အဖမ်းခံရသူ ကော်မတီဝင် ၄ ဦးထဲတွင် မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ကိုးမိုင်ရွာသား နိုင်ပင်းနှင့် နိုင်တူးတို့ ပါဝင်သည်။
“သေတာက ၁၈ ရက်နေ့၊ အမျိုးသားနေ့က ၁၉ ရက်နေ့။ အခမ်းအနား မပြီးသေးတော့ ရဲစခန်းက မဖမ်းသေးဘူး။ အခမ်းအနားပြီးတော့ သေတဲ့သတင်းကြားလို့ ရွာသားတွေ ထွက်ပြေးသွားကြတယ်။ ကျင်းပရေး ကော်မတီတွေက အဖမ်းခံလိုက်တယ်” ဟု ရေးမြို့နယ်မှ မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီဝင် တဦးက မဇ္ဈိမကို ပြောသည်။
ယခုလ ၁၇ ရက်နေ့ ည ၁၁ နာရီခန့်တွင် ကိုးမိုင်ရွာတွင် စိုက်ထူထားသည့် အလံတိုင် ၆ ခုကို စောအယ်ဝါက ရိုက်ချိုးဖျက်ဆီးခဲ့ရာမှ မွန်အမျိုးသားနေ့ အခမ်းအနား စောင့်ရှောက်သူများနှင့် ရွာသားများက ဝိုင်းရိုက်ခဲ့ကြောင်း မျက်မြင် ရွာခံတဦး အဆိုအရ သိရသည်။
“လူတွေ ဝိုင်းရိုက်တော့ သူက DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်) ကလို့ ပြောတယ်။ DKBA က လာကြည့်တော့ သူတို့လူ မဟုတ်ဘူးဆိုပြီး ထပ်ရိုက်တယ်” ဟု သူက ပြောသည်။
ကိုးမိုင်ရွာ အရှေ့ဘက် တမိုင်ခန့်ရှိ မာန်အောင်ရွာတွင် DKBA ၉၀၆ တပ်ရင်းမှ တပ်ခွဲတခွဲခန့် အခြေချထားသည်။
စောအယ်ဝါကို လူထုက ထိန်းသိမ်းထားပြီး ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ရေးမြို့ မြို့မရဲစခန်းသို့ အပ်နှံခဲ့ရာ၊ ဒဏ်ရာပြင်းထန်သဖြင့် ထိုနေ့တွင်ပင် ရေးမြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ကြောင်းနှင့် ရေးဆေးရုံမှ မော်လမြိုင် ဆေးရုံကြီးသို့ တင်ပို့စဉ် လမ်း၌ သေဆုံးသွားခဲ့ကြောင်း ရေးမြို့ မွန်ပြည်နယ်နေ့ ဖြစ်မြောက်ရေး ကော်မတီဝင်က ပြောသည်။
ရဲစခန်းက ကော်မတီဝင်များကို လူသေမှုဖြင့် စွဲချက်တင်ထားပြီး ရေးမြို့နယ် မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီဝင်များကပင် အမှုအတွက် လိုက်လံဆောင်ရွက်နေသည်ဟု ဒေါက်တာ မင်းစိုးလင်းက ပြောသည်။
တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပလာခဲ့ပြီးရာ ယခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့သည် ၆၄ ကြိမ်မြောက် ဖြစ်သည်။
No comments:
Post a Comment