Thursday, February 9, 2012

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့၏ ပဏာမတွေ့ဆုံမှုနှင့် ပါတ်သက်၍ ထုတ်ပြန်ကြေညာချက်


မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)ကိုယ်စားလှယ်အဖွဲ့နှင့်
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့၏
ပဏာမတွေ့ဆုံမှုနှင့် ပါတ်သက်၍ ထုတ်ပြန်ကြေညာချက်
၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အဖွဲ့ဝင် သီရိပျံချီ ဦးစောခင်စိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ပြည်တွင်းငြိမ်း ချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆာင်နိုင်ရေးတို့ကို ဦးတည်ရှေးရှု၍ ဖေဖေါ်ဝါရီလ (၉) ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

၂။ နှစ်ဖက်ကိုယ်စားလှယ်များအနေဖြင့် ယခုတွေ့ဆုံမှုအား ပဏာမ တွေ့ဆုံဆွေးနွေးပွဲဟုသတ်မှတ်ပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သွားနိုင်ရေးအတွက် ငြိမ်းချမ်းရေးစားပွဲတွင် တန်းတူညီတူ တွေ့ဆုံဆွေးနွေးမှုအဆင့်ဆင့်ကို ဆက်လက်ပြုလုပ်သွားကြမည် ဖြစ်ပါသည်။

၃။ ဆက်လက် တွေ့ဆုံဆွေးနွေးမည့် အကြောင်းအရာများကို ပြည်သူတရပ်လုံးသိရှိစေရန် ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

ရက်စွဲ။ ။ ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ (၉) ရက်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် အစိုးရ အပစ်အခတ်ရပ်စဲရေး အတွက် နှစ်ဘက် ကိုယ်စားလှယ်များ ပဏာမအဆင့် တွေ့ဆုံ ဆွေးနွေးပွဲ တရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ ပြုလုပ်သည်။
ယနေ့ဆွေးနွေးပွဲတွင်တွေ့ရသော ABSDF ခေါင်းဆောင်များ(ဓာတ်ပုံ - ABSDF)
အစိုးရဘက်မှ ဗိုလ်မှူးကြီးစောခင်စိုး (ငြိမ်း) ဦးဆောင်ပြီး ABSDF ဘက် မှ ဒု ဥက္ကဌ ဦးမျိုးဝင်း အပါအ၀င် ခေါင်းဆောင်တချို့တို့က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယခုဆွေးနွေးပွဲမှ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သွားနိုင်ရန် နှင့် ငြိမ်းချမ်းရေး အတွက် တန်းတူညီတူ တွေ့ဆုံ ဆွေးနွေးမှုအဆင့်ကို ဆက်လက်ပြုလုပ်သွားရန် ရှိကြောင်း ဦးမျိုးဝင်းက ဧရာဝတီသို့ ပြောသည်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ထပ်မံတွေ့ဆုံရန် စီစဉ်ထားသည်ဟုလည်း ၎င်းက ဆိုသည်။
“ရှေ့ဆက် တန်းတူ ညီတူ ဆွေးနွေးသွားဖို့ အတွက် သဘောတူညီမှုရခဲ့တဲ့ အပေါ်မှာတော့ ဘာပဲပြောပြော အပြန်အလှန် လေးစား မှု ရှိရှိနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့တယ်”ဟု ဦးမျိုးဝင်းက ဆက်ပြောသည်။
ပြီးခဲ့သည့်လဆန်းပိုင်းတွင် အစိုးရကိုယ်စားလှယ်များက ABSDF တပ်ဖွဲ့မှ တာဝန်ရှိသူများကို တရားဝင် ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ပြီး နောက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်း ဖြစ်သည်။
ABSDF ကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ပြီး နယ်စပ်ဒေသများတွင် အခြေစိုက်ကာ ဒီမိုကရေစီ အ ရေး၊ လူ့အခွင့်အရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် အတွက် အစိုးရ အဆက်ဆက်အား ဆန့်ကျင် တော်လှန်ခဲ့သည်မှာ ၂၃ နှစ် ကျော် ရှိပြီ ဖြစ်သည်။

No comments:

Post a Comment