Tuesday, February 21, 2012

တိုင်ရီပဋိပက္ခ ဝါဏိဇ္ဇကို တင်မည်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများ၏ အခြေခံရပိုင်ခွင့် တောင်းဆိုချက်များအား ဝါဏိဇ္ဇပဋိပက္ခကော်မတီ ခုံရုံးသို့ ဗုဒ္ဓဟူးနေ့တွင် တင်သွင်း လျှောက်ထား
တော့မည်ဟု သိရသည်။

အလုပ်သမား ၁၈၄၅ ဦး၏ တနင်္လာနေ့က သဘောတူဆုံးဖြတ်ချက်အရ မရမ်းကုန်းမြို့နယ် ဝါဏိဇ္ဇခုံရုံးသို့ တင်သွင်းမည် ဖြစ်ကြောင်း အလုပ်သမားများအား ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးဖိုးဖြူ က ပြောသည်။

“တင်သွင်းခွင့် ရမယ်ဆိုတဲ့အမိန့်စာ ကျနော်တို့လက်ထဲကို ရောက်လာတယ်ခင်ဗျ။ စာရွက်စာတန်းတွေနဲ့ အထောက် အထားတွေ ပြင်ဆင်နေတုန်း ရရှိလာတဲ့အတွက် အလုပ်သမား တော်တော်များများကလည်း ဝမ်းသာကြတယ်။ သဘက်ခါ ၁၀ နာရီလောက် တင်မယ်ခင်ဗျ” ဟု မဇ္ဈိမကို ပြောသည်။

၁၄ ရက်တာ သပိတ်မှောက် အလုပ်သမားများ၏
urgent7
၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် လှိုင်သာယာ စက်မှုဇုန် ၃ ရှိ စက်ရုံများတွင် လုပ်ခလစာ တိုးမြှင့်ပေးရန် အလုပ်သမားများ ဆန္ဒပြကြသည်ကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

တောင်းဆိုချက်များဖြစ်သည့် လုပ်ခ တနာရီလျှင် ၁၅၀
ကျပ်၊ ရက်မှန်ကြေး ၈၀၀၀ ကျပ် ပေးရေး အပါအဝင် အခြား လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင် သာယာရေး တောင်းဆိုချက်
များ အား အလုပ်ရှင်ဘက်မှ လိုက်လျောခြင်း မရှိသေးပေ။

ဖေဖေါ်ဝါရီ ၆ ရက်နေ့က စတင်ခဲ့သော ထိုင်သပိတ်
ဆန္ဒပြပွဲအား အာဏာပိုင်များဘက်မှ နှောက်ယှက်မှု
တစုံတရာ မရှိခဲ့သော်လည်း တနင်္လာနေ့တွင်မူ လုံခြုံရေး
ရဲ၏ ထူးခြားချက်များ တွေ့လာရကြောင်း ဦးဖိုးဖြူက
ပြောသည်။

“ရဲအင်အားက အများကြီးတော့ မဟုတ်ပေမယ့် ဆိုင်ကယ်
ဟိုဘက်ထိပ် ၇ စီး၊ ဒီဘက်ထိပ် ၇ စီးနဲ့ ဝတ်စုံပြည့် စစ်ရဲ
တွေ ၁၄ ယောက်လောက် ရှိတယ်ခင်ဗျ။ အရင်ရက်တွေက တုတ်တွေ မပါပေမယ့် ဒီနေ့တော့ တုတ်တွေ ပါလာတာကို
တွေ့ရတယ်ခင်ဗျ” ဟု ပြောသည်။

ယခုကဲ့သို့ တရားဥပဒေကြောင်းအရ အရေးဆိုမည်ဆိုပါက ဆက်လက်သပိတ်မှောက်ခွင့် မရှိတော့ကြောင်းနှင့် ဥပဒေအရ အကန့်အသတ်များလည်း ရှိနေကြောင်း “လူလည်း အဖြိုခွဲခံရမယ်။ ဝါဏိဇ္ဇကို သွားဖို့လမ်းလည်း အပိတ်ပင်ခံရမယ့်လမ်းကို အများစုက မရွေးချယ်ကြဘူးခင်ဗျ။ ဒါကို မကောင်းဘူးလို့ ဝေဖန်နေကြသူတွေကို ဒါကို မလုပ်ရင် ဘာကိုရွေးချယ်မလဲ။ အဲဒီရွေးချယ်မှုက ရလာတဲ့ ဆိုးကျိုးကောင်းပြစ် ရလဒ်တွေကို ဘယ်သူက တာဝန်ခံမလဲဆိုတဲ့ ကိစ္စကို ကျနော်က မေးခွန်းထုတ်ချင်ပါတယ်ဗျာ” ဟု ဦးဖိုးဖြူက ပြောသည်။

“အငြင်းပွားတဲ့ ကိစ္စရပ်တွေကို ဥပဒေကြောင်းအရ ဖြေရှင်းဖို့အတွက် ဆိုလွှာ၊ ချေလွှာတွေကို ခုံရုံးကနေ ကြားနာတာပဲ
ဖြစ်ပါတယ်။ ခုံရုံးမှာ နှစ်ဖက် အပြန်အလှန် ခုခံချေပကြတဲ့ တင်သွင်းမှုတွေ ပြုလုပ်ကြတာ။ အရင်တုန်းက အလုပ်ရှင်/ အလုပ်သမား မှုခင်းတွေ ပြေလည်တာတွေလည်း ရှိတယ်။ မကျေနပ်ကြဘဲနဲ့ တိုင်းကို တက်ပြီး အယူခံဝင်ရတဲ့ အမှုခင်းတွေလည်း ရှိပါတယ်” ဟု ဦးဖိုးဖြူက ပြောသည်။

အလုပ်သမားများအား ဥပဒေရေးရာနှင့် ပတ်သက်၍ ဦးဖိုးဖြူအပြင် ဒူးဝါးခွန်မားမိုင်နှင့် ဥပဒေ လုပ်ဖော်ကိုင်ဖက်များ၊
ရှေ့နေရှေ့ရပ် အသိုင်းအဝိုင်းက ကူညီဆောင်ရွက်ပေးနေကြကြောင်း သိရသည်။

တိုင်ရီစက်ရုံသည် တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး အခြေခံလစာ၊ အချိန်ပိုကြေးနှင့် အခြား တင်းကြပ်သည့် စည်းမျဉ်းများကြောင့် ၂၀၁၀ ခုနှစ်မှ စတင်ကာ ၃ နှစ်ဆက်တိုက် အလုပ်သမားများ၏ ဆန္ဒပြ တောင်းဆိုမှုများဖြင့် ကြုံတွေ့ ခဲ့ရပြီး ယခုအကြိမ် ဆန္ဒပြမှုသည် ရက်အရှည်ကြာဆုံး ဖြစ်သည်။

အလုပ်သမများက အခြေခံ လစာ တိုးပေးရန်အပါအဝင် ရက်ပျက်ကြေး မဖြတ်တောက်ရန်၊ လုပ်ငန်းခွင်အတွင်း ဖိနပ်များ မတော်တဆ ပျက်စီးပါက လစာငွေ ဖြတ်တောက်ခြင်း မပြုရန်၊ သောက်ရေ လုံလောက်စွာ ပေးရန်၊ အလုပ်သမား အယောက် ၅၀ ကို အိမ်သာတလုံးကျ ထားပေးရန်၊ သဘာဝ ဘေးအန္တရာယ် ကျရောက်ခြင်းနှင့် မိသားစု အရေးကိစ္စများတွင် ခွင့်ပေးရန်များကို တောင်းဆိုထားကြသည်။

ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန် အပါအဝင် တိုင်းနှင့် မြို့နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ စက်ရုံပိုင်ရှင်နှင့် အလုပ်သမားများဖက်မှ ကိုယ်စားလှယ် ၃၈ ဦးတို့ တွေ့ဆုံဆွေးနွေး ခဲ့ကြသော်လည်း ထိုက်သင့်သည့် လစာနှုန်းထားထိ မရရှိ၍ ညှိနှိုင်းမှု မအောင်မြင်ခဲ့ပေ။

No comments:

Post a Comment