Wednesday, February 22, 2012

KNU ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ်များ ရုပ်သိမ်းရန် တောင်းဆို

ချင်းမိုင်(မဇ္ဈိမ) ။ ။ ကရင်အမျိုးသား အစည်းအရုံး KNU ၏ ထိန်းချုပ်နယ်မြေများအတွင်း အစိုးရတပ်များ
ပြန်လည် ရုပ်သိမ်းပေးရန် အပါအဝင် တောင်းဆိုချက် လေးချက်ကို KNU မှ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန် ကြေညာ လိုက်သည်။

KNU ထိန်းချုပ်ရာဒေသများရှိ စခန်းအသီးသီး၏ ကိုက် ၂,၀၀၀ ကျော် အကွာအဝေး အတွင်း အစိုးရတပ်မှ စိုးမိုး နယ်မြေ ရယူထားခြင်း၊ အစိုးရတပ် ရိက္ခာပို့လမ်း ဝဲယာ ကိုက် ၂၀၀ အတွင်း KNU တပ်များ ချဉ်းကပ်ခွင့် မရခြင်း တို့ကြောင့် အစိုးရတပ်နှင့် KNU တို့အကြား ထိပ်တိုက်တွေ့နိုင်ကာ ပဋိပက္ခများ ဖြစ်လာနိုင်ခြင်းကြောင့် တပ်များ ဆုတ်ပေးရန် တောင်းဆိုခြင်းဟု KNU အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက မဇ္ဈိမကို ပြောသည်။

"တပ်တွေ အသီးသီးက ထိပ်တိုက်တွေ့ပြီးတော့ ပဋိပက္ခ ဖြစ်နိုင်တယ်။ ပဋိပက္ခ မဖြစ်တောင်မှ တပ်တွေက လက်နက် တကားကားနဲ့ ဒီနယ်မြေထဲမှာ ရန်သူ့တပ်ကလည်း အပြည့်၊ ကျနော်တို့ တပ်တွေကလည်း ပြောက်ကျား အနေအထား နဲ့ သွားနေမယ်ဆိုရင် ဒီကိစ္စက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး" ဟု ပြောသည်။

KNU ၏ စခန်း ၂၀၀ ကျော်သည် ပဲခူးတိုင်း တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ကရင်ပြည်နယ် ဘားအံခရိုင်၊ ဒူးပလယာခရိုင်၊ တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ထားဝယ်ခရိုင်၊ မွန်ပြည်နယ် သထုံခရိုင် ဒေသများအတွင်း တည်ရှိနေ သည်။ ထိုဒေသများမှာ KNU တပ်မဟာ ၃၊ ၄၊ ၅၊ ၆၊ ၇ ထိန်းချုပ်ရာ ဒေသများ ဖြစ်သည်။

ထိုဒေသများအတွင်း အစိုးရ၏ စစ်တိုင်းများဖြစ်သည့် ကမ်းရိုးတန်းတိုင်း၊ အရှေ့တောင်တိုင်း၊ တောင်ပိုင်းတိုင်းတို့နှင့် လည်း ဆက်စပ်မှုရှိနေသည်။ ယင်းအပြင် ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်ခြင်းကြောင့် အစိုးရမှ ရှေ့တန်းတပ်များ သို့ ရိက္ခာပို့ပါက KNU တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက် တွေ့နိုင်သည်ဟုလည်း ဗိုလ်မှူး စောလှငွေက ပြောသည်။

ဖေဖေါ်ဝါရီ လဆန်းပိုင်းအတွင်း ဖာပွန်ခရိုင်နှင့် ညောင်လေးပင်ကြားအတွင်း အစိုးရတပ်နှင့် KNU တို့ကြား တိုက်ပွဲ
ဖြစ်ပွားခဲ့သေးသည်။ အဆိုပါ တိုက်ပွဲတွင် အစိုးရတပ်မှ လေးဦး ကျဆုံးသည်ဟုလည်း ဗိုလ်မှူး စောလှငွေက ပြော သည်။ မဇ္ဈိမက သီးခြားအတည်ပြုချက် မရရှိသေးပေ။

ထုတ်ပြန်ကြေညာချက်တွင် KNU ထိန်းချုပ်ရာ နယ်မြေများသို့ တပ်သားများ၊ ထောက်ပံ့ရေး ပစ္စည်းများ ထပ်မံ
ပို့ဆောင်ခြင်း မပြုရန်နှင့် ကချင်ပြည်နယ် အပါအဝင် တိုင်းရင်းသား ဒေသများတွင် စစ်ဆင်ရေးများ ရပ်တန့်ရန်နှင့် မန်းငြိမ်းမောင် အပါအဝင် KNU အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး ပြန်လွှတ်ပေးရန်လည်း တောင်းဆို ထားသည်။

ဤအချက်များ ဖြည့်ဆည်းလုပ်ဆောင်ပေးပါက နှစ်ဖက် ကနဦး နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ စတင် လုပ်ဆောင်နိုင် မည်ဖြစ်ကြောင်း KNU က ဆိုသည်။

ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည့် KNU ၏ ထုတ်ပြန်ချက်တွင် စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် အဆင့်လေးဆင့်အဖြစ် ပဏာမ အပစ်အခတ် ရပ်စဲရေး အဆင့်၊ ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေး အဆင့်၊ ကနဦး နိုင်ငံရေး တွေ့ဆုံ
ဆွေးနွေးမှု နှင့် နိုင်ငံရေးအရ ပူးပေါင်းပါဝင်ခြင်း တို့ပါဝင်သော လမ်းပြမြေပုံကို တင်ပြထားသည်။

အဆိုပါ အဆင့်လေးဆင့်ကို အကောင်အထည်ဖေါ်ရန် အချိန်ကာလအားဖြင့် ၂ နှစ်မှ ၃ နှစ်ခန့် ကြာမြင့်နိုင်ကြောင်း ဗိုလ်မှူး စောလှငွေက မဇ္ဈိမကို ပြောသည်။

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်များနှင့် ဗိုလ်ချုပ်မူတူးဆေးဖိုး ဦးဆောင်သည့် KNU ကိုယ်စားလှယ်အဖွဲ့ဝင်များ ဇန်နဝါရီ ၁၃ ရက်နေ့က အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက် ၁၁ ချက်ကို
နှစ်ဖက် လက်မှတ်ရေးထိုးခဲ့ကြသည်။

No comments:

Post a Comment