Wednesday, August 3, 2011

ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ကြားဝင်ဆောင်ရွက်ပေးရန် ENC လိုလား

ကျော်ခ | အင်္ဂါနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၀၅ မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ဖြစ်ပွားနေသော တိုက်ပွဲများကို အမြန်ဆုံးရပ်ရန်နှင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန် တိုက်တွန်းထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ “အိတ်ဖွင့်ပေးစာ”
အပေါ် တိုင်းရင်းသားလူမျိုးများ ကောင်စီ (ပြည်ထောင်စု မြန်မာနိုင်ငံ) ENC က ထောက်ခံကြိုဆိုကြောင်း နှင့် တိုင်းရင်းသားပြဿနာ ပြေလည်စေရန် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကြားဝင်ဆောင်ရွက်ပေးရန် လိုလား
ကြောင်း ထုတ်ဖော်ပြောဆို လိုက်သည်။

“ဒေါ်စုလို ပြည်သူတွေ က ယုံကြည်စိတ်ချရတဲ့ ပုဂ္ဂိုလ် တယောက်ကနေ ကြားက ဝင်လုပ်ပေးရင် ကောင်တယ်လို့ ကျနော်တို့ မြင်လို့ ဒါကိုကြိုဆို လိုက်တာပါ” ဟု ENC အထွေထွေ အတွင်းရေးမှူး ဒေါက်တာရွှေခါး က မဇ္ဈိမကို
ပြောသည်။

တိုင်းရင်းသားပြဿနာ ပြေလည်စေရန် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကြားဝင်ဆောင်ရွက်ပေးရန် လိုလားကြောင်း တိုင်းရင်းသားလူမျိုးများ ကောင်စီ (ပြည်ထောင်စု မြန်မာနိုင်ငံ) ENC က ထုတ်ဖော်ပြောဆို (ဓါတ်ပုံ မဇ္ဈိမ)

ဒေါ်အောင်ဆန်းစုကြည် ၏ ဇူလိုင်လ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်သည့် အိတ်ဖွင့်ပေးစာတွင် နိုင်ငံတော် သမ္မတ
ဦးသိန်းစိန်၊ ကချင်လွတ်မြောက်ရေး အဖွဲ့၊ ကရင်အမျိုးသား အစည်းအရုံး၊ မွန်ပြည်သစ်ပါတီ နှင့် ရှမ်းပြည် တပ်မတော်တို့သို့ လိပ်မူထားပြီး ဒေါ်အောင်ဆန်းစုကြည်က “အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်
များကို ပံ့ပိုးရန်အတွက် ကျမအနေဖြင့် ကိုယ်စွမ်းရှိသမျှ ပါဝင်ကြိုးပမ်းရန် အသင့်ရှိနေပါသည်” ဟု ရေးသားထား
သည်။

မိမိတို့၏ ရပိုင်ခွင့်များအတွက် အသီးအသီး လှုပ်ရှားနေသည့် တိုင်းရင်းသား အဖွဲ့များ စုပေါင်းပါဝင်သည့် ENC က ဒေါ်အောင်ဆန်းစုကြည်၏ အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်ထောင်စုအရေးတွင် လုပ်ကိုင်နိုင်စွမ်း ရှိမည်ဟု ယုံကြည်ကြောင်း ၎င်းတို့၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

ENC က “မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော ပြည်တွင်းစစ် ရပ်စဲနိုင်ရေးအတွက် သော်လည်းကောင်း၊ ပြည်ထောင်စု ကြီး၏ အနာဂတ်ကို အာမခံနိုင်မည့် စစ်မှန်သော တိုင်းရင်းသား စည်းလုံးညီညွတ်မှု ရရှိနိုင်ရေး အတွက်သော် လည်းကောင်း ဒေါ်အောင်ဆန်းစုကြည် က တဖက်တလမ်းမှ လုပ်ကိုင် စွမ်းဆောင်နိုင်မည်ဟု ကျနော်တို့ တိုင်းရင်းလူမျိုးများ အနေဖြင့် ယုံကြည်သည်” ဟု ပါရှိသည်။

၂၀၁၀ ရွေးကောက်ပွဲမှ တက်လာသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ယူသည့် အစိုးရသစ် လက်ထက် ရက်ပေါင်းတရာ မပြည့်မီပင် နိုင်ငံအတွင်းရှိ နယ်ခြားစောင့်တပ်အဖြစ် လက်မခံသည့် ကရင်၊ ကချင်၊ ရှမ်း စသောတိုင်းရင်းသား လက်နက်ကိုင် တပ်များနှင့် အစိုးရတပ်များအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။ စစ်ဖြစ်ရာဒေသများ၌ ဒေသခံ စစ်ပြေးဒုက္ခသည်များမှာ အိုးအိမ်များ လယ်ယာများကို စွန့်ခွာကာ ထွက်ပြေး တိမ်းရှောင်နေကြရပြီး စစ်ပွဲ ဒေသတွင်း စာသင်ကျောင်းများလည်း ယခုတိုင် ပိတ်ထားရဆဲဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ၏ အိတ်ဖွင့်စာ၌ ပြည်ထောင်စုသား အချင်းချင်း ဖြစ်နေသော ပြဿနာများကို
“အပြန်အလှန် ယုံကြည်လေးစားမှုတို့ဖြင့် ဖြေရှင်းရန်” တိုက်တွန်းထားသည်။

ENC ကလည်း မြန်မာ အစိုးရသစ်အနေဖြင့် ပြည်တွင်းစစ် ရပ်စဲပြီး စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်
တောင်းဆိုထားသည်။

“လက်နက်နဲ့ စစ်တိုက်တဲ့နည်းနဲ့ကတော့ ဘယ်လိုနည်းနဲ့မှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီပြဿနာကို ဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့တာပါ” ဒေါက်တာရွှေခါး က ပြောသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးဟု လူသိများသည် ဘုန်းတော်ကြီးများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို ဖြိုခွဲမှု
နောက်ပိုင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီမှ တဆင့်
ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားများ နှင့် လက်တွဲဆောင်ရွက်လိုကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

ထိုစဉ်က တိုင်းပြည်အုပ်ချုပ်သည့် စစ်အစိုးရက အပစ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား
ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ပြန်ချက်အပေါ် ကန့်ကွက်မှုများ ပြုလုပ်စေပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားများ တိုက်ရိုက် ဆက်သွယ်မှု မရှိစေရန် တားဆီးခဲ့ဖူးသည်။

No comments:

Post a Comment