Thursday, August 25, 2011

(၂၀၀၈)ဖွဲ့စည်းပုံ ပြင်ဖို့အရေး ဒို့အရေး



(၂၀၀၈)ဖွဲ့စည်းပုံ ပြင်ဖို့အရေး ဒို့အရေး


-ဌေးဇော်(အင်းဝ)

-24,8, 2011။-

သမ္မတကြီးဦးသိန်းစိန်ပြောခဲ့တဲ့ မိန့်ခွန်းဟာ တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေ အတွက် ကိုယ်ချမ်းသာဖို့ စိတ်ချမ်းသာဖို့ ဆိုပြီး ရိုးသားမှုကို မပြဘဲ အသံကောင်းဟစ်နေတာလို့ မြင်ပါတယ်၊

သမ္မတကြီး ဦးသိန်းစိန်ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့အတူ ရုဒ်မက်(၇)ချက်ကို အကောင် အထည် ဖေါ်ပြီး(၂၀၀ဂ)ဖွဲ့စည်းပုံကြီးကို တဖက်စောင်းနင်း စိတ်ကြိုက် ရေးဆွဲကာ ကြံ့ခိုင်ရေး ပါတီကို မွေးဖွား ခဲ့ပါတယ်။

ကြံ့ခိုင်ရေးပါတီအမတ်နဲ့ (၂၀၀၈)ဖွဲ့စည်းပုံအရ စစ်ဗိုလ်(၂၅%)နဲ့ပေါင်းပြီး အမြဲတမ်း အစိုးရ တရပ်ဖြစ်အောင် လုပ်ဆောင်ပြီး ဖြစ်ပါတယ်။

အန်အယ်လ်ဒီကိုလဲ နိုင်ငံရေးပါတီအဖြစ်က ဖျက်သိမ်း ပြစ်ခဲ့ပါတယ်။
တတိုင်းပြည်လုံး အန်အယ်လ်ဒီလက်မခံတဲ့(၂၀၀၈)ဖွဲ့စည်းပုံအောက်ကို ၀င်ခိုင်း နေပါတယ်။

ဒီမိုကရေစီနည်းအတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုအပ်နေတဲ့ တိုင်းရင်းသားအဖွဲ့များကိုလဲ (၂၀၀၈)အခြေခံ ဖွဲ့အောက် ၀င်ခိုင်းပြီး နယ်ခြားစောင့် တပ်ကို ဇွတ်လုပ်ခိုင်း နေပါတယ်။
ဒီလုပ်ရပ်တွေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာတွေက မပြေလည် နိုင်ပါ။

အဓိကပြဿနာက (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို တဖက်သတ် စိတ်ကြိုက် ရေးဆွဲ ထားခဲ့တဲ့ ပြဿနာပါ။

တဖက်စောင်းနင်း ရေးဆွဲထားတဲ့ (၂၀၀၈)ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို ကိုင်စွဲနေသမျှ စစ်မှန်တဲ့ တရားမျှတတဲ့ ဒီမိုကရေစီနိုင်ငံ တခုဖြစ် လာမှာ မဟုတ်ပါဘူး။

တကယ် တတိုင်းပြည်လုံးပြည်သူလူထုတွေ စိတ်ချမ်းသာစေချင်တယ်ဆိုရင် ပြည်သူကိုယ်စားပြုထားတဲ့ အန်အယ်လ်ဒီရယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဖို့ တိုက်ပွဲဝင် နေတဲ့ တိုင်းရင်းသား စစ်စစ်အဖွဲ့တွေနဲ့ လက်တွဲ ညှိနှိုင်းပြီး ပြည်သူတွေအတွက် အမှန်တကယ် အကျိုးပြုမဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် တရပ်ကို ရေးဆွဲရမှသာ ပြည်သူတွေ အကျိုး အမှန်တကယ် ကိုယ်စားပြု ပါလိမ့်မယ်။


စိတ်ကြိုက်ရေးဆွဲထားတဲ့ (၂၀၀၈)ဖွဲ့စည်းပုံကြီးကို ကိုင်စွဲပြီး ပြည်သူလူထု စိတ်ချမ်းသာရေး ဆိုပြီး အသံကောင်း ဟစ်ပြနေလို့မရပါ။
လက်တွေ့ပြည်သူ တရပ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်ဖို့ဆိုရင် တဖက်စောင်းနင်းရေး (အာဏာ) အရှိန်နဲ့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကြီးကို ပြည်သူ အကြိုက်ပြင်ရ ပါလိမ့်မယ်။

အန်တီအနေနဲ့လဲ တရားမမျှတတဲ့ (၂၀၀၈)ဖွဲ့စည်းပုံပြင်နိုင်အောင် ပြည်သူကိုယ်စား ဦးတည်ဆွေးနွေး ရမှာ ဖြစ်ပါတယ်။
(၂၀၀ဂ)ဖွဲ့စည်းကို ဘာမျှမပြောဘဲ သမ္မတကြီးဦးသိန်းစိန် ပြောခဲ့သလို (ပြီးခဲ့တာတွေပြီးပြီ တိုင်းပြည် တိုးတက်ရေး အတွက် ၀ိုင်းလုပ်ရအောင် ဖိတ်ခေါ်ချက်) ကို လက်ခံခဲ့လျှင် အန်အယ်လ်ဒီကို လူမှုရေးအဖွဲ့ တရားဝင်မှတ်ပုံတင်ပြီးမှ ကမ်းလှမ်းချက်ကို လက်ခံတာ ကောင်းပါလိမ့်မယ်လို့ ထင်ပါတယ်။

အန်အယ်လ်ဒီကို နိုင်ငံရေးပါတီ အဖြစ် အသိအမှတ်ပြုတယ်ဆိုရင် နိုင်ငံရေးနည်းအရ ဆွေးနွေးပြီး (၃)ပွင့်ဆိုင် ဆွေးနွေးဖို့ ဦးတည်ရမှာ ဖြစ်ပါတယ်။

တဖက်စောင်းနင်းရေးဆွဲထားတဲ့ (၂၀၀၈)ဖွဲ့စည်းပုံအခြေခံ ဥပေဒေကြီးကို ပြင်ဖို့ဖြစ်ဖြစ် သို့ မဟုတ် အသစ်ရေးဆွဲဖို့ ဖြစ်ဖြစ် လုပ်နိုင်အောင် လုပ်မှသာ ပြည်သူ တရပ်လုံး ညီညွတ် စိတ်ချမ်းသာမဲ့ ဒီမိုကရေစီနိုင်ငံ သစ်တခုကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

အန်တီအနေနဲ့ နိုင်ငံရေးနဲ့ လူမှုရေး လုပ်ငန်းတွေကို မရောထွေးဖို့ လိုပါတယ်။
တခြားစီ ခွဲလုပ်ရမဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။
အန်တီအနေနဲ့ တဖက်စောင်းနင်း ရေးဆွဲထားတဲ့ (၂၀၀၈)ဖွဲ့စည်းပုံအခြေခံ ဥပေဒေကြီးကို ပြင်ဖို့ဖြစ်ဖြစ် သို့မဟုတ် အသစ်ရေးဆွဲ နိုင်အောင် လုပ်ဆောင်ဖို့ဖြစ်ဖြစ် မဦးတည်ဘဲ သမ္မတကြီး ဦးသိန်းစိန်ပြောနေတဲ့ တိုင်းပြည်ဖွင့်ဖြိုးရေး ကိုဘဲ အကောင်အထည် ဖေါ်မည်ဆိုလျှင် မြန်မာနိုင်ငံဟာ အရင့်အရင်အကွဲ အပြဲများထက် အစိတ်စိတ် အမွှာမွှာ ကွဲသွားနိုင် ပါတယ်။

လွတ်လပ်ရေးနဲ့အပြိုင် တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ကွဲနေရတာဟာလဲ နိုင်ငံရေးကို နိုင်ငံရေးနည်း အရ တရားမျှမျှတတ မဆွေးနွေးခဲ့လို့ ဖြစ်နေရတဲ့ ပြဿနာ ကြီးပါ။

ဌေးဇော်(အင်းဝ)
၂၄ -သြဂုတ် - ၂၀၁၁

No comments:

Post a Comment