Thursday, November 11, 2010

DKBA နှင့် စစ်အစိုးရ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်

ဧရာဝတီ Thursday, 11 November 2010 18:36

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗိုလ်မှူးကြီး စောလားပွယ်နှင့် စစ်အစိုးရကြား လတ်တလော ဖြစ်ပွားနေသော တိုက်ပွဲနှင့် ပတ်သက်၍ အပစ်အခတ် ရပ်စဲရေး အတွက် ထိုင်းအစိုးရ အာဏာပိုင်များက ကြားဝင် ညှိနှိုင်း ဆွေး နွေး ပေးသော်လည်း မအောင်မြင်နိုင်ကြောင်း သိရှိရသည်။



ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူ ဒေသတွင်တွေ့ရသော စစ်အစိုးရ တပ်ဖွဲ့ဝင် ၂ ဦး (ဓာတ်ပုံ - ဧရာဝတီ)


ဗိုလ်မှူးကြီး စောလားပွယ်က ၎င်း အနေဖြင့် ထိုင်းစစ်တပ်က ကြားဝင် စေ့စပ်ပေးမှုကနေ နုတ်ထွက်ခဲ့ကြောင်း၊ စစ်အစိုးရ အာဏာပိုင်များကိုလည်း မြ၀တီမြို့နှင့် ဘုရားသုံးဆူမြို့များတွင် ရှိသည့် စစ်အစိုးရတပ်များကို စစ်ကူ မပေးရကြောင်း၊ ၎င်း၏ တပ်ဖွဲ့ဝင်များကို အပစ်အခတ် မလုပ်ရန် အမိန့်ပေးထားသော်လည်း အစိုးရ တပ်များက စတင် ပစ်ခတ်လာလျှင် ပြန်ပစ်ရန် ညွှန်ကြားထားကြောင်း ဆိုသည်။

“ထိုင်း အာဏာပိုင်တွေ အနေနဲ့ တိုက်ပွဲပြီးသွားတာကို မြင်ချင်တယ်။ နယ်စပ် တည်ငြိမ်ရေးကို သူတို့လိုလားတယ်။ ပြီးတော့ သူတို့ အနေနဲ့ ပစ်ခတ်မှုတွေရပ်ဖို့ စပြီး စကားပြောနေပါပြီ”ဟု DKBA တပ်မဟာ ၅ မှ ဗိုလ်မှူး ချာမုစေး က ဧရာဝတီသို့ ပြော သည်။

ယနေ့ နံနက် ၃ နာရီ ကျော်တွင်လည်း DKBA တပ်ဖွဲ့ဝင်များက နအဖစစ်တပ် ခြေလျင်တပ်ရင်း (ခလရ )၂၈၃ တပ်စွဲရာ ထိုင်း-မြန်မာ နယ်စပ် ဘုရား သုံးဆူ မြို့ပြင်ရှိ တောင်ကုန်းကို လက်နက်ကြီများဖြင့် စတင်ပစ်ခတ်ကြောင်း သိရသည်။

ခန့်မှန်းခြေ လက်နက်ကြီး အလုံး ၃၀ခန့် ရှိပြီး နံနက် ၆ နာရီခန့် အထိ အပြန်အလှန် ပစ်ခတ်ခဲ့ပြီးနောက် တင်းမာမှုများ ဆက်လက် မြင့်မားနေပြီး ပစ်ခတ်မှု တစုံတရာ မရှိသေးကြောင်း ထိုင်း နယ်ခြားစောင့် တပ်ဖွဲ့ဝင်တဦးက ဆိုသည်။

စစ်အစိုးရနှင့် DKBA တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနေသောကြောင့် ဒေသခံ လူဦးရေ ၂၀၀၀ ခန့် ယခင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ခဲ့ သည့် ဂျပန်ရေတွင်း အနီးဝန်းကျင်တွင် တိမ်းရှောင်နေရကြောင်း ဘုရားသုံးဆူရှိ ဧရာဝတီ သတင်း ထောက်တဦး က ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေသူများထဲတွင် သက်ကြီးရွယ်အိုနှင့် ကလေးအများစုလည်း ပါဝင်ကြောင်း ပြောပြသည်။

ဒုက္ခသည်များ ကို အစိုးရ မဟုတ်သော အဖွဲ့အစည်း(NGO)များ အပါအ၀င် အလုပ်သမား အရေး ဆောင်ရွက်နေသူများနှင့် မွန်ပြည် သစ်ပါတီမှ အဖွဲ့ဝင် တချို့က အစားအသောက်များကို ထောက်ပံ့ပေးနေကြောင်း ၎င်းက ဆိုသည်။

နောက်ဆုံး သတင်းများအရ မြ၀တီမြို့ဘက်မှ ဆုတ်ခွာလာသော ဗိုလ်မှူးကြီး စောလားပွယ်၏ တပ်ဖွဲ့ဝင်များ ဘုရားသုံးဆူသို့ ယမန်နေ့က ရောက်ရှိနေကြောင်း၊ နအဖ စစ်ကူတပ်များလည်း သံဖြူဇရပ်ဘက်မှ ဘုရားသုံးဆူ ရှိရာသို့ ဦးတည် လာနေ ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ်ဂိတ် တချို့ကို DKBAတပ်ဖွဲ့ဝင်များ က ၀ိုင်းထားခဲ့ခြင်းနှင့် ပတ်သက်၍ ဘုရားသုံးဆူမြို့နယ်တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

မြ၀တီမြို့ရှိ DKBA တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် နေရာများကို စစ်အစိုးရ တပ်များက ပြန်လည်ရယူထားပြီး ဖြစ်သည်။

“စစ်အစိုးရက မြ၀တီမြို့ခံတွေကို အတင်း အကျပ် မဲပေးခိုင်းတယ်လို့ ကျနော်တို့ကြားရတယ်။ လူထုက မဲမပေးချင်ဘူး။ ဒါပေမယ့် စစ်အစိုးရက လူထုကို လက်နက်အားကိုးနဲ့ အကျပ်ကိုင်ခြိမ်းခြောက်တယ်။ အဲဒါကြောင့်မို့ လုံခြုံရေး အတွက် မြ၀တီ မှာ ကျနော်တို့ တပ်တွေ နေရာစယူခဲ့ရခြင်း ဖြစ်တယ်”ဟု ဗိုလ်မှူးကြီး စောလားပွယ်က ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောဆို ထားသည်။

စစ်အစိုးရကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့ကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။

၎င်းအဖွဲ့ သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်သည်။

No comments:

Post a Comment