Tuesday, November 2, 2010

ကြပ်ပြေး ယတြာအလံစာ ..

ကြပ်ပြေး ယတြာအလံစာ..

မြန်မာသက္ကရာဇ်၁၃၇၂ တော်သလင်းလပြည့်ကျော် ၁၃ရက် ခရစ်နှစ် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၁ရက်နေ့ နေ့လည် ၃နာရီ၃၀ မိနစ်တွင် သရ အမည်ရှိသာ မြေဖုတ်ဘီလူးသည်.. မနပလ ဆိုသော မြန်မာပြည်၏ အရှေ့တောင် အရပ်မှ ကက အမည်ရှိသော ဥစ္စာစောင့်မိန်းမမှ ခိုးယူလာ သည့် အရောင်လေးမျိုးပါသည့် အဝတ်တစ်ခုကို ကိုင်ကာ လဒကိုစီးလျှက် ကြပ်ပြေးဆိုသော အရပ်သို့ ဆင်းလေသည်.. ထိုနေ့ကားနတ်ပြည်၌ ရက်ရာဇာ.. လူ့ပြည်၌ ပြည်သူလူထုအတွက် ရက်ရာဇာ ဖြစ်ပြီး မတရားအုပ်ချုပ်နေသူများ အတွက် ပြဿဒါးနေ့ဖြစ်၏.. ဤကား ယတြာအလံ အကျတည်း။

ထိုမှ မြန်မာ၃နာရီ ၃၃မိနစ်အချိန်တွင် မဟာရန်ကုန်မြို့လယ်ကောင် တည့်တည့်၌ အသလဆိုသော မြို့စောင့် ပြိတ္တာသည် .. ခေါင်း၌ ခေါင်းပေါင်းမပါ.. ပြိတ္တာနှင့် မလိုက်ဖက်သော မည်းသောကိုယ်၌ ဖြူဖွေးသော အဝတ်ကို ဝတ်ဆင်လျှက် ပုဆိုးအကွက် ကိုဆင်မြန်းပြီး ခြေ၌ စင်ကြယ်ဖိနပ်ကို စီးကာ.. ပြိတ္တာ ပရိသာတ် အပေါင်းခြံရံလျှက် မြေဖုတ်ဘီလူး သရယူဆောင်လာသော အရောင်လေးမျိုးပါသော အဝတ်စအား ယတြာတိုင်သို့ လွှင့်လေသည်..ထိုအချိန်၌ ကဆအမည်ရှိသော မည်းမည်းပုပု အသံစာစာနှင့် မျက်မှန်တပ်ထားသော မျှင်စာသည် အောင်ပြီအောင်ပြီဟု သုံးကြိမ်တိုင်တိုင် အော်လေသည်..။ ထိုအချိန်၌ ကြပ်ပြေးဆိုသော အရပ်၌ အရောင်အဆင်းမရှိသော ဆင်တစ်ကောင်အား အချိန်ကိုက်၍ အနောက်အရပ်မှ မြို့သို့ အတင်းဓမ္မ မောင်းသွင်းစေလေသည်။ ဤကား ယတြာအလံအကြတ်တည်း။

ယခုနှစ် ယတြာအလံစာ အရ အသလဆိုသော မြို့စောင့် ပြိတ္တာသည် ဖြူဖွေးသော အဝတ်ကို ဝတ်ဆင်လျှက် ပုဆိုးအကွက် ကိုဆင်မြန်းပြီး ခြေ၌ စင်ကြယ်ဖိနပ်ကို စီးလျှက် အဝီဇိ အရပ်မှ ဝင်ရောက်လာသောကြောင့် ယခုနှစ် အဖြူရောင်နှင့် အစိမ်းရောင် ပုဆိုးကို ဝတ်ဆင်သော တိရိစ္ဆာန်ပုံ ပါသော ခွေးခြင်္သေ့ပါတီ ရွေးကောက်ပွဲ လုပ်ခဲ့သည်ရှိသော်.. ခွက်ခွက်လန်ရှုံးအံ့ ရခိုင်ပုဆိုးနှင့်တူသော အရာကို ဝတ်ဆင်ထားသောကြောင့် ရခိုင်ပြည်နယ်အတွင်း လေဘေးကျအံ့ .. ပြည်သူအချင်းချင်းမှ ဒုက္ခရောက်နေသူများအား ကူညီအံ့.. အသလဆိုသော မြို့စောင့် ပြိတ္တာသည် စင်ကြယ်ဖိနပ်ကို စီးလျှက်တွေ့ရသည့် အတွက် နေပြည်တော်မှ မင်းအစိုးရများ စောက်ကျိုးနည်းအံ့.. ကိုယ့်ရှူးကိုယ်ပတ်အံ့.. စောက်ထိုး ခွေးကျကျအံ့.. ယတြာအလံသည် စင်ပြိုင်အစိုးရတစ်ရပ်၏ အလံဖြစ်နေသည့်အတွက် ထိုနေ့မှစ၍ မကြာသော ကာလ၌ စင်ပြည်အစိုးရတစ်ရပ် ပေါ်ပေါက်အံ့.. ယခုနှစ် ယတြာအလံစာသည် အတုအပလုပ်ထားသည့် အတွက် အတုအယောင် ပြုလုပ်ထားသော အလံ တံဆိပ် စသည့် ပါတီ အဖွဲ့အစည်းများ ကိုယ်ကျိုးနည်းအံ့.. ပြည်သူတို့၏ ဆန့်ကျင်ခြင်းကို ခံရအံ့..
ယနေ့မှစ၍ ခုနှစ်ရက်သားသမီးတို့ အတွက် ယတြာကား လာမည့် တန်ဆောင်မုန်းလဆန်း(၁)ရက် နိုဝင်ဘာလ (၇)ရက်နေ့၌ အိမ်ထဲမှ အိမ်ပြင်မထွက်ပဲ နေသူများ ကောင်းကျိုးချမ်းသာများ ဧကန်မုချရရှိအံ့... အကယ်၍ ထိုနေ့ အိမ်တွင်းမှ မထွက်မနေ ထွက်ရပြီး မသွားမဖြစ်သွားရသော အရပ် မဲရုံစသည့် နေရာဋ္ဌာနများသို့ သွားရောက်ကြကုန်သော ခုနှစ်ရက်သားသမီးများအတွက် ယတြာအလို့ငှာ လူပုံများပါသော မဲစာရွက် အပေါ်ရှိ လေးထောင့်ကွက်များ၌ ရှိသမျှ အမှားခြစ်၍သော် လည်းကောင်း ပြုလုပ်ဆောင်ရွက်ပါသော်.. လာမည့် နှစ်၊လ၊ရက်များအတွင်း ကောင်းကျိုးချမ်းသာကို ဧကန်မုချ ရရှိခံစားရပါပေလိမ့်မည်..။
ထိုယတြာအလံကား လာမည့် တန်ဆောင်မုန်းလဆန်း(၁)ရက် နိုဝင်ဘာလ (၇)ရက်နေ့၌ သရ မည်သော မြေဖုတ်ဘီလူးသည်.. ခွက်စုတ်ကို ကိုင်ကာ နအဖ ဆိုသော အပေါင်းအပါများနှင့် ကမ္ဘာမြေ၏ အောက်တည့်တည့်ဖြစ်သော အဝီဇိ အရပ်သို့ ပြန်လည်ဆင်းသက်အံ့ ဤကား ယတြာအလံ အပျက်တည်း.။


ဤကား ကြပ်ပြေး ယတြာလံစာ အလိုတည်း...။


နအဖနှင့် အပေါင်းအပါများမှ လွှဲ၍ ခုနှစ်ရက် သားသမီးများ ကျန်းမာ ချမ်းသာကြပါစေ..


မြန်မာပြည်မှ ဆရာဝေဒ.

No comments:

Post a Comment