Tuesday, November 16, 2010

နိုင်ငံရေးကြောက်စိတ် နည်းသွားဟု လူငယ်များပြော

ဧရာဝတီ Tuesday, 16 November 2010 13:59

နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက် လာသော ဒေါ်အောင်ဆန်း စုကြည်ကို တွေ့မြင်၍ မိန့်ခွန်း နားထောင်ရ ပြီးနောက် လူငယ် အများစုသည် နိုင်ငံရေးကို ကြောက်ရွံ့စိတ် နည်းသွားပြီး နိုးကြားမှုရှိလာကြောင်း သိရသည်။

နိုဝင်ဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့ရှိ NLD ရုံးချုပ်ရှေ့တွင် မိန့်ခွန်း ပြောနေသည့် ဒေါ်အောင်ဆန်းစုကြည်။ လူငယ်များကို ပြုစု ပျိုးထောင်ပေးရန် အရေးကြီးသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုသွားသည်။ (ဓာတ်ပုံ - Reuters)
ဧရာဝတီက လူငယ်ဦးရေ ၁၀၀ ကို တွေ့ဆုံမေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒီမိုကရေစီအရေးတွင် ရဲရင့်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားလိုကြကြောင်း ဖြေဆိုကြသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသော နိုဝင်ဘာလ ၁၃ ရက်နေ့နှင့် မိန့်ခွန်း ပြောကြားသော နိုဝင်ဘာလ ၁၄ ရက်နေ့တွင် လူငယ်များအပါအဝင် ပြည်သူလူထု ထောင်သောင်းချီ၍ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

“လိုချင်ရုံ၊ တောင့်တရုံ၊ မျှော်လင့်ရုံနဲ့ မရဘူး။ လိုချင်တာကို ရအောင်ယူတတ်ရမယ်ဆိုတဲ့ အမေ့မိန့်ခွန်း ကြားကတည်းက ကျနော်တို့ လူငယ်တွေ အမေနဲ့အတူ တရားမျှတမှုနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲတွေ အများကြီးတိုက်ရဦးမယ်ဆိုတာ သိလာတယ်။ ထောင်ကျမှာ၊ နှိပ်စက်ခံရမှာတော့ ကြောက်တယ်။ ဒါပေမယ့် ကြောက်နေလို့ ပြီးသွားမှာမှ မဟုတ်တာ။ ကြောက်တဲ့ကြားက ကြောက်စိတ်ဖျောက်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်သွားမယ်” ဟု အသက် ၂၄ နှစ်အရွယ် ကွန်ပျူတာပညာရှင် လူငယ်တဦးက ဆိုသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး (NLD) သို့လည်း ဆယ်ကျော်သက်အရွယ် လူငယ်များလာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါ သော့ချိတ်များ၊ တီရှပ်အင်္ကျီများ ၀ယ်ယူကြသူ၊ ၀ယ်ယူရန် စုံစမ်းကြသူ လူငယ် အများအပြားရှိကြောင်း သိရှိရသည်။

“အန်တီ့ဓာတ်ပုံပါတဲ့ သော့ချိတ်လေး လိုချင်လို့လာဝယ်တာ။ NLD ရုံးလာရင် အပြင်ကနေ အစိုးရလူတွေက ဓာတ်ပုံရိုက်ယူတာတွေရှိလို့ စိတ်ထဲမှာ အဖမ်းများ ခံရမလားဆိုပြီး လန့်တယ်။ ကြောက်ပေမယ့် ဖြစ်ချင်ရာဖြစ်ဆိုပြီး
ရုံးမှာ သော့ချိတ်လာဝယ်တာပါ” ဟု အနောက်ပိုင်းတက္ကသိုလ်မှ အသက် ၁၉ နှစ်အရွယ် ကျောင်းသူတဦးက ပြောသည်။

NLD မှ လူငယ်အဖွဲ့ဝင်တဦးက ပါတီဝင်မဟုတ်သော လူငယ်များ NLD ရုံးသို့ လာရောက်မှုနှုန်း မြင့်တက်လာသည်ဟု ဆိုသည်။

“ဆယ်ကျော်သက်တွေ လာကြတယ်။ တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည် ဘယ်အချိန်ရုံးဆင်း၊ ရုံးတက်လုပ်သလဲဆိုတာ လာမေးကြပြီး စောင့်ကြည့်ကြတယ်။ တချို့လူငယ်တွေက ၂ ယောက်တွဲ၊ ၃ ယောက်တွဲလာပြီး ရုံးရှေ့မှာ လာစောင့်တာမျိုးတွေလည်း ရှိတယ်” ဟု အဆိုပါ NLD လူငယ်က ပြောသည်။

ပုဂ္ဂလိက သတင်းမီဒီယာများမှ သတင်းထောက်လူငယ်များလည်း NLD ရုံးသို့ နေ့စဉ် ၀င်ထွက်သွားလာကြကြောင်း သိရသည်။

“အခုအခြေအနေက အရင်နဲ့မတူဘူး။ သာမန်လူငယ်တွေရော၊ သတင်းထောက်လူငယ်တွေရော NLD ရုံးကို နေ့စဉ်လိုလို လာနေကြတယ်။ အရင် အန်တီလွတ်တုန်းကဆိုက မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းက သတင်းထောက် လူကြီးတွေပဲ ရှိခဲ့တာ။ အခု အရမ်း အားရဖို့ကောင်းပါတယ်။ ဘယ်နေရာကြည့်ကြည့် လူငယ်တွေချည်းပဲ” ဟု နိုင်ငံခြားသတင်းဌာနတခုအတွက် အလုပ်လုပ်နေသူ သတင်းထောက်တဦးက ဆိုသည်။

လူငယ်သတင်းထောက်တဦးက “စိစစ်ရေး လွတ်တာ၊ မလွတ်တာက စာပေစိစစ်ရေးနဲ့ပဲ သက်ဆိုင်မယ်။ ကိုယ်က သတင်းသမားဆိုတော့ ဒေါ်အောင်ဆန်းစုကြည် သတင်းတွေ ဆက်တိုက်ရေးသွားမယ်။ နေ့စဉ် မဟုတ်တောင် NLD ရုံးကို တပတ် ၂ ကြိမ်လောက် သွားမယ်” ဟုပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လူထုနှင့် ထိတွေ့နိုင်မည့် အပတ်စဉ် ဟောပြောပွဲများ ပုံမှန်ပြုလုပ်စေချင်သော လူငယ်အများအပြား ရှိနေကြောင်း သိရှိရသည်။

“အလုပ်က မအားတော့ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ဒေါ်စုနဲ့ လူထု အမြဲထိတွေ့သွားနိုင်မယ့် ဟောပြောပွဲမျိုး လုပ်စေချင်တယ်။ အဲဒီလိုလုပ်ဖြစ်ရင်တော့ အလုပ်ကလူငယ်တွေစုပြီး သွားနားထောင်မယ်” ဟု ဆေးဝါးပစ္စည်းရောင်းချသည့် ကုမ္ပဏီတခုတွင် အလုပ်လုပ်နေသော လူငယ်တဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်၏ အနာဂတ်သည် လူငယ်များလက်ထဲတွင် ရှိနေပြီး လူငယ်များကို ပြုစုပျိုးထောင်ပေးရန် အလွန်အရေးကြီးကြောင်း နိုဝင်ဘာလ ၁၄ ရက်နေ့ မိန့်ခွန်းနှင့် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုသွားသည်။

No comments:

Post a Comment