Tuesday, November 30, 2010

အန်အယ်ဒီ ဖျက်လျှင် လူထုလှုပ်ရှားမှုဖြင့် တု့ံ့ပြန်မည်ဟု ဗဒတ ဆို

အန်အယ်ဒီ ဖျက်လျှင် လူထုလှုပ်ရှားမှုဖြင့် တု့ံ့ပြန်မည်ဟု ဗဒတ ဆို

ဖနိဒါ | အင်္ဂါနေ့၊ နိုဝင်ဘာလ ၃၀ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၉ မိနစ်

ချင်းမိုင် (မဇ္စျိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လှုပ်ရှားမှုကို စစ်အစိုးရက ရပ်တန့်စေပြီး ပါတီဝင်များကို ဖမ်းဆီးပါက လူထုဆန္ဒပြပွဲများအထိ လုပ်သွားမည်ဟု မြေအောက်လှုပ်ရှားသော ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစု (ဗဒတ) က ယနေ့ ပြောဆိုသည်။

၉ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အန်အယ်ဒီသည် တရားဝင် မှတ်ပုံတင်ထားသည့် ပါတီဖြစ်ပြီး၊ ယင်းကို ဖျက်သိမ်းပါက ဆက်လက်ရပ်တည်ရေးအတွက် လူထုလှုပ်ရှားမှုဖြင့် တိုက်ပွဲဝင်မည်ဟု အဖွဲ့ ၇ ဖွဲ့ပါ ဗဒတ က ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။


ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစု
“ပါတီဝင်တွေကို တစုံတရာ ဖမ်းဆီးအရေးယူတာတို့ လုပ်လာမယ်ဆိုရင် ကျနော်တို့က လက်မခံဘဲ သူတို့အရေးယူတဲ့ ပုံစံအလိုက်၊ ပြင်းထန်မှုအလိုက် ကျနော်တို့ လှုပ်ရှားမှုကလည်း ပြင်းထန်လာမယ်။ နောက်ဆုံး လူထုလှုပ်ရှားမှု ပုံစံထိ အကောင်အထည်ဖော်မယ်။ ဒါက နောက်ဆုံး ရည်မှန်းချက်။ လူထုလှုပ်ရှားမှု တခုထိ တိုက်ပွဲခေါ်မယ့် လမ်းကြောင်းကို လုပ်မယ်” ဟု ဗဒတ ပြောခွင့်ရတဦးဖြစ်သူ ကိုမင်းသွေးသစ်က မဇ္ဈိမကို ပြောသည်။

ဖျက်သိမ်းခံ အန်အယ်ဒီပါတီဟုဆိုကာ နိုင်ငံပိုင် သတင်းစာများတွင် ယခုတလော ဖော်ပြမှုများ ရှိလာသဖြင့် ပါတီဖျက်သိမ်းရေး ရှေ့တိုးလုပ်လာနိုင်သည်ဟု ဗဒတ အဖွဲ့က ယူဆနေသည်။

ယခုလ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နန်ဘီယားနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် “ဖျက်သိမ်းထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်” မှ ဦးဝင်းတင်၊ ဦးတင်ဦး အပါအဝင် အဖွဲ့ချုပ်ဝင်များ တွေ့ဆုံကြသည်ဟု ရေးသားဖော်ပြခဲ့သည်။

တရားမျှတမှု မရှိသော ရွေးကောက်ပွဲဟု ပြောဆိုခဲ့သော အန်အယ်ဒီအပါအဝင် ပါတီ ၁ဝ ခုမှာ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံမတင်ခဲ့သဖြင့် တရားဝင် ရပ်တည်ခွင့် မရှိတော့ကြောင်း ယခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။ ထို့ပြင် ရပ်တည်ခွင့် ရရေးအတွက် နေပြည်တော် ဗဟိုတရားရုံးချုပ်သို့ အန်အယ်ဒီက လျှောက်ထားခဲ့ရာ ပယ်ချခံထားရသည်။ 


သို့သော် အန်အယ်ဒီကမူ ပါတီရုံးချုပ်ကို ဖွင့်ထားပြီး စုဝေးမှုများ ဆက်လက်ရှိနေကာ ယခုလ ၁၃ ရက်နေ့မှစ၍ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာသောအခါ လှုပ်ရှားမှုများ ပိုမို၍ ရှိလာခဲ့သည်။

အန်အယ်ဒီ လှုပ်ရှားမှုများကို အာဏာပိုင်များက တားဆီးပါက လူထုလှုပ်ရှားမှုအပြင် လူထုလူတန်းစားပေါင်းစုံမှ ကန့်ကွက်ကြောင်း လက်မှတ်ထိုး တိုင်ကြားလွှာများကို ကုလသမဂ္ဂအထိ ပေးပို့သွားမည်ဟုလည်း ဗဒတ က ဆိုသည်။

ဗဒတ တပ်ပေါင်းစုတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၊ ၂ဝဝ၇ မျိုးဆက် ကျောင်းသားများ သမဂ္ဂ၊ မြေလတ် ကျောင်းသားများ အဖွဲ့၊ ရွှေဝါရောင် မျိုးဆက်အဖွဲ့၊ New Generation၊ ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ် အင်အားစု၊ ၉ဝ ခု မျိုးဆက် အဖွဲ့ စသည့် အဖွဲ့ ၇ ဖွဲ့ ပူးပေါင်းပါဝင်သည်။

ကျောင်းသားကျောင်းသူ လူငယ်များ အများဆုံးဖြင့် ဖွဲ့စည်းထားပြီး အမာခံ လူအင်အား ၂ဝဝ ကျော်ရှိပြီး ပြည်နယ်နှင့် တိုင်းများတွင်လည်း အဖွဲ့ဝင်အင်အား တိုးချဲ့နေသည်ဟု တပ်ပေါင်းစုက ပြောဆိုသည်။

No comments:

Post a Comment