Friday, September 10, 2010

ပဲခူးပစ်ခတ်မှု မိသားစုများ နှုတ်ပိတ်နေရန် ညွှန်ကြား

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ စက်တင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၀၀ မိနစ် .
ရန်ကုန် (မဇ္ဈိမ)။ ။ စစ်သားများက သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးခဲ့ရသော လူငယ် ၂ ဦး၏ မိသားစုများကို သတင်းဌာနများနှင့် ဆက်သွယ်ဖြေဆိုခြင်း မပြုရန် အာဏာပိုင်များက တားမြစ်ထားသည်ဟု မိသားစုဝင် တဦးက ပြောသည်။

ထို့ပြင် သေဆုံးမှုအတွက် ကျပ်ငွေ ၁ဝ သိန်းစီပေးကာ ကျန်ရစ်သူ မိသားစုများ ကျေအေးစေရန် ကြိုးပမ်းခဲ့သော်လည်း လက်မခံခဲ့ကြကြောင်း သိရသည်။ စစ်တပ်အရာရှိများဟု ယူဆရသူများက လာရောက်တွေ့ဆုံကာ ၎င်းထံ ငွေပေး၍ ကျေအေးစေရေး ညှိနှိုင်းခဲ့သော်လည်း လက်မခံခဲ့ဟု သေဆုံးသူ မောင်အောင်သူဟိန်း (၂၃ နှစ်) ၏ ၆၅ နှစ်အရွယ် အဖွားဖြစ်သူ ဒေါ်စန်းရီက ပြောသည်။


မြို့ခံလူငယ် ၇ ဦးနှင့် ပဲခူးအခြေစိုက် ခလရ ခြေလျင်တပ် ၅၉ မှ ဗိုလ်ကြီးအဆင့် ရှိသူအကြား ယခုလ ၄ ရက်နေ့ ည ၁၂ နာရီကျော်တွင် ခိုက်ရန်ဖြစ်ပွားပြီးနောက် ရပ်ကွက်ထဲသို့ လာရောက်ရှာဖွေကာ သေနတ်ဖြင့် ပစ်သောကြောင့် ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်ကွက် (တောင်ပိုင်း) မြလမ်းရှိ မောင်အောင်သူဟိန်း (၂၃ နှစ်) နှင့် မောင်စိုးပိုင်ဇော် (၁၈ နှစ်) တို့ ပွဲချင်းပြီး သေဆုံးခဲ့သည်။

’’မနက်ဖြန်ကျရင် ရက်လည်ပြီ။ အဖွားအနေနဲ့ မြေးရဲ့ ဖြစ်ပျက်တာတွေကို မနေ့တနေ့ကလိုပဲ ထင်နေပါတယ်။ မနက်ဖြန်တော့ ရက်လည်ကို သူတို့ဘက် (စစ်တပ်အာဏာပိုင်များ) က လာကြမယ်လို့တော့ ကြားပါတယ်။ အဖွားကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့တော့ ဘာမှကို မပြောချင်တော့ပါဘူး’’ ဟု ဒေါ်စန်းရီက ပြောသည်။

ယခုလ ၇ ရက်နေ့တွင် ပဲခူးမြို့ ဆင်ဖြူကွင်း သုသာန်၌ စစ်တပ်အစီအမံဖြင့် သင်္ဂြိုဟ်ခဲ့ပြီး ဖြစ်သော်လည်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် အမှုအကြောင်းကို ရေးသားလာသည်ကို တွေ့ရသည်။

မြန်မာ့အလင်းသတင်းစာက အရက်မူးနေသော လူငယ်များ ခိုက်ရန်ဖြစ်ပွားခြင်း ဖြစ်သည်ဟုဆိုကာ နိုင်ငံရေးသမားများနှင့် ပြည်ပမီဒီယာများက ဖြစ်စဉ်ကို ခုတုံးလုပ်ကာ နိုင်ငံတွင်း ရုန်းရင်းဆန်ခတ်မှု၊ ဆူပူမှုများ ဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်နေသည်ဟု စွပ်စွဲလိုက်သည်။

အပြစ်ကျူးလွန်သည့် လုံခြုံရေးတပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်များကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း ပါရှိသည်။

ဖြစ်စဉ်ကို ဖော်ပြရာတွင် စက်တင်ဘာ ၄ ရက်နေ့ ည ၁ဝ နာရီခန့်တွင် ပဲခူးလူငယ် ၇ ဦး စီးနင်းသော သုံးဘီးဆိုင်ကယ်နှင့် ပဲခူးဘူတာ လုံခြုံရေးတာဝန်ကျ တပ်ဖွဲ့မှ တပ်ဖွဲ့အရာရှိတဦး ဘီယာသောက်ပြီး ဆိုင်ကယ်ကယ်ရီဖြင့် ဘူတာသို့ ပြန်လာရာ ပွတ်တိုက်မိခဲ့ကြောင်းနှင့် သုံးဘီးဆိုင်ကယ်ကြောင့် ဆိုင်ကယ်မှာ လဲသွားရာ လူငယ် ၇ ဦးက ရိုက်နှက်ခဲ့သည့်အတွက် ဘူတာလုံခြုံရေး တာဝန်ကျ အရာရှိ ၂ ဦးလုံး ဒဏ်ရာကိုယ်စီဖြင့် နေရာတွင် လဲသွားကြောင်း ရေးသားသည်။

အရာရှိ ၂ ဦးက ဆက်မရိုက်ရန် တောင်းပန်ခဲ့သော်လည်း လူငယ်များမှာ အရက်သေစာသောက်ထားကာ မူးနေသဖြင့် တောင်းပန်၍ မရခဲ့သောကြောင့် အဖော်ပါလာသူ အရာရှိက ထွက်ပြေးကာ ပဲခူးဘူတာရှိ လုံခြုံရေးစစ်သည်များကို သွားရောက်အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

အဆိုပါ အရာရှိနှင့်အတူ လုံခြုံရေးစစ်သည် ၄ ဦး ပြန်ရောက်လာစဉ် မြလမ်းထိပ်တွင် အခင်းဖြစ်ရာ၌ ပါဝင်ခဲ့သော လူငယ် ၇ ဦးနှင့် ပြန်တွေ့ရာ ထပ်မံခိုက်ရန်ဖြစ်ပွားပြီး လုံခြုံရေးစစ်သည်တဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် မောင်စိုးပိုင်ဇော် (၁၇ နှစ်) နှင့် မောင်အောင်သူဟိန်း (၂၁ နှစ်) သေဆုံးခဲ့သည်ဟု သတင်းစာတွင် ဆက်လက်ဖော်ပြသည်။

ယင်း သတင်းစာ ဖော်ပြချက်များမှာ အဖြစ်မှန်နှင့် ကွဲလွဲနေသဖြင့် ပဲခူးမြို့ခံများအကြား မကျေမနပ် ဖြစ်နေကြသည်။

’’ကျနော် မအိပ်သေးဘူး။ လမ်းထဲမှာ လမ်းလျှောက်နေတယ်။ ကောင်လေးတွေက လမ်းထဲမှာ ဂီတာတီးနေတာ။ လာတဲ့ စစ်သားတွေထဲက တယောက်က ဘာမပြော၊ ညာမပြော သေနတ်နဲ့ ပစ်တာ။ ကျနော့်မျက်စိရှေ့တင်ပဲ။ ကောင်လေးတွေ ကြောက်လန့်ပြီး ပြေးတယ်။ သတင်းစာမှာ ပါတာကျ ထပ်ရန်ဖြစ်လို့ဆိုပြီး ပါတယ်။ ကောင်လေးတွေကပဲ မူးနေတယ်လို့ ပါတယ်။ ဒီကလေးတွေဟာ ရမ်းကားတတ်တဲ့သူတွေ မဟုတ်ဘူး။ ကောင်းရောင်းကောင်းဝယ်နဲ့ မိဘ၊ အဒေါ်တွေနဲ့ နေကြတာတွေချည်းပဲ’’ ဟု မြလမ်းနှင့် စိန်လမ်းကြားနေထိုင်သည့် ၄၅ နှစ်ခန့်အရွယ် အမည်မဖော်လိုသူ တဦးက ပြောသည်။

သတင်းစာတွင် ပစ်ခတ်သူနှင့် ၎င်း၏ တပ်ရင်းအမည်ကို ထည့်မထားခြင်း၊ မည်ကဲ့သို့ အရေးယူမည်ကို မဖော်ပြခြင်း၊ ဖြစ်စဉ်တွင် ဖမ်းဆီးခံခဲ့ရသူ လူငယ်အချို့ကို ပြန်လွှတ်ပေးခြင်း ရှိမရှိ မပါရှိခြင်း စသည်တို့ကိုပါ ပဲခူးမြို့ခံက ထောက်ပြဝေဖန်လိုက်သည်။

No comments:

Post a Comment