Thursday, September 9, 2010

ပဲခူးမှ လူငယ် (၂) ဦး သေဆုံးမှု သတင်းစာရှင်းလင်းပွဲလုပ်မှာမဟုတ်ကြောင်း နေပြည်တော်မှရဲအရာရှိတဦးမှပြောကြား

တက်လူ / ၀၉ စက်တင်ဘာ ၂၀၁၀


ပဲခူးမြို့  ဇိုင်းဂနိုင်းတောင်ရပ်ကွက်မှ လူငယ် (၂) ဦးကို ခလရ (၅၉) မှ စစ်သားများက သေနတ်ဖြင့်ပစ်သတ်လိုက်သည့်ကိစ္စကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်မဟုတ်ကြောင်း နေပြည်တော်မှ ရဲအရာရှိတဦးက ပြောကြားသည်။

အဆိုပါလူငယ် (၂) ဦး သေဆုံးခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍ ရဲချုပ်ခင်ရီက ရန်ကုန်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည့်အပေါ် အဆိုပါ ရဲအရာရှိက ခေတ်ပြိုင်သို့ ပြန်လည်ပြောကြားခြင်းဖြစ်သည်။

၎င်းက “သတင်းစာရှင်းလင်းပွဲဆိုတာမျိုးက ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်နေတာကို ပြန်ပြီးသဘောပေါက်အောင် ရှင်းလင်းပေးရတာလေ။ အထင်လွဲနေတာတွေ မလွဲရအောင်ပေါ့၊ အခုကိစ္စကတော့ရှင်းတယ်၊ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ပါစေ၊ အခုလို အသေသတ်တဲ့ကိစ္စကတော့ လုံးဝကို ပြစ်မှုထင်ရှားစေတဲ့ လုပ်ရပ်တခုပါပဲ” ဟု ပြောဆိုသည်။

ရွေးကောက်ပွဲပြုလုပ်ရန် ရက်ပေါင်း (၆၀) ခန့်သာ လိုတော့သည့်အချိန်တွင် ပဲခူးမြို့၌ စစ်တပ်ကအရပ်သားကို သေနတ်ဖြင့် ပွဲချင်းပြီး ပစ်သတ်ခဲ့သည့်ကိစ္စသည် ပဲခူးမြို့အပါအ၀င် မြန်မာနိုင်ငံတ၀န်းနှင့် ကမ္ဘာကပါ သိရှိခဲ့ကြပြီးဖြစ်သည်။

“ရွေးကောက်ပွဲ လုပ်ခါနီးပြီလေ။ စစ်တပ်အနေနဲ့ သူတို့ဘက်က အပြစ်ကို ပြည်သူတွေကို သေသေချာချာ ချပြပြီးတော့ အမှန်အတိုင်း ဖော်ထုတ်ပြပြီး ကြေညာဖို့လိုတယ်။ ဒီလိုလုပ်တာက သူတို့အတွက် တော်ကာကျမယ်လေ။ ပြည်သူတွေကတော့ စစ်သားဆိုတာကို မုန်းပြီးရင်းမုန်းရင်းပဲ။ ကျမတို့ ပဲခူးကတော့ စစ်သားလို့တောင် မကြားချင်တော့လောက်အောင် ဖြစ်နေကြပြီ” ဟု ပဲခူး ကျွန်းသာယာရပ်ကွက်သူတဦးက ပြောသည်။

အဆိုပါ ပစ်သတ်မှုကို ပဲခူးမြို့ခံများက တိတိကျကျ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးစေလိုကြောင်း တယောက်တပေါက် ပြောဆိုနေကြရာမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်

ခြေလျင်တပ်ရင်းအမှတ် (၅၉) မှ အရာရှိဖြစ်သူနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ စက်တင်ဘာ (၅) ရက်နေ့ နံနက်ပိုင်းတွင် ထိုစစ်တပ်မှ စစ်သားများက ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်း မြလမ်းတွင် နေထိုင်သူ မောင်စိုးပိုင်ဇော် အသက် (၁၉) နှစ်နှင့် မင်္ဂလာလမ်းတွင်နေထိုင်သူ မောင်အောင်သူဟိန်း အသက် (၂၃) နှစ်တို့ကို နေရာတွင် သေနတ်ဖြင့် ပွဲချင်းပြီး ပစ်သတ်ခဲ့သည်။ ထိုလူငယ် (၂) ဦးအလောင်းများကို စက်တင်ဘာ (၇) ရက်တွင် ပဲခူးမြို့ ဆင်ဖြူကွင်း သုသာန်၌ သင်္ဂြိုဟ်ခဲ့ပြီးဖြစ်သည်။

No comments:

Post a Comment