Saturday, September 4, 2010

အငြိမ်းစားဝန်ထမ်းများ လခတိုးမြှင့်ပေးရန် နိုင်ငံတော်အကြီးကဲထံ တင်ပြတောင်းဆို

Wednesday, 04 August 2010 13:47 ရိုးမ ၃

ပင်စင်စား ပညာရေးဝန်ထမ်း အယောက် (၅၀) က စားဝတ်နေရေးလုံလောက်မှုမရှိသည့်အတွက် ပင်စင်လခများ တိုးမြှင့်ပေးရန် ဗိုလ်ချုပ်မှူးကြီးထံသို့ စုပေါင်းလက်မှတ်ထိုး တင်ပြတောင်းဆိုမှု ပြုလုပ်ခဲ့သည်။

မနေ့က ရန်ကုန်၊ ပဲခူး၊ ပြည်၊ ဇီးကုန်း၊ သနပ်ပင်၊ ထုံးကြီး၊ ကဝ မြို့နယ်များမှ အငြိမ်းစား ပညာရေးဝန်ထမ်းများက တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း အငြိမ်းစားဝန်ထမ်းတဦးက ပြောသည်။

“ကျနော်တို့တွေ ဒီနေ့လစာထုတ်ရတဲ့ ပင်စင်လစာက ၂၀၀ လောက်ပဲ ကျန်တယ်၊ ဒီနေ့စားဝတ်နေရေးနဲ့ ကျနော်တို့ ဘယ်လိုမှ မလောက်ဘူး၊ ကျနော်တို့ တစ်နှစ်လုံး လစာက ကျနော်တို့ ခရီးစရိတ်တောင်မရတော့ ကျနော်တို့ တော်တော်များများက သွားမထုတ်ကြတာ များတယ်၊ အဲဒါကြောင့် ကျနော်တို့ကို လစားတိုးပေးဖို့ ကျနော်တို့ တင်ပြထားတာ” ဟု ပြောသည်။

ပင်စင်စား ပညာရေးဝန်ထမ်းများ၏ အမြင့်ဆုံး ပင်စင်လစာမှာ တနှစ်လုံးစာအတွက် (၆၀၀၀) ကျပ်သာရှိသည့်အတွက် ပင်စင်သွားထုတ်ရမည့် ခရီးစရိတ်ပင်မရှိသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ယခုလက်ရှိ ကုန်ဈေးနှုန်းမြင့်မားမှုတွေကြောင့် စားဝတ်နေရေးနှင့် အသက်ရှင်ရပ်တည်ရေး ခက်ခဲမှုရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ကျနော်တို့ လခကို ကြည့်မယ်ဆိုရင် ဘယ်လောက်ကွာသလဲဆိုရင် အမေရိကန်ဒေါ်လာ (၄) ဆင့် လောက်ဘဲရတာဆိုတော့ ဘယ်လိုလုပ်မလဲ၊ ကျနော်က နိုင်ငံ့ဝန်ထမ်းလုပ်ခဲ့တာပါ၊ လုပ်ခဲ့တဲ့အခါကျတော့ ကျနော်တို့ နိုင်ငံ့ဝန်ထမ်းတွေအတွက် နိုင်ငံတော်အကြီးကဲကိုဘဲ ကျနော်တို့က သနားခံစာတင်မှရမယ်” ဟု ပြောသည်။

အဆိုပါ စုပေါင်းလက်မှတ်ရေးထိုးထားသည့် စာကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယ ဥက္ကဌ၊ (ILO) အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၊ UNDP၊ အမေရိကန်သံရုံးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုရုံး တို့ကိုပါ မိတ္တူပို့ထားကြောင်း ၎င်းက ဆက်ပြောသည်။

No comments:

Post a Comment