ဧရာဝတီ Friday, September 24, 2010
တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) သည် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့် မဟာမိတ် ပြုလုပ်မည် မဟုတ်ဘဲ အနိုင်ရရှိရန် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း တစည ပါတီ ၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ကြီးက ပြောသည်။

(ဓာတ်ပုံ - ဧရာဝတီ)
ယနေ့ ကျင်းပသော တစည ပါတီ ထူထောင်ခြင်း ၂၂ နှစ်မြောက် အခမ်းအနားတွင် ဦးခင်မောင်ကြီးက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲ မ၀င်ဘဲ သပိတ်မှောက် ထားခြင်းကြောင့် တစည ပါတီ အနေဖြင့် NLD နှင့် ပြန်လည် ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရ ကြောင်းလည်း ဦးခင်မောင်ကြီး က ပြောသည်။
“NLD နဲ့ တပွဲတလမ်း ပြန်စမ်းလိုက် ချင်သေးတယ်”ဟု ၎င်းက ပြောဆိုသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် တစည ပါတီသည် NLD ကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
တစည ပါတီသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ရာနှုန်းပြည့်သဘောမတူနိုင်သော အချက်များ ပါဝင်ပြီး ထိုအချက် များကို လွှတ်တော်အတွင်းမှ ပြင်ဆင်သွားမည်ဟုလည်း ဦးခင်မောင်ကြီးက ပြောဆိုသည်။
“စနစ်တခုကနေ စနစ်တခုကို ချက်ချင်းကြီးပြောင်းဖို့ဆိုရင် တော်လှန်ရေးလုပ်ရမယ်။ မြန်မာပြည်သူတွေက တော်လှန်ရေးတွေနဲ့ အတော်ကို ပင်ပန်းနေပြီ”ဟု ၎င်းက ဆိုသည်။
တစည ပါတီ ဥက္ကဋ္ဌ ဦးထွန်းရီ ကလည်း နိုင်ငံအကျိုးကို အမှန်တကယ် သယ်ပိုးနိုင်မည့် တစည ပါတီကို မဲပေးရန် ပြည်သူများကို ပန်ကြားသည်ဟု ဆိုသည်။
“မြန်မာနိုင်ငံရဲ့ကောင်းကျိုး၊ တိုင်းရင်းသားပြည်သူတွေရဲ့အကျိုးစီးပွားကို အမှန်တကယ်သယ်ပိုး ဆောင် ရွက်နိုင်မယ့် ပါတီအဖြစ် ရှုမြင်ပြီး ပါတီကို ထောက်ခံမဲပေးလို့ စိတ်တူကိုယ်မျှ အတူတကွ လက်တွဲ ဆောင်ရွက်ကြပါလို့ မေတ္တာ ရပ်ခံပန်ကြားအပ်ပါတယ်” ဟု ဦးထွန်းရီက ပြောဆိုသည်။
ရွေးကောက်ပွဲတွင် တစည က လွှတ်တော်အမတ်လောင်း ၉၉၉ ဦး ယှဉ်ပြိုင်ရာတွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော်များတွင် အနိုင်ရရှိရန် အခွင့်အလမ်းများပြားကြောင်းလည်း ဆိုသည်။
တစည ပါတီအနေဖြင့် ရွေးကောက်ပွဲ အောင်မြင်ရေး၊ လယ်သမားတိုင်း လယ်ပိုင်ခွင့်ရှိရေး၊ ဈေးကွက် စီးပွားရေး စနစ် အကောင် အထည်ဖော်ရေးများ ဆောင်ရွက်သွားမည်ဟု သိရသည်။
တစည ပါတီသည် တနိုင်ငံလုံး အတိုင်းအတာဖြင့် လွှတ်တော်အမတ်လောင်း ၉၉၉ ဦးယှဉ်ပြိုင်မည်ဖြစ်ရာ ပြည်သူ့လွှတ်တော် အမတ်နေရာ ၂၉၅၊ အမျိုးသားလွှတ်တော်အမတ်နေရာ ၁၄၉ နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော် အမတ်နေရာ ၅၃၈ နှင့် လူမျိုးစုလွှတ်တော် အမတ်နေရာ ၁၇ နေရာ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ယှဉ်ပြိုင်မည့် အမတ်လောင်းများတွင် အမျိုးသမီး လွှတ်တော်အမတ်လောင်း ဆယ်ဂဏန်းကျော် ပါဝင်ကြောင်း ဦးခင်မောင်ကြီးက ဆိုသည်။
တစညပါတီ၏ ပါတီထူထောင်ခြင်း၂၂ နှစ်မြောက်အခမ်းအနားကို ယနေ့ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပြီး ပါတီဝင် ၇၀၀ ကျော် အပါအ၀င် ပြည်တွင်းပြည်ပ သတင်းထောက်များ၊ ထောက်လှမ်းရေးနှင့်ရဲများ စုံလင်စွာ တက် ရောက် ခဲ့သည်။
တစည ပါတီ သည် အာဏာရှင် ဦးနေ၀င်း ၏ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီကို ၁၉၈၈ ခုနှစ် စက်တင် ဘာ ၂၄ ရက်နေ့တွင် ပြောင်းလဲ ဖွဲ့စည်းခဲ့သည့် ပါတီဖြစ်သည်။
No comments:
Post a Comment