Monday, May 21, 2012

နှစ်နိုင်ငံအစိုးရ အစီအစဉ်နဲ့ ထိုင်းတွင် အလုပ်လုပ်ကိုင်ပြီး ဒုက္ခရောက်နေသူများကို ရွှေတွံတေး ဆရာတော် စောင့်ရှောက်ထားရ

 
 
နှစ်နိုင်ငံအစိုးရ အစီအစဉ်နဲ့ ထိုင်းတွင် အလုပ်လုပ်ကိုင်ပြီး ဒုက္ခရောက်နေသူများကို ရွှေတွံတေး ဆရာတော် စောင့်ရှောက်ထားရ
ယခင်က မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံကို တရားမ၀င် သွားရောက် အလုပ်လုပ်ကိုင်ကြသော်လည်း အခုအခါ နိုင်ငံကူးလက်မှတ်နဲ့ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာပြီ ဖြစ်ပါတယ်။ အဲဒီလို တရားဝင် လုပ်ကိုင်နိုင်ကြသော်လည်း ဒုက္ခရောက်သူများ ရှိနေကြကြောင်း၊ ထိုသို့ ဒုက္ခရောက်သူများအနက် ၁၅ ဦးကို ရွှေတွံတေးဆရာတော်က ခေါ်ယူ စောင့်ရှောက်ထားရကြောင်း သတင်းရရှိပါတယ်။
ထို ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရွှေတွံတေးဆရာတော်က “၁၄ ရက်နေ့က ဘုန်းကြီးဆီ ရောက်လာတာ။ တာချီလိတ် - မယ်ဆိုင် နယ်စပ်ဂိတ်က ၀င်လာတာပေါ့။ ဟိုဘက်က အကျိုးဆောင် ကုမ္ပဏီနဲ့ ဒီဘက်က ထိုင်း အလုပ်ရှင်နဲ့ ချိတ်ဆက်ပြီးတော့ မြန်မာနိုင်ငံကူး လက်မှတ် လုပ်ပေးတယ်။ အလုပ်လုပ်ခွင့်လုပ်ပေးပြီးတော့ အလုပ်ရှင်ဆီ ပို့ပေးလိုက်တာ ပေါ့။ ထိုင်း အလုပ်ရှင်ဆီ ရောက်တဲ့အခါကျတော့ လုပ်အားခကို သတ်မှတ်တဲ့အတိုင်း မပေးတာ တို့၊ အလုပ်ချိန်တွေ ပို ခိုင်းတာ တို့၊ လုပ်ခ မရှင်းပေးတာ တို့၊ နိုင်ငံကူးလက်မှတ် သိမ်းထားတာတို့၊ ပြဿနာတွေ အများကြီး ဖြစ်တယ်“ လို့ စတင် ရှင်းပြပါတယ်။
ဆရာတော်က ဆက်လက်ပြီး “ပထမ အလုပ်လုပ်တဲ့နေရာက စူရပ်လို့ ပြောတယ်။ အဲဒီမှာ ပြဿနာတက်တော့ ချွန်ဘူရီကို ပြောင်းတယ်။ အဲဒီမှာ နိုင်ငံကူးလက်မှတ် သိမ်း၊ လုပ်ခ မရှင်းပေး၊ အဲဒီလို ပြဿနာတက်တဲ့အခါကျ သူဋ္ဌေးက ချက်ခြင်း စက်ရုံထဲက မောင်းထုတ်လိုက်တာ ပေါ့။ အဲဒီကနေပြီး သံရုံးကို သွားတိုင်တယ်။ သံရုံးကလည်း အစိုးရပိုင်းဆိုင်ရာဆိုတော့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်နေရမှာပေါ့။ လုပ်နေတဲ့အချိန် နေစရာ စားစရာ အခက်အခဲ ပြဿနာ ဖြစ်တာ။ သူတို့အားလုံးက အရွယ်ရောက်ပြီးသား ပဲ။ အမျိုးသမီး လေးဦး၊ အမျိုးသား ၁၁ ဦး“ လို့ ပြောပြပါတယ်။
အခက်အခဲတွေ့နေသူ ၁၅ ဦးဟာ လောလောဆယ် ရွှေတွံတေးဆရာတော်ထံတွင် ခေတ္တ ခိုလှုံနေရကြောင်း၊ နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်များဆိုင်ရာ ကိစ္စ၊ မရသေးတဲ့ လုပ်ခကိစ္စကို မြန်မာသံရုံးက ထိုင်းနိုင်ငံ တာဝန်ရှိသူများနဲ့ ဆွေးနွေးနေကြောင်း၊ ရွှေတွံတေးဆရာတော်က အလုပ်ရှင်များနဲ့ ဆက်သွယ်ပြီး အလုပ်ရှာပေးနေကြောင်း သိရပါတယ်။
မြန်မာနိုင်ငံသားများဟာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ဖို့နဲ့ နယ်စပ်မှာ ထုတ်ပေးနေတဲ့ မြန်မာနိုင်ငံကူးလက်မှတ် ရရှိဖို့ ထိုင်းဘတ် တသောင်း၊ တသောင်းခွဲခန့် ပေးကြရကြောင်း၊ အလုပ်ရှင်များထံ ရောက်တဲ့အခါမှာလည်း ပွဲစားခ၊ အကျိုးဆောင်ခများကို လခထဲမှ ပေးရတာတွေလည်း ရှိကြောင်း၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေနဲ့ အတတ်ပညာနဲ့ လုပ်ကိုင်တဲ့ အလုပ်များထက် အန္တရာယ်ရှိတဲ့၊ ညစ်ပတ်တဲ့၊ ခက်ခက်ခဲခဲ လုပ်ရတဲ့ အလုပ်များတွင်သာ လုပ်ကြရကြောင်း၊ ဒုက္ခရောက်လာတဲ့အခါမျိုးတွေမှာ အကူအညီပေးရလေ့ရှိကြောင်း ဆရာတော်က ရှင်းပြပါတယ်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ကြမယ့် မြန်မာနိုင်ငံသားများ အခက်အခဲ ပြဿနာများ နည်းပါးစွာ အလုပ်လုပ်နိုင်ဖို့ ဘယ်လို ဖြေရှင်းရင် ကောင်းမလဲလို့ မေးကြည့်ရာ “မြန်မာအာဏာပိုင်တွေနဲ့ ထိုင်းအာဏာပိုင်တွေနဲ့ သဘောတူညီတဲ့အခါမှာ စည်းကမ်းချက်တွေ စနစ်တကျ သတ်သတ်မှတ်မှတ် လုပ်ထား။ အဲဒီအပေါ်မှာ အတိအကျ လိုက်နာပြီး ဆောင်ရွက်ပေးပါ။ လွဲချော်ခဲ့ရင် အာဏာပိုင်တွေက တာဝန်ယူ ဖြေရှင်းမယ်ဆိုတဲ့ တာဝန်ယူမှု၊ အရေးယူမှု လုပ်ပေးမယ်ဆိုတာ အတိအကျ လုပ်ထားနိုင်ရင် အဆင်ပြေတယ်။
ဘုန်းကြီးထင်ပါတယ်။ အကြီးအကဲတွေကလည်း စဉ်းစားကြည့်ရင် ဘယ်လိုအချက်တွေ မတရား လုပ်နိုင်တယ်ဆိုတာ စဉ်းစားလို့ရတယ်။ ရပ်တည်ပေးဖို့ ပဲ၊ ဒီ စိတ်ဓါတ်ကို မွေးမှ၊ ကိုယ့်နိုင်ငံသားတွေ၊ ကိုယ့်တိုင်းရင်းသားတွေဘက်က ရပ်တည်ပေးမယ်ဆိုတဲ့ စိတ်ဓါတ် မွေးမထားရင် မဖြစ်နိုင်ဘူး“ လို့ ရွှေတွံတေးဆရာတော်က အမိန့်ရှိပါတယ်။

No comments:

Post a Comment