Tuesday, March 13, 2012

           ရုပ်သံအစီအစဉ်တွင် စစ်တပ် လွှတ်တော်ကိုယ်စားလှယ်ကိစ္စကို
                   ဒေါ်အောင်ဆန်းစုကြည် ပွင့်ပွင့်လင်းလင်း ဝေဖန်
DASSK TV Speechယူကျူ့ဗီဒီယို (http://www.youtube.com/watch?v=sR3vv0DK_jw)
မတ်လ ၁၄ ရက်နေ့တွင် မြန်မာ့ရုပ်သံက ထုတ်လွှင့်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒ၊ ရပ်တည်ချက်များနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ထဲမှာ ပြည်သူ့လွှတ်တော်အတွင်းမှာ ရွေးကောက်ခံ မဟုတ်တဲ့ တပ်မတော်သားအမတ်များ ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့ကိစ္စကို ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးဖို့ တိုက်တွန်းသွားပါတယ်။ မြန်မာအာဏာပိုင်တွေရဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ စစ်တပ်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုများအား ဝေဖန်မှုများကို ဆတ်ဆတ်ထိမခံတဲ့ မြန်မာစစ်ခေါင်းဆောင်တွေဟာ အစိုးရရုပ်သံကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်များကို မတ်လ ၁၄ ရက်နေ့မှာ ထုတ်လွှင့်မယ်ဆိုရင်တော့ လက်ရှိ မြန်မာအစိုးရရဲ့ သဘောထားဟာ ယခင် စစ်အစိုးရများရဲ့ သဘောထား ရပ်တည်ချက် လမ်းကြောင်းကနေ အနည်းငယ် သွေဖီလာနေပြီလို့ ပြောလို့ရနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်သံထုတ်လွှင့်မှုဟာ မတ်လ ၁၄ ရက်နေ့တွင် မြန်မာ့ရုပ်သံက ထုတ်လွှင့်မှာ ဖြစ်သော်လည်း ယူကျူ့အင်တာနက်စာမျက်နှာပေါ်မှာ မတ်လ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် မနက်ပိုင်းကတည်းက ပြန့်နှံ့နေပြီ ဖြစ်ပါတယ်။ ယူကျူ့ဗီဒီယိုတွင် ကြည့်မြင်ရတာကတော့ ရုပ်သံရိုက်ကူးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အနည်းငယ် ကသိကအောင့် ဖြစ်နေပုံရသော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်များနဲ့ ပတ်သက်ပြီး သူ့ရဲ့ဟန်၊ သူ့ရဲ့မာန်များအတိုင်း ရှင်းလင်း ပြတ်သားစွာ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ထိုသို့ ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ထိပ်တန်း ရည်ရွယ်ချက် သုံးရပ်ဟာ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးတို့ ဖြစ်ကြောင်း စတင် ရှင်းပြပါတယ်။
အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်က တရား စီရင်ရေးစနစ်ကို အစိုးရယန္တယားအောက် သွတ်သွင်းခဲ့တဲ့နောက် တရားဥပဒေ စိုးမိုးမှုကို ခြေဖျက်ခဲ့တဲ့အတွက် ပြည်သူတွေမှာ အကြောက်တရားတွေ လွှမ်းမိုးလာခဲ့ကြောင်း၊ ပြည်သူတွေ အကြောက်တရားက လွတ်မြောက်ပြီး လူ့အခွင့်အရေးတွေ မရသေးသရွေ့ ဒီမိုကရေစီစနစ် ထွန်းကား ခိုင်မြဲမှာ မဟုတ်ကြောင်း၊ တရားဥပဒေ စိုးမိုးဖို့အတွက် ပြည်သူတွေကို ဖိနှိပ်ထားတဲ့၊ ခေတ်နဲ့ မလျှော်ညီတော့တဲ့ ဥပဒေတွေကို မဆိုင်းမတွ ဖျက်သိမ်းရမှာ ဖြစ်ကြောင်း၊ တရားစီရင်ရေးစနစ်ကို လွတ်လပ်စွာ ထားရမှာ ဖြစ်ကြောင်း၊ စာနယ်ဇင်း လွတ်လပ်ခွင့် အပြည့်အ၀ ပေးရမှာ ဖြစ်ကြောင်း၊ တရားစီရင်ရေးမဏ္ဍိုင်အနေနဲ့ ဥပဒေနဲ့ ညိစွန်းတဲ့ အုပ်ချုပ်သူ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းမှန်သမျှကို တရားစီရင်ပိုင်ခွင့် ရှိစေရမှာ ဖြစ်ကြောင်း ပြောကြားထားပါတယ်။
ဒါ့အပြင် မြန်မာပြည် ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးအဖြစ် စစ်အာဏာရှင်စနစ် ပေါ်ပေါက်လာစေခဲ့ကြောင်း၊ ပြည်တွင်းစစ် ရပ်စဲပြီး ငြိမ်းချမ်းအောင် လုပ်နိုင်မှ နိုင်ငံ တည်ဆောက်နိုင်မှာ ဖြစ်ကြောင်း၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေဟာ ခွဲထွက်ရေးကို လုံးဝ မလိုလားဘဲ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကိုသာ လိုလားတယ်လို့ တထစ်ချ ယုံကြည်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်း ထွက်ပေါ်လာကတည်းက ပြုပြင်ရမယ့်အချက်တွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထောက်ပြခဲ့ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ပါတီစွဲ၊ အဖွဲ့စွဲ၊ ပုဂ္ဂိုလ်စွဲ မထားဘဲ နိုင်ငံ့အကျိုးကိုသာ ရှေ့ရှုတဲ့ စိတ်ဓါတ်နဲ့ ညီညွတ်တဲ့ တပ်မတော်အင်အားစု အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်အားလုံး ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာမှာ တပ်မတော်ဟာ မပါမဖြစ် ပါဖို့ လိုအပ်တယ်လို့ ယုံကြည်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ရွေးကောက်ခံ မဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေကြောင်း၊ ရွေးကောက်ခံ မဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်မှာ ပါဝင်နေခြင်းဟာ ဒီမိုကရေစီ မူများနဲ့ မကိုက်ညီကြောင်း စတဲ့ အချက်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြထားသလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များအား အာဏာရှင်တွေက နှိပ်ကွပ်တဲ့အချက်များကိုလည်း ပြောဆိုထားပါတယ်။
အစိုးရ ရသုံးငွေစာရင်း လိုငွေပြမှုကို ငွေစက္ကူ ရိုက်ထုတ် ဖြေရှင်းတာမျိုး မဟုတ်ဘဲအခြေားနည်းလမ်းများနဲ့ ဖြေရှင်းရမှာ ဖြစ်ကြောင်း၊ လက်ရှိ ငွေကြေးစနစ်၊ ဘဏ်စနစ်က အနှောင်အဖွဲ့တွေကို ဖယ်ရှားရမှာ ဖြစ်ကြောင်း၊ မြန်မာဘာသာစကား အခက်အခဲရှိတဲ့ တိုင်းရင်းသားမျိုးနွယ် ကလေးတွေရဲ့ ပညာရေးလုပ်ငန်း အထောက်အကူဖြစ်စေမယ့် အစီအစဉ်များကို ရေးဆွဲရမှာ ဖြစ်ကြောင်း၊ လွတ်လပ်တဲ့ အဖွဲ့အစည်းများ ဖွဲ့စည်းဖို့ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ မူဝါဒများနဲ့ ပတ်သက်ပြီး နားထောင်လို့တော့ ကောင်းပါရဲ့၊ တကယ်ပဲ အကောင်အထည် ဖော်နိုင်ပါ့မလားလို့ ပြည်သူများ တွေးကောင်းတွေးကြမှာ ဖြစ်ကြောင်း၊ လွယ်လွယ်နဲ့ လိုလားတောင့်တတဲ့ ပြည်ထောင်စုကြီး ထူထောင်ဖို့ မဖြစ်နိုင်ကြောင်း၊ အားလုံး ညီညီညွတ်ညွတ်နဲ့ ဆန္ဒ၊ ၀ိရိယ၊ စိတ္တ၊ ပညာဆိုတဲ့ အောင်မြင်ခြင်းတရား လေးပါးကို ဆုတ်ကိုင်ပြီး ကြိုးစားသွားရင်တော့ ဖြစ်နိုင်မယ်လို့ ယုံကြည်ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ခက်ခဲတဲ့ အလုပ်တာဝန်တွေကို ဇွဲလုံ့လနဲ့ လုပ်ခဲ့ရတဲ့ အတွေ့အကြုံတွေ ဆယ်စုနှစ်နဲ့ချီ ရှိလာခဲ့ကြောင်း၊ နောက်တဆင့်တိုးပြီး နိုင်ငံ့အတွက် ခက်ခဲတဲ့အလုပ်တွေကို အောင်မြင်စွာ ထမ်းဆောင်ပေးနိုင်ဘို့ တာဝန်ပေးတဲ့အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များကို ထောက်ခံ ရွေးချယ်ဖို့ မေတ္တာရပ်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ရုပ်သံ မဲဆွယ်မှုမှာ မိန့်ကြားခဲ့ပါတယ်။
မြန်မာပြည်သူများအဖို့ အစိုးရရုပ်သံကနေပြီး ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်ကို ပထမဆုံးအကြိမ်အဖြစ် ကြည့်ရှုကြရမယ့် အစီအစဉ်မှာ မြန်မာအာဏာပိုင်တွေကို ထောက်ပြ ဝေဖန်ထားချက်တွေ ပါဝင်တာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အာဏာပိုင်တွေက နှိပ်ကွပ်ခဲ့တာတွေကို တင်ပြနိုင်တာဟာ ဒီကနေ့ မြန်မာပြည်မှာ ဖြစ်ပေါ် တိုးတက်နေတဲ့ ပြောင်းလဲမှု ဖြစ်စဉ်တွေရဲ့ ရလဒ်အဖြစ် အကြမ်းဖျဉ်း သုံးသပ်နိုင်ပါတယ်။ သို့သော်လည်း ပြုပြင် ပြောင်းလဲရေး ခရီးစဉ် ချောမွေ့စွာ အောင်မြင်နိုင်ဖို့အတွက် ခရီးကြမ်းကို ဆက်ပြီး လျှောက်နေကြရဦးမယ်ဆိုတာကတော့ ပါဝင် ပတ်သက်သူတွေနဲ့ မြန်မာပြည်သူတွေအနေနဲ့ သိနေကြပြီးသား ဖြစ်ပါတယ်။
(ယူကျူ့တွင် ဖော်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တင်ပြချက်ကို ပူးတွဲ ဖော်ပြလိုက်ပါတယ်။)

No comments:

Post a Comment