Wednesday, March 28, 2012

ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်တပ်ကကာကွယ်မည်

2012-03-27
မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ တိုင်းပြည် တည်ငြိမ်ရေးအတွက် အရေးကြီးကြောင်းနဲ့ မိမိအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်သွားမှာဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ၆၇ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ ပြောလိုက်ပါတယ်။
AFP
၂၀၁၂ ခုနှစ် မတ်လ ၂၇ ရက်က နေပြည်တော်တွင် ၆၇ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကျင်းပနေစဉ်
နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ ၆၇ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ စစ်သည်အင်အား (၁) သောင်းလောက် ချီတက်တဲ့ပွဲမှာ ပြောကြားလိုက်တာဖြစ်ပြီး ဒါဟာ ကာကွယ်ရေးဦးစီးချုပ် တာဝန်ရယူအပြီး တစ်နှစ်အတွင်း အများပြည်သူကို ပထမဆုံး တိုက်ရိုက်ပြောကြားတဲ့ မိန့်ခွန်း ဖြစ်ပါတယ်။
လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်ထဲမှာ တပ်မတော်သားတွေက အမတ်နေရာ ၂၅ ရာခိုင်နှုန်း ယူထားတာဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား နိုင်ငံရေးတာဝန်ကို ထမ်းဆောင်နေတာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ပြောကြောင်း အေပီသတင်းဌာနက ဖော်ပြပါတယ်။
ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပြန်အလှန် ယုံကြည်မှုရှိဖို့ အရေးကြီးကြောင်း၊ ထာဝရ ငြိမ်းချမ်းရေး ရဖို့အတွက် အဆင့် ၃ ဆင့် ရှိမှာဖြစ်ကြောင်း၊ ပထမအဆင့် အပစ်အခတ်ရပ်စဲရေး၊ ဒုတိယအဆင့် နိုင်ငံရေးအရ ဆွေးနွေးရေးနဲ့ တတိယအဆင့် လွှတ်တော်ထဲမှာ ထာဝရ ငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုးရေး ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ပြောသွားကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားပါတယ်။

No comments:

Post a Comment