Thursday, January 5, 2012



ဒီမိုကရေစီ ပီသဖို့ နိုင်/ကျဉ်းများကို လွှတ်ရန်လို
အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္ဈိမ) ။ ။ ယခင်စစ်အစိုးရနှင့် မတူဘဲ ဒီမိုကရေစီနိုင်ငံ ထူထောင်နေကြောင်း သက်သေပြလိုလျှင် သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ လိုအပ်
ကြောင်း သတင်းစာဆရာများက ပြောဆိုလိုက်သည်။

“အစိုးရက ဒီမိုကရေစီဆိုပြီးတော့ ကြွေးကြော်နေတယ်ဆိုရင် ဒီမိုကရေစီ တောင်းဆိုခြင်းကြောင့် ဖမ်းဆီးထားတဲ့
နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ထဲမှာ မထားသင့်တော့ဘူး” အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် သတင်းစာဆရာကြီး ဦးဝင်းတင် က မဇ္ဈိမကို ပြောသည်။

အစိုးရအနေဖြင့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အမှန်တကယ်ပင် လိုလားမှု ရှိသည်ဆိုလျင် နိုင်ငံရေး အကျဉ်းသားများ တယောက်မျှ မရှိသင့်တော့ဟု ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် ဦးဖေမြင့်ကလည်း ပြောသည်။

“အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုရင်တော့ နိုင်ငံရေးကြောင့် အကျဉ်းကျနေ တဲ့ သူတွေဆိုတာ မရှိသင့်တော့ဘူးပေါ့ဗျာ၊ အမြန်ဆုံး လွှတ်ပေးဖို့ လိုအပ်တာပေါ့” ဟု ဦးဖေမြင့်က မဇ္ဈိမကို
ပြောသည်။

အစိုးရသစ်အနေဖြင့် ယခင်စစ်အစိုးရနှင့် မတူဘဲ ဒီမိုကရေစီ အစိုးရတရပ်အဖြစ် ပြသနိုင်ဘို့အတွက် ယခင်အစိုးရ လက်ထက်က ဖမ်းစီးထားသော အကျဉ်းသားများကို လွှတ်ပေးဖို့ ရန်ကုန် မီဒီယာ အဖွဲ့ ဥက္ကဌ ဦးကိုကို က တိုက်တွန်း ပြောဆိုသည်။

“အကုန်လုံး လွှတ်ပေးပါလို့လည်း အစိုးရကို ကျနော့်အနေနဲ့ မေတ္တာရပ်ခံပါတယ်။ လွှတ်ပေးမှလည်းပဲ ရှေ့ဆက် သွားမယ့် ပြုပြင်ပြောင်းလဲမယ့် နိုင်ငံတကာရဲ့ ထောက်ခံမှုအတွက်ပေါ့လေ။ ဒီလိုမျိုး လွှတ်ပေးခြင်းအားဖြင့် အခက်အခဲ မရှိဘူး။ အကုန်လုံးက တိုင်းပြည်ချစ်တဲ့လူတွေ ဖြစ်တဲ့အတွက် တိုင်းပြည် ဆူပူအောင် မလုပ်ကြပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လွှတ်တော် နိုင်ငံရေးမှာ ပါဝင်လာတဲ့ အတွက်ကြောင့် စိတ်ပူပန်မှုတွေ အားလုံးက အလိုလို ထိန်းကျောင်းသွားနိုင်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ဦးကိုကို က မဇ္ဈိမကို ပြောသည်။

မြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီအစိုးရအဖြစ် ကြွေးကြော်နေသော်လည်း ၎င်းတို့သည် မူလက စစ်ဗိုလ်ချုပ်ဟောင်းများ ဖြစ်ကာ ယင်းအချိန်က ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများကို ရန်သူအဖြစ် သတ်မှတ်နေဆဲဖြစ်သဖြင့် လွှတ်မပေးဘဲ ထိန်းချုပ်ထားခြင်းမျိုးဟု ယူဆကြောင်း ဦးဝင်းတင်က ပြောသည်။

“ဦးသိန်းစိန်တို့ ပျော့ပြောင်းတာကို အသုံးကျတယ်လို့ယူဆတဲ့ သူတွေနဲ့ ပျော့ကို ပျော့ပြောင်းချင်စိတ် မရှိဘူး ဆိုတဲ့ လူတွေ၊ ခေါင်းမာ ဂိုဏ်းတွေနဲ့ သူတို့ထဲမှာ လွန်ဆွဲနေတယ်လို့ ထင်တယ်။ အဲဒီလို လွန်ဆွဲနေခြင်းကြောင့် ဦးသိန်းစိန်တို့က လွှတ်ပေး ချင်တယ် ဆိုရင်တောင်မှ၊ သူရရွှေမန်းတို့ ဦးခင်အောင်မြင့်တို့က လွှတ်ပေးချင်တဲ့ဆန္ဒ ရှိရင်တောင်မှ သူတို့ထက်ခေါင်းမာတဲ့ လူတွေရှိနိုင်တာပေါ့။ အဲဒီလူတွေက သူတို့ထဲမှာ မလွှတ်ဖို့ တွန်းနေတယ်လို့ ကျနော်ထင်တယ်” ဟု သူက ပြောသည်။

ဇန်နဝါရီ ၂ ရက်နေ့ နိုင်ငံပိုင် ရုပ်မြင်သံကြားမှ သမ္မတ အမိန့်ဖြင့် ထုတ်ပြန်ခဲ့သော ပြစ်ဒဏ်လျှော့ပေါ့ခြင်းထဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသည့် ၁၅၇၁ ဦးအနက်မှ လွတ်ရက်စေ့နှင့် လွတ်ရက်နီး နိုင်ငံရေး အကျဉ်းသား ၃၄ ဦးသာ လွတ်မြောက်ခဲ့ပြီး ထောင်ဒဏ် ၆၅ နှစ်စီ ကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ
နှင့် ထောင်ဒဏ် ၉၃ နှစ် ကျခံနေရသော ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးတို့ လွတ်မြောက်လာခြင်း မရှိပေ။
နိုဝင်ဘာလတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်အား နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးပါမည်ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကတိပေးခဲ့သေးသည်။ သို့သော် ယခု ထောင်ဒဏ် လျှော့ပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်ကိုမူ စိတ်ပျက်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Victoria Nuland က အင်္ဂါနေ့က ဝါရှင်တန်တွင် ပြုလုပ်သည့် ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

No comments:

Post a Comment