Monday, January 2, 2012

လတ်တလော မြန်မာ့အရေး စဉ်းစားမိတာတွေပါ။ ဖေ့စ်ဘွက် သူငယ်ချင်းတွေ ဝိုင်းဆွေးနွေးကြပါလား။

(၁) နိုင်ငံရေးအကျဉ်းသားတွေ ဘာ့ကြောင့်မလွှတ်ပေးသေးသလဲ? စီးပွါးရေးပိတ်ဆို့မှု ရုပ်သိမ်းပေးဖို့ကိစ္စ နိုင်ငံတကာကို အားကောင်းကောင်း နဲ့ တောင်းဆိုနိုင်ဖို့၊ စီးပွါးရေးပိတ်ဆို့မှု ကို နိုင်ငံရေးအကျဉ်းသားတွေ နဲ့ နိုင်ငံရေးအရအလဲအလှယ်လုပ်ဖို့ ဆက်လက်ဖမ်းထားတာလား ဒါအချက်တချက် ဖြစ်ပါတယ်။ နောက်တခု က ကိုမင်းကိုနိုင်နဲ့ ၈၈မျိုးဆက်တွေ ကို နိုင်ငံရေးအရ အလွန်သတိထားကိုင်တွယ်နေတယ်ဆိုတာဟာ ပိုမိုထင်ရှားစေပါတယ်။
(၂) တိုင်းရင်းသားတွေနဲ့ စစ်ပွဲတွေ ဘာကြောင့် ဆက်တိုက်နေသလဲ? သမ္မတသိန်းစိန်က တိုင်းရင်းသားဒေသတွေမှာ စစ်မတိုက်ကြနဲ့တော့ စာထွက်အမိန့်ထုတ်ပေမဲ့ ကာချုပ်မင်းအောင်လှိုင် က အမိန့် မနာခံဘဲပြနေတာ သမ္မတ အမိန့် ထက် ကာချုပ် အမိန့် က ပိုအာဏာသက်ရောက်တယ် ပိုစွမ်းတယ်လို့ ပြနေတာလားဆိုတာဟာ မေးခွန်းထုတ်ဖွယ် ဖြစ်လာပါတယ်။ ပြည်တွင်းလုပ် စစ်ပွဲတွေဟာဆက်ရှိနေမယ် မရပ်တံ့နိုင်သေးဘူးရင် တိုင်းရင်းသားတွေ လိုချင်တဲ့ ဖဒရယ်ပြည်ထောင်စုဟာအလွန်အလှမ်းဝေးနေဆဲဆိုတာထင်ရှားစေပါတယ်။
(၃) ဒီချုပ် က ပါတီမှတ်ပုံတင်ခွင့် ကို ဒီဇင်ဘာ ၂၃ရက်နေ့ ကတည်းက နေပြည်တော်သွား လျှောက်ထားပေမဲ ဘာကြောင့် ပါတီတရပ်အနေနဲ့ တရားဝင်ရပ်တည်ခွင့်မပြုသေးဘဲ ကြံ့ကြာနေရသလဲ? ရွေးကောက်ပွဲကော်မရှင် ဟာ ဟန်ပြအဖွဲ့တခုသာဖြစ်ပါတယ်။ ဆရာကြီးတွေ မီးစိမ်းပြမှ ရမှာဖြစ်ပါတယ်။ ဒေါ်စု လွှတ်တော်ထဲရောက်လာမှာ ကို အလွန်လန့်နေတယ် ဆိုတာကိုလည်း ထင်ရှားစေပါတယ်။
(၄) အေပရယ်ဖူး နေ့မှာမှ လစ်လပ် ၄၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ဘာလို့လုပ်ရတာလဲ? တိုက်ဆိုင်မှု လား တတယ် လူတွေကို အရူးလုပ်အုန်းမှာလား မသိနိုင်သေးပါ။
(၅) ထောင်ဒဏ် နှစ် ၂၀ ကျော်သမားတွေက ထောင်ဒဏ် အနှစ် ၂၀၊ ထောင်ဒဏ် အနှစ် ၃၀ ကျော်သမားတွေက ထောင်ဒဏ် အနှစ် ၃၀၊ ထောင်ဒဏ် အနှစ် ၂၀ အောက်က လူတွေက ၄ပုံ၁ပုံ၊ သေဒဏ်သမားတွေကို တကျွန်း လွတ်ငြိမ်းချမ်းသာခွင့်ရမည်ဟု နိုင်ငံပိုင် ရုပ်မြင်သံကြားလိုင်းမှ မနေ့ကညနေ ၄ နာရီအချိန်တွင် ထုတ်ပြန်ကြေညာလိုက်တာ ဘယ်လိုခံစားရပါသလဲ? ဦးသိန်းစိန် အစိုးရ က လူတွေ နိုင်ကျဉ်းတွေလွှတ်ပေးမယ်ဆိုပြီး ကတိတွေပေးတာ အခုဆို လိမ်သလို ဖြစ်သွားရပါပြီ။ လုံးဝ မဖြစ်သင့်ပါ။ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ အမြန်ဆုံးလွှတ်သင့်ပါတယ်။ ၄ပုံ၁ပုံ ထောင်ဒဏ် နှစ်လျှော့ခံစားရသူတွေ နိုင်ကျဉ်း အယောက် ၂၀၀ ကျော် ရှိတယ်လို့သိရပါတယ်။ နိုင်ကျဉ်းတွေလွှတ်ပေးဖို့ ဦးသိန်းစိန် အစိုးရ နဲ့ ကာချုပ် မင်းအောင်လှိုင် တို့ သဘောထားကွဲနေတယ် လို့ပဲ သုံးသပ်ရမှာပါ။

No comments:

Post a Comment