Thursday, January 12, 2012


                         ပြည်တွင်းဂျာနယ် သဘောထား

၂၀၀၈ ခုနှစ် ဖွဲ့စည်း ပုံ အခြေခံဥပဒေကို အပြည့်အဝ လက်ခံတဲ့ သမ္မတ ဦးသိန်းစိန် နဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်း ပုံ အခြေခံဥပဒေကို အပြည့်အဝ လက်မခံနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည် တို့အကြား တိုင်းပြည်ရဲ့ အကျိုးစီးပွါးအတွက် တူညီတဲ့ ကိစ္စတွေမှာ လက်တွဲ ဆောင်ရွက်ဖို့ သဘောတူညီချက်အရ အပြီးမှာ ကျင်းပပြုလုပ်မဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဟာ ၂၀၁၂ ဧပြီလ ၁ရက်နေ့မှာ ကျင်းပတော့မယ်။ ပြည်ထောင်စုအဆင့် လစ်လပ်မဲဆန္ဒနယ် ကို လေ့လာရင် ပြည်သူ့လွှတ်တော်မှာ နေရာ ၄၀ရှိပြီး အမျိုးသားလွှတ်တော်မှာ ၆နေရာရှိပါတယ်။ တိုင်းဒေသကြီး အဆင့် လစ်လပ်မဲဆန္ဒနယ် က ၂နေရာရှိပါတယ်။ ပြည်ထောင်စု အဆင့်မှာ ပြည်သူလူထု ရွေးကောက်တင်မြှောက်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးရေက ပြည်သူ့လွှတ်တော်မှာ ၃၃၀ ရှိပြီး အမျိုးသားလွှတ်တော်မှာ ၁၆၈ဦးရှိပါတယ်။ လစ်လပ်နေရာ ၄၆ နေရာလုံး ဒီချုပ်ကအနိုင်ရမယ်ဆိုရင်တောင်မှ ဒီချုပ် ဘာများလုပ်နိုင်မလဲ ဆိုတဲ့ မေးခွန်းက ကိန်းကဏန်းပေါ် အခြေပြုတဲ့မေးခွန်းဖြစ်တယ်။ တကယ်တော့ လွှတ်တော်အသီးသီးမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတ်သက်ပြီး မေးသင့်မေးထိုက်တဲ့ မေးခွန်းက ကိန်းကဏန်းသက်သက်ပေါ်မှာ အခြေခံလို့မရဘဲ ပြည်သူလူထုရဲ့ ဆန္ဒလိုအပ်ချက်တွေကို ဘယ်လောက် ကိုယ်စားပြုရပ်တည်နိုင်သလဲဆိုတဲ့ မေးခွန်းကသာ ပိုအဓိကကျပါတယ်။ ဒါဆိုရင် ကြားဖြတ် ရွေးကောက်ပွဲ က တဆင့်ရလာမယ့် ရလဒ်ဟာ မတူကွဲပြားတဲ့ နိုင်ငံရေး အင်အားစုတွေအကြား ညှိနှိုင်းလက်တွဲပြီး ရလာမယ့် လူထုဆန္ဒ လိုအပ်ချက်ကို ထင်ဟပ်တဲ့ ဥပဒေတွေပဲလားလို့ မေးစရာရှိပါတယ်။ မဟုတ်ပါဘူး။ ပိုအရေးကြီးပြီး ပိုအနှစ်သားရရှိတဲ့အချက်က မတူကွဲပြားတဲ့ နိုင်ငံရေးအင်အားစုတွေ အကြားဖြစ်ပေါ်လာမဲ့ အပြန်အလှန် နားလည်ယုံကြည်မှုပါ။ ဒီလိုနားလည်မှုပေါ်အခြေခံပြီး အပြန်အလှန်လက်တွဲဆောင်ရွက်သွားမယ်ဆိုရင် ၂၀၀၈ ခုနှစ် ဖွဲ့စည်း ပုံ အခြေခံဥပဒေမှာ ပိုပြီး အားကောင်းလာအောင်ဆောင်ရွက်ရမဲ့ ကိစ္စရပ်တွေ ပြင်ဆင်ရမဲ့အချက်အလက်တွေအပေါ်မှာလည်း ညှိနှိုင်းနိုင်စွမ်းရှိလာမှာပါ။ (ကိုဝ ရဲ့ အနာဂတ် နိုင်ငံရေးအုတ်မြစ် - ပြည်သူ့ခေတ်စာစောင် ရဲ့ သဘောထားအမြင် ကဏ္ဍ)

No comments:

Post a Comment