Friday, October 15, 2010

အခုချိန်မှာ စစ်အုပ်စု ဘာလုပ်လုပ် ဘာမှ တရားမ၀င်ဘူး

အခုချိန်မှာ စစ်အုပ်စု ဘာလုပ်လုပ် ဘာမှ တရားမ၀င်ဘူး သို့သော်လည်း ရွေးကောက်ပွဲကို လက်ခံပြီး မဲပေးလိုက်တာနဲ့ သုညရာခိုင်နှုန်း တရားဝင်ရာကနေ ၂၅% အမြဲတမ်း တရားဝင်သွားမှာ ဖြစ်သလို နောင်တချိန်မှာ အချိန်မရွေး အာဏာပြန်သိမ်းခွင့်ကို တရားဝင် အပ်နှင်းပေးလိုက်ရာ ရောက်သွားလိမ့်မယ်။

စစ်အုပ်စုဟာ ဆိုရှယ်လစ်စနစ် ထူထောင်ပေးမယ်ဆိုပြီး ဆိုရှယ်လစ် နိုင်ငံတွေက ကမ္ဘာမှာ အဖွံ့ဖြိုးတိုးတက်ဆုံး နိုင်ငံတွေ ဖြစ်နေတဲ့အချိန်မှာ မြန်မာနိုင်ငံက ဆိုရှယ်လစ်စနစ်ကတော့ မြန်မာ့နည်းမြန်မာ့ဟန် လုပ်ပြီး ဖျက်ဆီးခံလိုက်ရလို့ ကမ္ဘာ့အဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံစာရင်းဝင် ဖြစ်သွားခဲ့ပါတယ်။ အခုလည်း ဒီမိုကရေစီကျင့်စဉ် လုံးဝမပါဘဲ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံနဲ့ မြန်မာ့နည်းမြန်မာ့ဟန် လုပ်ပြီး ဒီမိုကရေစီကို ဖျက်ဆီးဖို့ ကြိုးစားနေပြန်ပြီ။ တခါအလိမ်ခံဖူးရင် လိမ်သူအပြစ် အကြိမ်ကြိမ် ထပ်အလိမ်ခံရရင် အလိမ်ခံရသူရဲ့ အပြစ်သာ ဖြစ်နိုင်ပြီး ခဲလုံးမိဖူးတဲ့ စာသူငယ်ပမာအတိုင်း ခဲလုံးထပ်မမိအောင် သတိရှိရှိနဲ့ ဒီရွေးကောက်ပွဲကို ၀ိုင်းဝန်းဆန့်ကျင်ဖို့ လိုအပ်ပါတယ်။ အကြောင်းမှာ 2008 ဖွဲ့စည်းပုံဟာ စစ်အုပ်စု သက်ဆိုးရှည်ရေးအတွက် ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ မပါဘဲ စစ်အုပ်စု စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဖြစ်လို့ ဒီမိုကရေစီ အနှစ်သာရလုံးဝမပါရှိပါ။ ဒါကြောင့်မို့ နိုဝင်ဘာမှာ ပြုလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ ဘယ်သူ့ကိုပဲ မဲပေးပေး စစ်အုပ်စု အကျိုးအမြတ်အတွက်သာ ဖြစ်လိမ့်မယ်။ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ ပါတီ အားလုံးဟာ စစ်အာဏာရှင်စနစ် ထာဝရတည်တံ့အောင် ပံ့ပိုးခြင်းသာ ဖြစ်လို့ အတိုက်အခံပါတီဆိုတာ မရှိပါဘူး။ အတိုက်အခံမရှိတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ရွေးကောက်ပွဲဝင်သူ အားလုံးဟာ စစ်တပ်မဆိုင်တဲ့အလုပ်ကို ၀င်လုပ်တာကို တရားဝင်အောင် အားပေးကူညီသူများသာ ဖြစ်ပါတယ်။ ဒီမိုကရေစီ လုံးဝမရှိဘဲ စစ်အုပ်စုက ဒီမိုကရေစီလို့ ဗြောင်လိမ်ပြီးလုပ်မည့် ဒီရွှေးကောက်ပွဲကို မဲသွားပေးမည် ဆိုပါက စစ်အုပ်စု တရားဝင် တည်တံ့ခိုင်မြဲအောင် ၀ိုင်းဝန်းပံ့ပိုးပြီး ဒီမိုကရေစီကို ၀ိုင်းဝန်းဖျက်ဆီးရာ ရောက်ပါလိမ့်မယ်။ ဒါကြောင့်မို့ စစ်အုပ်စုကို အာဏာ တရားဝင် မအပ်နှင်းဖို့အတွက် လုံးဝ မဲမပေးကြပါနဲ့။

စစ်အာဏာရှင်တိုက်ဖျက်ရေးလူထုလှုပ်ရှားမှုကော်မတီ

No comments:

Post a Comment