Wednesday, October 27, 2010

ဂီရိလေဘေး အမေရိကန်က ဒေါ်လာတသိန်းဖိုးကူ

ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၂၇ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၀၃ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဂီရိဆိုင်ကလုန်းဒဏ်သင့် ရခိုင်ပြည်နယ်သားများကို အမေရိကန်အစိုးရက အမေရိကန်ဒေါ်လာ ၁ သိန်းဖိုး ထောက်ပံ့မည်ဟု ရန်ကုန် အမေရိကန်သံရုံးက ဆိုသည်။

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ “USAID” က မုန်တိုင်းဘေးသင့်သူများကို ကူနေသည့် နိုင်ငံတကာ အန်ဂျီအိုအဖွဲ့ “Save the Children” မှ တဆင့် ထောက်ပံ့ရန် အစီအစဉ်ရှိကြောင်းလည်း အမေရိကန်သံရုံးက မဇ္ဈိမကို ပြောဆိုသည်။

စစ်အစိုးရ လက်ခံမည်မခံမည် မသိရသေးသော်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ နာဂစ်မုန်တိုင်းဒဏ် ခံရသူများအတွက် အမေရိကန်အကူကို စစ်အစိုးရ လက်ခံခဲ့ကြောင်း၊ ယခုမုန်တိုင်းအတွက်လည်း “အလားတူ” ကူညီလိုသည်ဟု မနေ့က သတင်းစာရှင်းပွဲ၌ ဖြေကြားခဲ့သည်။

ယခု အကူအညီသည် ၂ဝဝ၈ မေလ နာဂစ် ဆိုင်ကလုန်းအတွက် အမေရိကန်အစိုးရက ကူညီခဲ့သည့် ဒေါ်လာ ၈၃ သန်းကျော်၏ “အဆက်” ဟု ရန်ကုန် အမေရိကန်သံရုံး၏ မနေ့က ထုတ်ပြန်ချက်က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးဆီသို့ ယနေ့နံနက်တွင် အမေရိကန်သံမှူးလာပြီး ရခိုင်လေဘေးကယ်ဆယ်ရေး ထောက်ပံ့မှုအကြောင်း ရှင်းပြခဲ့သည်။

ဂီရိမုန်တိုင်းဒဏ်ခံ ကျောက်ဖြူ၊ မင်းပြား၊ ပေါက်တောနှင့် မြေပုံ ဒေသခံများအတွက် အစိုးရမဟုတ်သည့် အဖွဲ့များ၊ ကုလ အေဂျင်စီများက ကူညီနေပြီဖြစ်ကြောင်းလည်း ကုလလူမှုအကူအညီ ကြီးကြပ်ရေးရုံး UN-OCHA က မနေ့က ထုတ်ပြန်သည်။

စစ်အစိုးရကလည်း လူ ၂၇ ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

မြေပုံမြို့နယ်အတွင်း ဆန်နှင့် သောက်ရေသန့် အရေးပေါ် လိုအပ်နေသည်ဟု ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူ ကျောက်ဖြူမြို့ခံတဦးက ပြောသည်။

“မြေပုံက အဆိုးဆုံးဗျ။ ကျနော်တို့လူငယ်တွေ ၈ ရွာလောက် ရောက်ပြီးပြီ။ ငါးပသုန်၊ ကျွန်းသာယာ၊ ရေနီကြီး၊ ပျဉ်ဝမ်း၊ ကုက္ကို အဲဒီရွာတွေကတော့ တော်တော်လေး ပျက်စီးတယ်ဗျ။ လူလည်း အသေအပျောက် ရှိတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

“ပင်လယ်ကမ်းစပ် ရေလုပ်ငန်းလုပ်တဲ့ ရွာတွေမှာ ရေတက်တယ်ဆိုတာနဲ့ အားလုံး ဘာမှလုပ်လို့ မရတော့ဘူး။ အဓိက အခက်အခဲက ဆန်နဲ့ သောက်ရေပေါ့။ ကျွန်းသာယာဘက်မှာတော့ အစိုးရက ရွက်ဖျင်တဲလေးတွေ လုပ်ပေးထားတယ် ပြောတယ်ဗျ” ဟု သူက ဆက်ပြောသည်။

ကျောက်ဖြူနှင့် မြေပုံမြို့နယ်ရှိ ကျေးရွာ ၂ဝ မှ အိမ် ၁,၂ဝဝ ပျက်စီးသွားပြီး ကျောက်ဖြူမြို့ပေါ်၌ ဒုက္ခသည် ၅,ဝဝဝ ကျော် ရှိသည်ဟု ကုလက ထုတ်ပြန်ထားသည်။

နာဂစ်မုန်တိုင်းကျစဉ်က စစ်အစိုးရဘက်မှ တုံ့ပြန်မှုအား နည်းခဲ့သော်လည်း ယခုမုန်တိုင်းဝင်ပြီး နောက်တနေ့ ၂၃ ရက်နေ့တွင် အနောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ်စိုးသိန်းနှင့် သက်ဆိုင်ရာဝန်ကြီးများ ကျောက်ဖြူမြို့သို့ ရောက်ရှိပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကိစ္စများ ဆွေးနွေးခဲ့သည်။

ရွေးကောက်ပွဲကာလအတွင်း မုန်တိုင်းတိုက်သဖြင့် ရခိုင်ပြည်နယ်တွင် အနည်းဆုံး ၈ မြို့ နယ်၌ ပျက်စီးဆုံးရှုံးခဲ့ပြီး အခြေအနေ ဆိုးရွားသည့် မြေပုံ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်များတွင် “တည်ငြိမ်” လာသည်အထိ ရွေးကောက်ပွဲရက် ရွှေ့ပေးရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က လိုလားနေသည်။

ရွေးကောက်ပွဲကော်မရှင် ဥပဒေ အခန်း ၃ တွင်လည်း “သဘာဝဘေးအန္တရာယ်” ကြောင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိလျှင် မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်း လုပ်နိုင်ကြောင်း ဖြော်ပထားသည်။

No comments:

Post a Comment