Thursday, June 9, 2011

ဆန္ဒပြ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်မည် စိုးရိမ်

လင်းသန့် Thursday, 09 June 2011 18:52

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံတခုမှ အလုပ်သမား ရပိုင်ခွင့်အတွက် ဆန္ဒပြ အလုပ်ထွက်ခဲ့သော အလုပ်သမားများသည် တောင်းဆိုချက်များမရဘဲ အလုပ်လက်မဲ့ဖြစ်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

၂၀၁၀ ဖေဖော်ဝါရီလ အတွင်းက ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတရုံတွင် အလုပ်သမားများ ဆန္ဒပြနေစဉ် (ဓာတ်ပုံ - niknayman ဘလော့)
ယင်း ဆန္ဒပြအလုပ်သမားအနေဖြင့် မူလစက်ရုံတွင် ပြန်လည်အလုပ်ရရှိရေးအတွက် ကြိုးပမ်းနေကြရကြောင်းလည်း အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသည့် ရန်ကုန်မြို့မှ ရှေ့နေ ကိုဖိုးဖြူက ပြောပြသည်။

“အခုတော့ အဲဒီအလုပ်သမားတွေက ပြန် စုစည်းနေတယ်။ သူတို့ တောင်းဆိုချက်မရသေးပေမယ့် အလုပ်ပြန်ရဖို့ အတွက် အလုပ်ရှင်နဲ့ ညှိနိုင်းဆောင်ရွက်သွားဖို့ သူတို့ဘက်က ပြင်ဆင်နေတယ်”ဟု ၎င်းက ဧရာဝတီကို ပြောသည်။

အလုပ်သမား ၃၀၀ ခန့်နှင့် လည်ပတ်နေသော တရုတ်နှင့်ဖက်စပ်လုပ်ကိုင်နေသည့် (Tailor Garment) အထည်ချုပ် စက်ရုံတွင် လွန်ခဲ့သည့် တနင်္လာနေ့က အလုပ်သမား ၁၀၁ ဦးသည် သတ်မှတ်ထားသည့် ချုပ်ထည်မပြည့်မီမှု ကြောင့် လုပ်အားခများ ဖြတ်တောက်ခံရခြင်းကို မကျေနပ်သည့်အတွက် ဆန္ဒပြမှု စတင်ဖြစ်ခဲ့သည်။

စက်ချုပ်အလုပ်သမားတဦးလျှင် တလ ပျမ်းမျှ လုပ်အားခ ၃၈၀၀၀ ကျပ် ရရှိကြသည်။ သတ်မှတ်ချုပ်ထည် တဦးလျှင် တနေ့ ၁၀ ထည်စီ ပြီးစီးရမည်ဖြစ်သော်လည်း ပျမ်းမျှ ၇ ထည်ခန့်သာ ပြီးစီးသောကြောင့် တဦးလျှင်လုပ်ခ ၁၅၀၀၀ ကျပ် ခန့်စီ ဖြတ်တောက်ခံခဲ့ရခြင်းဖြစ်သည်။

ရက်သတ္တပတ် တခုလုံး အလုပ်ဆင်းနေရသည့်အတွက် စနေ၊ တနင်္ဂနွေ ရက်များတွင် အားလပ်ချိန်နည်းပါးသောကြောင့် အားလပ်ချိန်ပိုမိုရရှိရေး အပါအ၀င် အလုပ်သမား ရပိုင်ခွင့်များကို တောင်းဆိုခဲ့ကြသည်။

အဆိုပါ အထည်ချုပ်စက်ရုံမှ စက်ချုပ်အလုပ်သမား ၁၀၁ ဦး တပြိုင်တည်း အလုပ်ထွက်ခွာခဲ့မှုကြောင့် အလုပ်ရှင်ဘက် တွင်လည်း စက်ရုံလည်ပတ်ရေးတွင် အခက်အခဲများရင်ဆိုင်ရပြီး အလုပ်သမားများဘက်ကလည်း ဘ၀ရပ်တည်ရေး ခက်ခဲနေသည်ဟု သိရသည်။

အထည်ချုပ်စက်ရုံ အလုပ်သမားအများစုမှာ မူလတန်းပညာရေး၊ အလယ်တန်းပညာရေးမျှသာသင်ယူခဲ့ရပြီး ရန်ကုန် ပြင် ပ ကျေးလက်ဒေသများမှ လာရောက်ကြကြောင်း၊ မိသားစုရှိသူများမှာ ပို၍ စားဝတ်နေရေးအခက်အခဲများရှိနေကြ ကြောင်း အလုပ်သမား တဦးက ဆိုသည်။

“ကျမတို့မှာက ဒီအလုပ်မရှိတော့ရင် ဘ၀ ရပ်တည်ရတာမလွယ်ဘူး၊ ဒါကြောင့် အလုပ်ပြန်ရဖို့အတွက် ပြန်လုပ်နေ ရတယ်။ ကျမတို့ ဘာသွား လုပ်စားမလဲ”ဟု အမည်မဖော်လိုသူ ယင်းအလုပ်သမား က ပြောသည်။

အဆိုပါအလုပ်သမား ပြဿနာကို အလုပ်သမားညွှန်ကြားရေးရုံးမှ ပြေလည်ရန် ဖြေရှင်းပေးခြင်းမရှိသေးကြောင်း နှင့် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်(ILO) ရန်ကုန်ရုံးခွဲသို့ မိတ္တူပို့ တိုင်ကြားထားသည်ဟု ရှေ့နေကိုဖိုးဖြူက ပြောသည်။

နိုင်ငံတကာ၌လည်း လုပ်ငန်းကျွမ်းကျင်မှုအပေါ်မှုတည်ပြီး လုပ်အားခပေးခြင်းစနစ် နှင့် ထွက်ပေါ်လာသော တဦးချင်း လုပ်ဆောင်နိုင်မှုအပေါ် မှုတည်ပြီး လုပ်အားခပေးခြင်းစနစ်များကို သုံးဆွဲကြသည်ဟု အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်စိုးက ပြောဆိုသည်။

“ဥပမာဗျာ ၁၀ ထည်ချုပ်နိုင်ရင် ၁၅၀၀ ရမယ်။ ၁၀ ထည်မချုပ်နိုင်ဘဲနဲ့ ၁၅၀၀ ဘယ်ရနိုင်မလဲ။ ပြဿနာက ဒီမှာစတာ ပဲ”ဟု ၄င်းက ရှင်းပြသည်။

ပဲခူးမြို့ ကမာနတ်ကျေးရွာအနီးရှိ Cap 1 ဦးထုပ်စက်ရုံ အလုပ်သမားများကလည်း ပဲခူးမြို့နယ် အလုပ်သမား ဦးစီး အရာရှိ ထံ အလုပ်ခွင်တွင် အလုပ်ကြီးကြပ်သူနှင့် အလုပ်ရှင်တို့၏ အဓမ္မ ခိုင်းစေခြင်း၊ မတရားစည်းကမ်းများချမှတ် ၍ လုပ်အားခ ဖြတ်တောက်ခြင်း၊ လူမျိုးနှင့် နိုင်ငံသားဂုဏ်သိက္ခာ ထိခိုက်စေသည့် ကြမ်းတမ်းသောစကားလုံးများ သုံးနှုန်း ပြောဆိုနေခြင်း အပေါ် ဇွန်လ ၂ ရက်နေ့က တိုင်ကြားမှုဖြစ်ခဲ့သည်။

ILO သို့ ဆက်လက်တိုင်တန်းပြီးနောက်ပိုင်း အလုပ်ရှင်၏ ညှိနိုင်းမှုကြောင့် Cap 1 ဦးထုပ်စက်ရုံပြဿနာမှာ ပြေလည် သွားခဲ့သည် ဟု သိရသည်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင်လည်း အလုပ်သမားအခွင့်အရေးကာကွယ်သည့် အသင်းအဖွဲ့များ ယခုထိ တရားဝင်ဖွဲ့စည်းခွင့်မရှိသေးခြင်းသည် အလုပ်ရှင်နှင့် အလုပ်သမားကြား ပြဿနာများကို မှန်ကန်စွာ ဖြေရှင်းနိုင်မည် မဟုတ်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ဝေဖန်ပြောဆိုနေကြသည်။

No comments:

Post a Comment