Saturday, December 11, 2010

ဒုတိယပင်လုံ အကောင်အထည် ဖော်ရေးတွင် ကနဦးလိုအပ်သည်က

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၀၉ မိနစ် .

အောက်တိုဘာ ၂၄ တွင် ဇိုမီးအမျိုးသားကွန်ဂရက်က ပြည်ထောင်စု တည်ဆောက်ရေးနှင့် တိုင်းရင်းသား အရေးကိစ္စများ အဖြေရှာရန်အတွက် ဒုတိယ ပင်လုံ ညီလာခံ ခေါ်ယူရေး “ကလေးမြို့ ကြေညာစာတမ်း” ကို ထုတ်ပြန်ခဲ့သည်။ မြန်မာအစိုးရ အဆက်ဆက်လက်ထက် အကောင်အထည်မဖော်နိုင်ခဲ့သည့် ၁၉၄၇ ပင်လုံစာချုပ်ကို အခြေခံ၍ ဒုတိယ ပင်လုံညီလာခံခေါ်ယူရန် ကြိုးပမ်းလိုခြင်း ဖြစ်သည်။ ထိုကြေညာချက်ကို NLD နှင့် အဖျက်သိမ်းခံ တိုင်းရင်းသားပါတီများက ထောက်ခံခဲ့ကြသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းရင်းသားခေါင်းဆောင်များ လွှဲအပ်လာသည့်တာဝန်ကို ၂၁ ရာစုနှင့် ကိုက်ညီသော ၂၁ ရာစု ပင်လုံညီလာခံ ခေါ်ယူရေးဟု ချဲ့ထွင်အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည်ကို ပြည်တွင်းပြည်ပ ဒီမိုကရေစီနှင့် တိုင်းရင်းသား အင်အားစုတော်တော်များများက ကြိုဆိုခဲ့ကြသည်။ လွတ်လပ်မျှတပြီး ငြိမ်းချမ်းတိုးတက်သော နိုင်ငံဖြစ်လာစေရန် အဆိုပါ ညီလာခံ ခေါ်ယူကျင်းပလိုခြင်း ရည်ရွယ်ချက်များမှာ သံသယမဖြစ်ထိုက်အောင်ပင် ကောင်းမွန်လှသည်။

မည်မျှကောင်းမွန်သည်ဖြစ်စေ လက်ရှိနိုင်ငံရေး အနေအထားက ဒုတိယပင်လုံညီလာခံ အကောင်အထည်ဖော်နိုင်မှုနှင့် ရလာနိုင်သည့် လက်တွေ့အကျိုးဆက်များအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

လက်ရှိအနေအထားတွင် ဒုတိယ ပင်လုံ ညီလာခံတွင် စစ်တပ်အနေဖြင့် ပါဝင်ရန် အကြောင်းမရှိပေ။ ဒုတိယ ပင်လုံ ညီလာခံ ခေါ်ယူရေးတွင် စစ်အစိုးရ ပါဝင်နိုင်ရန် တံခါးအနည်းငယ် ဟပေးထားသည် ဆိုနိုင်သော်လည်း စစ်အစိုးရကို ဆွဲဆောင်နိုင်စွမ်း သိပ်မရှိပေ။ စစ်ဘက်မှ မပါဝင်ပဲ အတိုက်အခံပြုနေလျှင်လည်း ဒုတိယ ပင်လုံညီလာခံမှ အားရစရာ အသီးအပွင့်များထွက်လာမည် မဟုတ်ပေ။

ထို့ပြင် ဒုတိယ ပင်လုံ ညီလာခံ ခေါ်ယူရေးသည် အခြေခံအားဖြင့် ၂၀၀၈ အခြေခံဥပဒေနှင့် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် သဘောပင်ဖြစ်ပြီး ၄င်းတို့၏ တရားဝင်မှုကို စိန်ခေါ်လိုက်သကဲ့သို့ ရှိသည်။ ထို့ကြောင့် အခြေခံဥပဒေရေးဆွဲ၍ ရွေးကောက်ပွဲ ကျင်းပကာ တရားဝင်မှုရရှိရန် ကြိုးစားနေသည့် စစ်အစိုးရအနေဖြင့် ဒုတိယ ပင်လုံ ညီလာခံကို ထောက်ခံလိမ့်မည် မဟုတ်ပေ။ သို့ဆိုလျှင် စစ်အစိုးရ ဥပဒေကို ဆန့်ကျင် ကျင်းပရမည့် ဒုတိယ ပင်လုံ ညီလာခံကြောင့် ရွေးကောက်ပွဲဝင်ပါတီများအတွက်လည်း ဒုတိယ ပင်လုံကိစ္စ မည်သည့်ဘက်တွင် ရပ်တည်မည်ကို မဖြစ်မနေ ရွေးရမည့် အနေအထားမျိုး တွန်းပို့နေသည်။

လက်ရှိ မြန်မာ့နိုင်ငံရေး အနေအထားအရလည်း လုံးဝဆန့်ကျင်သည့် ဘက်နှစ်ဘက်သာ ရှိသကဲ့သို့ ဖြစ်နေပြီး နိုင်ငံရေးတွင် ပါဝင်မည့်သူများ ဘက်တခုသာ ရွေးစရာရှိသည့် အခြေအနေကလည်း အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို အထောက်အကူပြုမည့် အနေအထားမျိုး မဟုတ်ပေ။

ဒုတိယ ပင်လုံ ညီလာခံ ကိစ္စကို ပြောဆိုနေကြမည့်အစား နိုင်ငံရေး အင်အားစုအားလုံး ခဏခြေတလှမ်းဆုတ်ကာ မြန်မာ့နိုင်ငံရေးအခြေအနေ တိုးတက်လာရေးအတွက် ဒုတိယ ပင်လုံမှ လက်တွေ့ကျသော ရလဒ်များ ထွက်လာအောင် မည်ကဲ့သို့ အခြေအနေမျိုး လိုအပ်သည်ကို စဉ်းစားသင့်ပေသည်။ သို့မဟုတ်ပါက ဒုတိယ ပင်လုံ ညီလာခံ ခေါ်ယူရေးသည် နိုင်ငံတကာကို ပြရုံသက်သက် အကျိုးမရှိသည့် နောက်ထပ် တောင်းဆိုချက် တခုသာ ဖြစ်နေပေလိမ့်မည်။

စစ်ဘက်အနေဖြင့်လည်း အရေးကြီးသည့် ကိစ္စရပ်များတွင် အရေးကြီးအင်အားစု အနေဖြင့် ပါဝင်ချင်နေပေလိမ့်မည်။ ထို့ပြင် ဒုတိယ ပင်လုံ ညီလာခံ ခေါ်ယူရေး ခြေလှမ်းများကို တရားဝင် နိုင်ငံရေး ဘောင်အတွင်းကသာ လျှောက်လှမ်းရန် လိုအပ်သည်။ သို့မဟုတ်လျှင် ဒုတိယ ပင်လုံသည် မည်မျှ တရားမျှတနေသည် ဖြစ်စေ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် အစိုးရ၏ တရားဝင်မှုကို ခြိမ်းခြောက်မှုနောက်တခု အဖြစ်သာ စစ်အစိုးရက ဘာသာပြန်ပေလိမ့်မည်။

နိဂုံးချုပ်ရလျှင် ဒုတိယ ပင်လုံသည် သဘောထား တူညီသော နိုင်ငံရေး ပါတီများနှင့် အဖွဲ့အစည်းများ အတွက် အငြင်းပွားစရာ ကိစ္စများကို လျှော့ချပေးမည် ဖြစ်သော်လည်း ညီလာခံ ရလဒ်များကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးတွင် အားနည်းပေလိမ့်မည်။

No comments:

Post a Comment