Wednesday, December 29, 2010

ဒေါ်အောင်ဆန်းစုကြည်ရဲ့နည်းလမ်းသစ်

Tuesday, December 28, 2010

(အမေရိကန်နိုင်ငံ Center for Strategic and International Studies ရဲ့ သတင်းလွှာမှာ ဖော်ပြထားတဲ့ အရှေ့တောင် အာရှ ဌာန ညွှန်ကြားရေးမှူး Ernie Bower ရဲ့ ဆောင်းပါးဖြစ်ပါတယ်။ )

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော ရွေးကောက်ခံ ခေါင်းဆောင် ဖြစ်ပါတယ်။ သူမကို ရွေးကောက်ခဲ့ တာက အခု နိုဝင်ဘာ ၇ ရက်နေ့မှာ လုပ်တဲ့ ရွေးကောက်ပွဲမှာ မဟုတ်ပါဘူး။ ၁၉၉၀ ရွေးကောက် ပွဲတုံးက ဖြစ်ပါတယ်။ (တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၉၀ ရွေးကောက်ပွဲ မ၀င်ခဲ့ပါ။ နေအိမ်မှာ အကျယ်ချုပ် ကျနေပါတယ်။ ဘာသာပြန်သူ) အစိုးရဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ အာရုံစိုက်မှု တွေကို လမ်းလွှဲနိုင်ဖို့ အတွက် သူမကို လွှတ်ပေးခဲ့ပါတယ်။ ဒီလိုလွှတ်ပေး လိုက်တဲ့အတွက် နိုင်ငံတကာက သူမအမြင်တွေကို တိုက်ရိုက် ကြားနိုင်ဖို့ အခွင့်အရေး ရခဲ့ပါတယ်။
အခုအချိန်အထိ သူမပြောကြားမှုတွေဟာ သတိကြီးကြီးနဲ့ လုပ်ဆောင် နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် အတိတ် ကာလက သူမရဲ့ ချဉ်းကပ်ပုံတွေနဲ့တော့ ကွာခြားတယ် ဆိုတာကိုတော့ မြင်နိုင်ပါတယ်။ သူမက အမေရိကန် နိုင်ငံက မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံပြီး ပြောင်းလဲမှုတွေ ဖြစ်အောင် ကြိုးစားနေတာကို မဆန့်ကျင်ဘူး၊ ဒါပေမယ့် သိတ်ပြီး အလွန်အကျွံ အကောင်းမမြင် စေချင်ဘူးလို့ တရားဝင် ပြောခဲ့တယ်။ ဒဏ်ခတ် ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ သူမအနေနဲ့ ပြန်လည် သုံးသပ်မယ်၊ ပိတ်ဆို့မှုတွေဟာ ပြည်သူတွေကို ထိခိုက် နေသလား၊ ပြည်သူတွေက သူတို့ကို ထိခိုက်တယ်လို့ ယူဆနိုင်တဲ့ ခိုင်လုံတဲ့ အကြောင်းအချက်တွေ ရှိသလား ဆိုတာကို ပြန်သုံးသပ်ပါမယ်လို့ ပြောခဲ့တယ်။
သူမက ဥရောပသမဂ္ဂကို မြန်မာအစိုးရအပေါ် ရပ်တည်မှုနဲ့ ပတ်သက်ပြီး အားလုံး တစ်ညီတညွှတ်တည်း ရပ်တည်ဖို့ လိုတယ်လို့ ထောက်ပြ ခဲ့တယ်။ သူမက ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲဟာ တရားမ၀င်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပေမယ့် အတွင်းကိုဝင်ပြီး ပြုပြင်ပြောင်းလဲရေး တွေလုပ်နိုင်ဖို့ အတွက် အင်န်အယ်လ်ဒီ ပါတီကို ပြန်လည် မှတ်ပုံတင်နိုင်ဖို့ ကြိုးစားနေတယ်။
အိုဘားမား အစိုးရဟာ အရေးကြီးတဲ့ ကိစ္စတွေဖြစ်တဲ့ နိုင်ငံရေး လုပ်ဆောင်နိုင်မှု နယ်မြေ ကျယ်ပြန့်ရေး ကနေ အနုမြူ လက်နက် မပြန့်ပွားရေး ကိစ္စတွေအထိ ကျယ်ပြန့်တဲ့ ကိစ္စတွေမှာ တိုးတက်မှု ရရှိရေးအတွက် မြန်မာအစိုးရနဲ့ ထိတွေ့ ဆက်ဆံရေး မူဝါဒကို ကျင့်သုံးနေတာ ဖြစ်ပါတယ်။ ဒီမူဝါဒဟာ အခုအချိန်အထိ တိုးတက်မှု တစ်စုံတစ်ရာ မရသေးပေမယ့် အမေရိကန် - အာဆီယံ ချစ်ကြည်ရေး စာချုပ် ချုပ်ဆိုနိုင်တာ၊ အာဆီယံ - အမေရိကန် ခေါင်းဆောင်များ အစည်းအဝေး ကျင်းပနိုင်တာတွေကြောင့် နောင်မှာ မြန်မာ ကိစ္စကို ပိုပြီး ကိုင်တွယ်နိုင်မယ့် အခြေအနေ ရှိပါတယ်။
သူမရဲ့ နောက်ဆုံး သတင်းစကားကတော့ နိုင်ငံခြားရေးရာ စာစောင်က နိုင်ငံခြားရေးရာ ပညာရှင် တစ်ရာစာရင်းမှာ ဒေါ်အောင်ဆန်း စုကြည်ကို ထည့်သွင်းတဲ့ အခမ်းအနားကို ပေးပို့တဲ့ ဗီဒီယို သတင်းစကား ဖြစ်ပါတယ်။ ဒီသတင်း စကားမှာတော့ ဒေါ်အောင်ဆန်း စုကြည်က အရင်တုံးက ပြောလေ့ရှိတဲ့ အစိုးရ ပြောင်းလဲရေး ( Regime Change )အစား စံနှုန်း တန်ဖိုး ပြောင်းလဲရေး ( Value Change) ကို ပြောလာပါတယ်။ ဒါဟာ အတွင်းကနေ ဝင်ပြီး ပြုပြင် ပြောင်းလဲရေး လုပ်ဖို့ဆိုတဲ့ သဘောထားကို ရည်ညွှန်းတယ်လို့ ယူဆ ရပါတယ်။ ဒီလို ပြောဆိုလာတာဟာ သူမ လွတ်မြောက်ရေး အတွက် လုပ်ခဲ့ရတဲ့ အပေးအယူ ကြောင့်လား၊ ဒါမှမဟုတ် အရင်က မအောင်မြင် ခဲ့တဲ့ ကြိုးပမ်းမှုတွေကနေ သင်ခန်းစာ ယူထားတဲ့ ချဉ်းကပ်ပုံ အသစ်လား ဆိုတာတော့ ပြောဖို့ ခက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှု တွေဟာ အမေရိကန်နဲ့ အခြားနိုင်ငံများရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒ အပေါ်မှာ သက်ရောက်မှုရှိမှာ သေချာပါတယ်။ မြန်မာနဲ့ မြောက်ကိုရီးယားကြား အနုမြူ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုလို နောက်ထပ် ထည့်စဉ်းစားရမယ့် အချက်လည်း ရှိသေးတယ်။ ဒီကိစ္စကြောင့် တရုတ်ဟာ သူတို့ရဲ့ ကြားခံနိုင်ငံနဲ့ ကပ္ပလီ ပင်လယ် ထွက်ပေါက် ဖြစ်တဲ့ မြန်မာနိုင်ငံမှာ ပိုပြီး ရေရှည်ခံမယ့် အပြောင်းအလဲ လမ်းကြောင်းကို ရွေးချယ် လိုစိတ် ပေါက်လာ နိုင်တယ်။ ဒီကနေ မြန်မာနိုင်ငံမှာ ရွေးချယ် တင်မြှောက်တဲ့ အစိုးရတစ်ခု ပေါ်ပေါက်ရေးကို ဖြစ်လာနိုင်တယ်။
ဒါပေမယ့် မြန်မာနဲ့ မြောက်ကိုရီးယား မတူတာက မြန်မာနိုင်ငံမှာ အဆင့်ဆင့် ပြောင်းလဲမှုတွေ ဖြစ်နိုင်တဲ့ လက်တွေ့ အကောင်အထည် ဖော်နိုင်တဲ့ လမ်းကြောင်း ရှိနေတယ်။ ဒါ့ကြောင့် အမေရိကန် မူဝါဒ ချမှတ်သူတွေ အနေနဲ့ နိုင်ငံရေး နယ်ပယ် ကျယ်ပြန့် လာနိုင်မယ့် အခွင့်အလမ်းတွေကို နီးနီးကပ်ကပ် စောင့်ကြည့်ပြီး အားပေးရမယ်။ တစ်ဖက်ကလည်း အစိုးရက အတိုက်အခံတွေကို နှိပ်ကွပ်လာရင်၊ အနုမြူ လက်နက် ပိုင်ဆိုင်ဖို့ ကြိုးစားလာရင် မြန်မာနိုင်ငံရေး အရေးယူတဲ့ ဥပဒေမှာ ပြောထားတဲ့ အတိုင်း ဒဏ်ခတ် အရေးယူမှု အသစ်တွေကို မြန်မြန်နဲ့ ထိထိရောက်ရောက် လုပ်ရမယ်။

Posted by ပိတောက်မြေ at 12:05:00 AM
Labels: ဆောင်းပါး

No comments:

Post a Comment