Wednesday, June 6, 2012

မတည်ငြိမ်အောင် လှုံ့ဆော်သူများရှိမည်ကို ဒေါ်စု စိုးရိမ်

ရဲမင်း | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၀၃ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်တွင် အစ္စလာမ်ဘာသာဝင် ၁ဝ ဦး အသတ်ခံပြီး နောက်ပိုင်း အခြေအနေ မတည်ငြိမ်အောင် လှုံ့ဆော်သူများ ရှိနေမည်ကို စိုးရိမ်ကြောင်း ဗုဒ္ဓဟူးနေ့က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီရုံးချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။

“လှုံ့ဆော်နေတဲ့သူတွေများ ရှိသလား၊ အခြေအနေတွေကို မတည်ငြိမ်အောင် လှုံ့ဆော်နေတဲ့ သူတွေများ ရှိသလား။ တချို့ကျတော့ အခြေအနေကို မတည်ငြိမ်အောင် လှုံ့ဆော်တာ မဟုတ်ဘူး စင်မြင့် ရှိလို့ရှိရင် ထပြီးတော့၊ တက်ပြီး
တော့ အော်ချင်တဲ့လူတွေလည်း ရှိတယ်။ ဒီလို အော်ခြင်း အားဖြင့် ကျမတို့နိုင်ငံအတွက်၊ ကျမတို့ လူမှုအသိုင်းအဝိုင်း အတွက် အကျိုးရှိလား/မရှိဘူးလား ဆိုတာကို မဆင်ခြင်ဘဲနဲ့ ထပြီးတော့ အော်မယ်ဆိုလို့ရှိရင် အဲဒါဟာလည်း မလိုအားအပ်ဘဲနဲ့ ပြဿနာတွေကို ပိုပြီး ကြီးထွားနိုင်စေပါတယ်” ဟု NLD ရုံးချုပ်တွင် သတင်းထောက်များကို
ပြောဆိုခဲ့ခြင်း ဖြစ်သည်။
dassknewex2
ရခိုင်ပြည်နယ်တွင် အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံပြီး နောက်ပိုင်း အခြေအနေ မတည်ငြိမ်အောင် လှုံ့ဆော်သူများ ရှိနေမည်ကို စိုးရိမ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီရုံးချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောဆို (ဓါတ်ပုံ ရဲမင်း/ မဇ္ဈိမ)

မေလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ရခိုင်အမျိုးသမီးတဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ ဒေါသ ထွက်နေသည့် ရခိုင်ဒေသခံများက ခရီးသွား အစ္စလာမ်ဘာသာဝင် ၁၀ ဦးအား တောင်ကုတ်မြို့၌ ဇွန်လ ၃ ရက်နေ့က သတ်ဖြတ်မှု ထပ်မံဖြစ်ပွားခဲ့ပြီးနောက် တင်းမာမှုများ ရှိနေခဲ့သည်။ ဇွန်လ ၅ ရက်နေ့တွင်လည်း ရန်ကုန်မြို့၊ ဆူးလေ ဘုရားအနီးရှိ ဘင်္ဂါလီ ဆွန်နီ ဗလီရှေ့တွင် အစ္စလာမ်ဘာသာဝင်များ ဆန္ဒပြမှုတခု ဖြစ်ပွားလာခဲ့သည်။

NLD ဥက္ကဋ္ဌ အနေဖြင့် ဘာသာလူမျိုးအားလုံး အေးချမ်းစွာ နေထိုင်နိုင်ရေးကို ဆန္ဒပြုလိုက်ပြီး ဖြစ်ပွားခဲ့သည့် ရာဇဝတ်မှု များအတွက် ကျူးလွန်သူများကို အမြန်ဆုံး အရေးယူ ဆောင်ရွက်နိုင်ရေး ကိုလည်း တိုက်တွန်းခဲ့သည်။

ဇွန်လ ၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် “သံတွဲမှ ရန်ကုန်သို့ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ မွတ်ဆလင်ကုလား ၁၀ ဦး အသတ်ခံရ” ဟု ခေါင်းစဉ်တပ်၍ သတင်း ရေးသားဖော်ပြခဲ့မှုအပေါ် ဇွန်လ ၆ ရက်နေ့ထုတ် သတင်းစာများတွင် “ပြည်တွင်းနေ အစ္စလာမ်ဘာသာ ကိုးကွယ်သူ” ဟူ၍ “ပြင်ဆင်ဖတ်ရှုပါရန်”
ဖော်ပြပါရှိလာသည်။

ဗဟန်းမြို့နယ် NLD ရုံးချုပ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲသို့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်အချို့
ရောက်ရှိလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ခဏတာ တွေ့ဆုံခွင့် ရခဲ့သည်။

“ကျနော်တို့ အခက်အခဲတွေကို တင်ပြချင်တာပါ။ အခုဆိုရင် ကျနော်တို့တွေဟာ ရခိုင်ဘက်ကို သွားလာဘို့ ကြောက်
နေရတယ်။ ဒါကြောင့် ကျနော်တို့ အကူအညီလိုလို့ လာခဲ့တာပါ” ဟု ၎င်းတို့က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် မကြာသေးမီက ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ခြင်းနှင့် ပက်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပြဿနာများနှင့် ပတ်သက်ကာ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

နံနက် ၁၁ နာရီမှ စတင်၍ တနာရီကျော်ကြာ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ မီဒီယာ သမားများ တရာကျော် တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment