Friday, April 1, 2011

သန့်ရှင်းသည့် အစိုးရဖြစ်လိုက ဥပဒေ လိုက်နာရမည်

ခင်ဦးသာ Friday, 01 April 2011 17:23

သန့်ရှင်းသောအစိုးရ တရပ်ဖြစ်ပေါ်ရေး အတွက် အစိုးရ၏ ထိပ်ပိုင်းခေါင်းဆောင်များက ဥပဒေကို လိုက်နာကျင့်သုံး၍ ကနဦး လုပ်ပြမှသာ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသောအစိုးရ ဖြစ်လာနိုင်မည်ဟု ဥပဒေ ပညာရှင်များက ပြောသည်။



သမ္မတသစ် ဦးသိန်းစိန် ယမန်နေ့က မိန့်ခွန်းပြောနေစဉ်။ ဦးသိန်းစိန်၏ ဘယ်ဘက် က ရပ်နေသူမှာ ဒု သမ္မတ ဦးတင်အောင်မြင့်ဦးနှင့် ညာဘက်က ရပ်နေသူမှာ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတို့ ဖြစ်သည် (ဓာတ်ပုံ - AP)

“အစိုးရသစ်တရပ်ပေါ်လာရင် အကောင်းဆုံးဆိုတဲ့ စကားလုံးတွေကို ရွေးချယ် ပြောတတ်ကြတယ်၊ အခုလည်းပဲ သမ္မတ က သန့်ရှင်းတဲ့ အစိုးရတရပ် ဖြစ်အောင်လုပ်မယ်ပြောတော့ ပြောတဲ့သူတွေကိုယ်တိုင်က လိုက်နာဖို့ နံပါတ် တစ်ပါ”ဟု ဥပဒေ ပညာရှင် ရှေ့နေ ဦးအောင်သိန်း က ဧရာဝတီ ကို ပြောသည်။

သမ္မတသစ် ဦးသိန်းစိန်သည် ၎င်း၏ အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် ပထမဆုံး တွေ့ဆုံစကားပြောသည့် အစည်းအဝေး၌ အစိုးရ သစ်အဖွဲ့၏ လုပ်ငန်းစဉ်သည် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance)နှင့် သန့်ရှင်းသော အစိုးရ(Clean Government)တရပ် ပေါ်ပေါက်ရေး လုပ်ဆောင်သွားရန် အရေးကြီးကြောင်း ပြောဆိုသည်။

အုပ်ချုပ်သူ လူတန်းစား အနေဖြင့်လည်း ပြည်သူများ၏ အသံ၊ တုံ့ပြန်မှု တို့ကို အလေးထားပြီး နိုင်ငံသားတို့၏ မူလအခွင့် အရေး ကို ပိတ်ပင်တားဆီးရာ မရောက်စေရန် နည်းမှန်လမ်းမှန်ဖြင့် လုပ်ဆောင်သွားရန် ပြောဆိုခဲ့ပြီး ဥပဒေနှင့်အညီပြုမူ ကျင့်ကြံရန်လည်း ဦးသိန်းစိန် က ပြောဆိုသွားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ ပြောခွင့်ရသူ ရှေ့နေ ဦးဉာဏ်ဝင်းကမူ သမ္မတသစ် ပြောဆိုသည့် တရားဥပဒေ ကိစ္စသည် ကိုင်တွယ်ကျင့်သုံးသူ၏ အပေါ်၌ အဓိက မူတည်ကြောင်း၊ တရားရုံးများသည် လက်ရှိအချိန်အထိ အပေါ်မှ အာဏာ ရှိသူ ချမှတ်ပေးသော အမိန့်အတိုင်းသာ လုပ်ဆောင်နေသေးကြောင်း၊ အစိုးရသစ်၏ ပြောဆိုချက်ကို စောင့်ကြည်ရဦးမည် ဖြစ်ကြောင်း ပြောသည်။

“အင်းစိန်တရားရုံးမှာ အပြင်လူမလာရဆိုတဲ့ ကိစ္စတွေက အခုအချိန်အထိ ကျင့်သုံးနေတုန်းပါ၊ တရားရုံးတွေ အနေနဲ့ အပေါ်က အမိန့်အတိုင်းမစီရင်ဘဲ သီးသန့် ရပ်တည် ဖြေရှင်းပေးနိုင်ဖို့က အရေးကြီးတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

အစိုးရသစ်သည် လာဘ်ပေးလာဘ်ယူမှုကိစ္စကို အလေးထားပြောဆိုနေပြီး ဥပဒေ အား လိုက်နာရန် ပြောဆိုလိုက်ခြင်း အပေါ် အမှန်တကယ် လိုက်နာမှု ရှိမရှိကို စောင့်ကြည့်ရဦးမည်ဟု ဦးအောင်သိန်းက ဆိုသည်။

“မြန်မာနိုင်ငံမှာက လာဘ်စားမှုကိစ္စက ဌာနတိုင်းမှာလို ဖြစ်နေတော့ ဒီကိစ္စဖြေရှင်းတဲ့အခါ ခက်တော့ခက်ခဲနေဦးမယ်၊ အစိုးရ ကိုယ်တိုင်က ဥပဒေ ကိုလိုက်နာပြီး တင်းတင်းကျပ်ကျပ် လုပ်ဆောင်မှရမှာပါ”ဟု ၎င်းက ပြောသည်။

အစိုးရသစ်သည် ပါတီစုံစနစ်ဖြင့် ပေါ်ပေါက်လာသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော်လည်း စစ်တပ်မှ ပါဝင် နေခြင်း၊ စစ်ဗိုလ်ချုပ် လူထွက်များက ကြီးစိုးနေခြင်း၊ ပါတီကြီးတခုမှ လွှမ်းမိုးထားခြင်း စသည့်အချက်များကြောင့် ဒီမိုကရေစီ အစိုးရမဟုတ်သကဲ့သို့ နောင်လည်း ဒီမိုကရေစီ စနစ်ကို ကျင့်သုံးရန် ခက်ခဲနေဦးမည်ဖြစ်ကြောင်း ရှေ့နေ ဦးအောင်သိန်း က ဆက်ပြောသည်။

နအဖ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြန်မာနိုင်ငံသည် နေရာကွက်လပ် မကျန် တိုးတက်ဖွံ့ဖြိုးနေပြီး ပြည်သူတို့၏ လူနေမှုဘ၀ မြင့်မားနေပြီ ဖြစ်ကြောင်း၊ စားဝတ်နေရေး ဖူလုံနေပြီး အလုပ်အကိုင် အခွင့်လမ်းများ ပြည့်စုံနေပြီ ဖြစ်ကြောင်း မကြာခဏ ပြောဆိုခဲ့သည်။

နအဖ လက်ထက် ၀န်ကြီးချုပ်ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတသစ် ဦးသိန်းစိန်က မနေ့ကပြောဆိုရာတွင် မြန်မာနိုင်ငံ သည် ချမ်းသာကြွယ်ဝသော နိုင်ငံတခုမဟုတ်သေးသည့် အပြင် စားဝတ်နေရေး မဖူလုံသေးသူများ၊ တနေ့လုပ် တနေ့စားသူများ၊ အလုပ်လက်မဲ့များ စသည်ဖြင့် ဆင်းရဲနွမ်းပါးသူများရှိနေ၍ ၎င်း၏ အစိုးရ အဖွဲ့ကို လက်ရှိသတ်မှတ်ထားသည့် လစာ အတိုင်းမယူဘဲ နအဖ လက်ထက်က ရရှိသည့် လစာကိုသာ ဆက်လက်ယူကြရန် ပြောဆိုသည်။

သမ္မတ သစ် ဦးသိန်းစိန် ၏ လစာသည် ကျပ် သိန်း ၅၀ နှင့် မော်တော်ယာဉ် ၆ စီးရရှိမည် ဖြစ်သည်။

သမ္မတ အပါအ၀င် ၀န်ကြီးများ၊ ၀န်ထမ်းများ၏ လစာအား လျှော့လိုက်ရုံတခုတည်းနှင့် အပြောင်းအလဲ မဖြစ်လာနိုင်သေး
ကြောင်း၊ ၀န်ထမ်းအရေအတွက်သည် များပြား၍ ၀န်ထမ်းများအားလုံး၊ ပြည်သူများအားလုံး၏ စားဝတ်နေရေးကို ပြေလည် စေ မည့် ကုန်ထုတ်လုပ်ငန်း အများအပြား လုပ်ဆောင်ဖန်တီး ပေးရန် လိုအပ်နေကြောင်း ဥပဒေပညာရှင်နှင့်နေပြည်တော်ရောက် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးက ထောက်ပြသည်။

“သမ္မတ ကတော့ အကာင်းဆုံးတွေလုပ်ဖို့ ပြောသွားတာပဲ၊ ဒါပေမယ့် သမ္မတမှာ လုပ်ပိုင်ခွင့်အာဏာရှိရဲ့လား၊ သူက တကယ် လုပ်ချင်တဲ့စိတ်ရှိရဲ့လားဆိုတာတွေ စောင့်ကြည့်ရဦးမယ်၊ ပါးစပ်က ပြောတဲ့အဆင့်တွေက ကျော်သင့်နေကြတာကြာပြီ”ဟု အထက်ပါ လွှတ်တော် ကိုယ်စားလှယ်က ပြောသည်။

ထို့အတူ သမ္မတက လုပ်ဆောင်မည်ဆိုလျှင်လည်း ၎င်းအားဝန်းရံ၍ လုပ်ပေးကြမှ ထိရောက်မှု ရှိမည်ဟု ဆက်ပြောသည်။

“ရေးဆွဲထားတဲ့ ဥပဒေက ကမ္ဘာမှာအကောင်းဆုံးဖြစ်နေပြီးတော့ ကျင့်သုံးတာက အဆိုးဆုံးဖြစ်နေရင် ဘာမှဖြစ်လာမှာမဟုတ် ဘူး၊ ဒီတော့ ဥပဒေထက် လူတွေရဲ့လိုက်နာကျင့်သုံးမှုဟာ အရေးအကြီးဆုံးပါ”ဟု လွှတ်တော်ကိုယ်စားလှယ် က ပြောသည်။

သမ္မတသစ်၏ သန့်ရှင်းသော အစိုးရလုပ်မည်ဟူသော ကိစ္စသည် မလွယ်ကူသေးကြောင်း၊ လာဘ်ပေးလာဘ်ယူမှုကို အာဏာရှိသူ၊ လုပ်ပိုင်ခွင့်အပြည့်ရထားသူများကသာ လုပ်ဆောင်နေခြင်းဖြစ်၍ ထိုစနစ်ကိုတိုက်ဖျက်ရန် အချိန်ယူရဦးမည်ဖြစ်ကြောင်း၊ လက်ရှိအစိုးရသစ်သည် နအဖ အစိုးရက တိုက်ရိုက်မွေးထုတ်လိုက်၍ ဥပဒေကိုလိုက်နာရန် ခက်ခဲနေဦးမည် ဖြစ်ကြောင်း ၎င်း က ဆိုသည်။

“ဒီမိုကရေစီနဲ့ ဥပဒေ လိုက်နာမှု က မလွယ်သေးဘူးဆိုတာ နေပြည်တော်လွှတ်တော်ကြီးက သက်သေပြပြီးပြီ”ဟု လွှတ်တော် ကိုယ်စားလှယ် က ရှင်းပြသည်။

လာဘ်ပေးလာဘ်ယူ ဆိုသည့်စကားအစား“ကန်တော့တာပါ”ဟူသော ဝေါဟာရကိုအသုံးပြုကာ ကျပ် သိန်းရာချီ၊ ထောင်ချီ၍ အထက်လူကြီးများ၏ အကြိုက် လုပ်ဆောင်ပေးနေမှုကြောင့် လာဘ်စားမှု ဆက်ရှိနေမည်မှာသေချာသည်ဟု ၎င်းက ဆိုသည်။

သမ္မတသစ် ဦးသိန်းစိန်ပြောဆိုသော စကားများအနက် အနောက်နိုင်ငံများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ကိစ္စနှင့် မီဒီယာ ကဏ္ဍ အလေးထားပြောဆိုမှု ၂ ခုသာ အားတက်စရာကောင်းသော စကားလုံးဟု လွှတ်တော်ကိုယ်စားလှယ် က ဆက် ပြောသည်။

၂၀၀၄ ခုနှစ်တွင် နအဖ စစ်အစိုးရ ၏ နံပါတ် ၃ အဆင့်ရှိခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း နှင့် လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ဥပဒေ၏အထက်တွင် မည်သူမှ မရှိဟုပြောဆိုပြီး အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်သွားမည်ဟု နိုင်ငံကိုကြေညာခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းကိုယ်တိုင် လာဘ်စားမှု အများဆုံး စစ်ဗိုလ်ချုပ်ဟု သတင်းများထွက်ခဲ့သည်။

“ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိလို့ နိုင်ငံရဲ့တာဝန်ရှိသူတွေက ပြောဆိုပေမယ့် ဒီစကားကို တရားရုံးတွေမှာ သွားပြောရင် သိပ်မကြိုက်ကြဘူးဗျ”ဟု ရှေ့နေ ဦးအောင်သိန်းက ပြောဆိုသည်။

No comments:

Post a Comment