Sunday, January 2, 2011

ဂီရိသင့်ဒေသကို ကူညီရန် ဒေါ်စုက နိုင်ငံတကာသို့ ပန်ကြား

ခိုင်စု | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၂၈ မိနစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်ရှိ ဂီရိမုန်တိုင်းသင့်ဒေသများ ပြည်လည်ထူထောင်ရေးအတွက် ကူညီပါရန် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်များက နိုင်ငံတကာကို ပန်ကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP အဖွဲ့ဝင်များ၊ ၂ဝ၁ဝ ရွေးကောက်ပွဲဝင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအချို့၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)၊ နှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီတို့မှ ခေါင်းဆောင်များ ဦးရေစုစုပေါင်း ၃ဝ ခန့်က လက်မှတ်ရေးထိုးကာ နိုင်ငံတကာသို့ ယမန်နေ့တွင် ပန်ကြားလွှာတစောင် ထုတ်ပြန်ခြင်း ဖြစ်သည်။

“ဗမာပြည်က မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များအား ကူညီရန် ပန်ကြားလွှာဆိုပြီး ထုတ်ပြန်တာပါ။ ဒီထုတ်ပြန်ချက်ကို နိုင်ငံအသီးသီးကိုလည်း မနက်ဖြန်ကစပြီး ပေးပို့သွားမှာ ဖြစ်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။ ပန်ကြားလွှာကို NLD နှင့် CRPP အဖွဲ့ဝင်များက ဂီရိသင့်ဒေသများသို့ မကြာသေးခင်က သွားရောက်ကူညီခဲ့စဉ် ရရှိခဲ့သော အချက်အလက်များကို အခြေခံကာ ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။

ကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးအတွက် ရာခိုင်နှုန်း အနည်းငယ်သာ ကူညီနိုင်သေးကြောင်းနှင့် NLD က တတိယအကြိမ် ကျပ်သိန်း ၁ဝဝ ကျော် တန်ဖိုးရှိ အကူအညီများ ပေးအပ်စဉ် ဒေသခံများက လျှောက်လွှာပေါင်း ၂ဝဝဝ ခန့်ဖြင့် ၎င်းတို့၏ လိုအပ်ချက်ကို တင်ပြခဲ့ရာ ပေါက်တောနှင့် မြေပုံမြို့နယ်အတွက် ဒေါ်လာ ၆ သန်းခန့် လိုအပ်မည်ဟု သုံးသပ်ထားကြောင်း ပန်ကြားလွှာတွင် ဖော်ပြသည်။

ပေါက်တောနှင့် မြေပုံတို့တွင် ဂီရိကြောင့် လယ်မြေဧက ၁ သိန်းခန့်အတွက် ရေငန်တားရန် တာတမံ မိုင်ပေါင်း ၉ဝ ခန့်၊ ရေလုပ်သား ၈၅ဝ အတွက် လုပ်ကိုင်စားရန် လှေများနှင့် ပိုက်များ၊ စာသင်ကျောင်း ၁၂ဝ ခန့်၊ ဘုန်းကြီးကျောင်း ၇ဝ ခန့် ပျက်စီးခဲ့ကာ၊ သောက်သုံးရေ အဝီစိတွင်းများ၊ မိုးရေလှောင်ကန်များ ပြန်လည်တည်ဆောက်ရန်အတွက် ဒေါ်လာ ၆ သန်းခန့် လိုအပ်ခြင်းဖြစ်ကြောင်း ဦးအုန်းကြိုင်က ပြောသည်။

ယခုလ ၂ဝ ရက်နေ့ထုတ် ရန်ကုန် ကုလ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ UN-OCHA အစီရင်ခံစာတွင် ဂီရိသင့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အမေရိကန် ဒေါ်လာ ၅၇ သန်း လိုအပ်လျက်ရှိရာ ထိုအထဲမှ ၂ဝ.၅ သန်းကို ထောက်ပံ့ပြီးပြီဟု ဖော်ပြထားသည်။ ထို့အပြင် လိုအပ်သည့် အရေးပေါ် အကူအညီ၏ ၄၅ ရာခိုင်နှုန်းသာ ပေးနိုင်သေးသည်ဟု ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်နေ့တွင် အင်အားပြင်း ဂီရိဆိုင်ကလုန်းသည် ရခိုင်ကမ်းရိုးတန်းကို တိုက်ခတ်ခဲ့ရာ မြေပုံ၊ ကျောက်ဖြူ၊ မင်းပြားနှင့် ပေါက်တော ဒေသများ၌ ၄၅ ဦး အသက်ဆုံးရှုံးခဲ့ပြီး၊ ၂ သိန်း ၆ သောင်းခန့် အခြေအနေမဲ့ကာ တသိန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့သည်။

သွားရောက်ကူညီနေသည့် ပုဂ္ဂလိကအဖွဲ့များကလည်း အဆိုပါ ဒေသများတွင် အမိုးအကာနှင့် အစားသောက်များ လိုအပ်နေသေးကြောင်း ပြောဆိုနေကြသည်။


မဇ္ဈိမ သတင်းဌာနမှ ကူးယူဖေါ်ပြသည်

No comments:

Post a Comment