Tuesday, March 13, 2012

           ရုပ်သံအစီအစဉ်တွင် စစ်တပ် လွှတ်တော်ကိုယ်စားလှယ်ကိစ္စကို
                   ဒေါ်အောင်ဆန်းစုကြည် ပွင့်ပွင့်လင်းလင်း ဝေဖန်
DASSK TV Speechယူကျူ့ဗီဒီယို (http://www.youtube.com/watch?v=sR3vv0DK_jw)
မတ်လ ၁၄ ရက်နေ့တွင် မြန်မာ့ရုပ်သံက ထုတ်လွှင့်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒ၊ ရပ်တည်ချက်များနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ထဲမှာ ပြည်သူ့လွှတ်တော်အတွင်းမှာ ရွေးကောက်ခံ မဟုတ်တဲ့ တပ်မတော်သားအမတ်များ ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့ကိစ္စကို ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးဖို့ တိုက်တွန်းသွားပါတယ်။ မြန်မာအာဏာပိုင်တွေရဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ စစ်တပ်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုများအား ဝေဖန်မှုများကို ဆတ်ဆတ်ထိမခံတဲ့ မြန်မာစစ်ခေါင်းဆောင်တွေဟာ အစိုးရရုပ်သံကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်များကို မတ်လ ၁၄ ရက်နေ့မှာ ထုတ်လွှင့်မယ်ဆိုရင်တော့ လက်ရှိ မြန်မာအစိုးရရဲ့ သဘောထားဟာ ယခင် စစ်အစိုးရများရဲ့ သဘောထား ရပ်တည်ချက် လမ်းကြောင်းကနေ အနည်းငယ် သွေဖီလာနေပြီလို့ ပြောလို့ရနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်သံထုတ်လွှင့်မှုဟာ မတ်လ ၁၄ ရက်နေ့တွင် မြန်မာ့ရုပ်သံက ထုတ်လွှင့်မှာ ဖြစ်သော်လည်း ယူကျူ့အင်တာနက်စာမျက်နှာပေါ်မှာ မတ်လ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် မနက်ပိုင်းကတည်းက ပြန့်နှံ့နေပြီ ဖြစ်ပါတယ်။ ယူကျူ့ဗီဒီယိုတွင် ကြည့်မြင်ရတာကတော့ ရုပ်သံရိုက်ကူးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အနည်းငယ် ကသိကအောင့် ဖြစ်နေပုံရသော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်များနဲ့ ပတ်သက်ပြီး သူ့ရဲ့ဟန်၊ သူ့ရဲ့မာန်များအတိုင်း ရှင်းလင်း ပြတ်သားစွာ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ထိုသို့ ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ထိပ်တန်း ရည်ရွယ်ချက် သုံးရပ်ဟာ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးတို့ ဖြစ်ကြောင်း စတင် ရှင်းပြပါတယ်။
အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်က တရား စီရင်ရေးစနစ်ကို အစိုးရယန္တယားအောက် သွတ်သွင်းခဲ့တဲ့နောက် တရားဥပဒေ စိုးမိုးမှုကို ခြေဖျက်ခဲ့တဲ့အတွက် ပြည်သူတွေမှာ အကြောက်တရားတွေ လွှမ်းမိုးလာခဲ့ကြောင်း၊ ပြည်သူတွေ အကြောက်တရားက လွတ်မြောက်ပြီး လူ့အခွင့်အရေးတွေ မရသေးသရွေ့ ဒီမိုကရေစီစနစ် ထွန်းကား ခိုင်မြဲမှာ မဟုတ်ကြောင်း၊ တရားဥပဒေ စိုးမိုးဖို့အတွက် ပြည်သူတွေကို ဖိနှိပ်ထားတဲ့၊ ခေတ်နဲ့ မလျှော်ညီတော့တဲ့ ဥပဒေတွေကို မဆိုင်းမတွ ဖျက်သိမ်းရမှာ ဖြစ်ကြောင်း၊ တရားစီရင်ရေးစနစ်ကို လွတ်လပ်စွာ ထားရမှာ ဖြစ်ကြောင်း၊ စာနယ်ဇင်း လွတ်လပ်ခွင့် အပြည့်အ၀ ပေးရမှာ ဖြစ်ကြောင်း၊ တရားစီရင်ရေးမဏ္ဍိုင်အနေနဲ့ ဥပဒေနဲ့ ညိစွန်းတဲ့ အုပ်ချုပ်သူ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းမှန်သမျှကို တရားစီရင်ပိုင်ခွင့် ရှိစေရမှာ ဖြစ်ကြောင်း ပြောကြားထားပါတယ်။
ဒါ့အပြင် မြန်မာပြည် ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးအဖြစ် စစ်အာဏာရှင်စနစ် ပေါ်ပေါက်လာစေခဲ့ကြောင်း၊ ပြည်တွင်းစစ် ရပ်စဲပြီး ငြိမ်းချမ်းအောင် လုပ်နိုင်မှ နိုင်ငံ တည်ဆောက်နိုင်မှာ ဖြစ်ကြောင်း၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေဟာ ခွဲထွက်ရေးကို လုံးဝ မလိုလားဘဲ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကိုသာ လိုလားတယ်လို့ တထစ်ချ ယုံကြည်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်း ထွက်ပေါ်လာကတည်းက ပြုပြင်ရမယ့်အချက်တွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထောက်ပြခဲ့ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ပါတီစွဲ၊ အဖွဲ့စွဲ၊ ပုဂ္ဂိုလ်စွဲ မထားဘဲ နိုင်ငံ့အကျိုးကိုသာ ရှေ့ရှုတဲ့ စိတ်ဓါတ်နဲ့ ညီညွတ်တဲ့ တပ်မတော်အင်အားစု အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်အားလုံး ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာမှာ တပ်မတော်ဟာ မပါမဖြစ် ပါဖို့ လိုအပ်တယ်လို့ ယုံကြည်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ရွေးကောက်ခံ မဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေကြောင်း၊ ရွေးကောက်ခံ မဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်မှာ ပါဝင်နေခြင်းဟာ ဒီမိုကရေစီ မူများနဲ့ မကိုက်ညီကြောင်း စတဲ့ အချက်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြထားသလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များအား အာဏာရှင်တွေက နှိပ်ကွပ်တဲ့အချက်များကိုလည်း ပြောဆိုထားပါတယ်။
အစိုးရ ရသုံးငွေစာရင်း လိုငွေပြမှုကို ငွေစက္ကူ ရိုက်ထုတ် ဖြေရှင်းတာမျိုး မဟုတ်ဘဲအခြေားနည်းလမ်းများနဲ့ ဖြေရှင်းရမှာ ဖြစ်ကြောင်း၊ လက်ရှိ ငွေကြေးစနစ်၊ ဘဏ်စနစ်က အနှောင်အဖွဲ့တွေကို ဖယ်ရှားရမှာ ဖြစ်ကြောင်း၊ မြန်မာဘာသာစကား အခက်အခဲရှိတဲ့ တိုင်းရင်းသားမျိုးနွယ် ကလေးတွေရဲ့ ပညာရေးလုပ်ငန်း အထောက်အကူဖြစ်စေမယ့် အစီအစဉ်များကို ရေးဆွဲရမှာ ဖြစ်ကြောင်း၊ လွတ်လပ်တဲ့ အဖွဲ့အစည်းများ ဖွဲ့စည်းဖို့ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ မူဝါဒများနဲ့ ပတ်သက်ပြီး နားထောင်လို့တော့ ကောင်းပါရဲ့၊ တကယ်ပဲ အကောင်အထည် ဖော်နိုင်ပါ့မလားလို့ ပြည်သူများ တွေးကောင်းတွေးကြမှာ ဖြစ်ကြောင်း၊ လွယ်လွယ်နဲ့ လိုလားတောင့်တတဲ့ ပြည်ထောင်စုကြီး ထူထောင်ဖို့ မဖြစ်နိုင်ကြောင်း၊ အားလုံး ညီညီညွတ်ညွတ်နဲ့ ဆန္ဒ၊ ၀ိရိယ၊ စိတ္တ၊ ပညာဆိုတဲ့ အောင်မြင်ခြင်းတရား လေးပါးကို ဆုတ်ကိုင်ပြီး ကြိုးစားသွားရင်တော့ ဖြစ်နိုင်မယ်လို့ ယုံကြည်ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ခက်ခဲတဲ့ အလုပ်တာဝန်တွေကို ဇွဲလုံ့လနဲ့ လုပ်ခဲ့ရတဲ့ အတွေ့အကြုံတွေ ဆယ်စုနှစ်နဲ့ချီ ရှိလာခဲ့ကြောင်း၊ နောက်တဆင့်တိုးပြီး နိုင်ငံ့အတွက် ခက်ခဲတဲ့အလုပ်တွေကို အောင်မြင်စွာ ထမ်းဆောင်ပေးနိုင်ဘို့ တာဝန်ပေးတဲ့အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များကို ထောက်ခံ ရွေးချယ်ဖို့ မေတ္တာရပ်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ရုပ်သံ မဲဆွယ်မှုမှာ မိန့်ကြားခဲ့ပါတယ်။
မြန်မာပြည်သူများအဖို့ အစိုးရရုပ်သံကနေပြီး ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်ကို ပထမဆုံးအကြိမ်အဖြစ် ကြည့်ရှုကြရမယ့် အစီအစဉ်မှာ မြန်မာအာဏာပိုင်တွေကို ထောက်ပြ ဝေဖန်ထားချက်တွေ ပါဝင်တာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အာဏာပိုင်တွေက နှိပ်ကွပ်ခဲ့တာတွေကို တင်ပြနိုင်တာဟာ ဒီကနေ့ မြန်မာပြည်မှာ ဖြစ်ပေါ် တိုးတက်နေတဲ့ ပြောင်းလဲမှု ဖြစ်စဉ်တွေရဲ့ ရလဒ်အဖြစ် အကြမ်းဖျဉ်း သုံးသပ်နိုင်ပါတယ်။ သို့သော်လည်း ပြုပြင် ပြောင်းလဲရေး ခရီးစဉ် ချောမွေ့စွာ အောင်မြင်နိုင်ဖို့အတွက် ခရီးကြမ်းကို ဆက်ပြီး လျှောက်နေကြရဦးမယ်ဆိုတာကတော့ ပါဝင် ပတ်သက်သူတွေနဲ့ မြန်မာပြည်သူတွေအနေနဲ့ သိနေကြပြီးသား ဖြစ်ပါတယ်။
(ယူကျူ့တွင် ဖော်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တင်ပြချက်ကို ပူးတွဲ ဖော်ပြလိုက်ပါတယ်။)

Monday, March 12, 2012

ABSDF အပေါ် ကန့်သတ်ချက် အမေရိကန်လူဝင်မှုကြီးကြပ်ရေး ဖယ်ရှား

2011-01-12
အမေရိကန် ပြည်ထောင်စုမှာ ရွှေ့ပြောင်းနေ ထိုင်ခွင့် ရထားတဲ့ မြန်မာနိုင်ငံဖွား  တိုင်းရင်း
သား တွေထဲက ကျောင်းသား တပ်မ တော်လို့ လူသိများတဲ့ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ကို ငွေကြေးပစ္စည်း ကူညီထောက်ပံ့ ပေးဖူးသူ  တွေ အပေါ် ထိန်းချုပ်ထားတဲ့ အခွင့်အရေး တချို့ကို အမေရိကန် လူဝင်မှုကြီး
ကြပ်ရေးဌာနက ပြန်လည် ဖွင့်ပေးလိုက်ပြီလို့ သိရ ပါတယ်။
အမေရိကန်ပြည်ထောင်စု အင်ဒီယား နား
ပြည် နယ် ဖို့ဝိန်းမြို့တွင် ကျင်းပသော မက ဒတ အနှစ် ၂၀ မြောက် အထိမ်းအမှတ် အခမ်းအနားပွဲအပြီး ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းများကို တွေ့မြင်ရပုံဖြစ်ပါသည်။
RFA က မိတ္တူ လက်ခံရရှိထားတဲ့ အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ် အခြေစိုက် အမေရိကန်အစိုးရ နိုင်ငံသားစိစစ်ရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန USCIS ကို ကိုးကားပြီး အမေရိကန် အောက် လွှတ်တော်အမတ်တဦးရုံးက မြန်မာ့အရေး လုပ်ဆောင်နေသူတွေဆီ ပေးပို့တဲ့ အကြောင်းကြား စာမှာ အခုလို အတည်ပြု ရေးသားထားတာ ဖြစ်ပါတယ်။
ABSDFအဖွဲ့နဲ့ ပတ်သက်ပြီး ဆိုင်းငံ့ထားတဲ့ လူဝင်မှုကြီးကြပ်ရေး အမှုတွေကိုလည်း မကြာခင် ပြန်လည် ဆောင်ရွက်ပေးတော့မယ်လို့လည်း ဒီပေးစာမှာ ဖော်ပြထားပါတယ်။
အမေရိကန်အစိုးရဟာ9/11 အကြမ်းဖက် တိုက်ခိုက်ခံရမှုနောက်ပိုင်း ကမ္ဘာတဝန်း လက်နက်ကိုင် အဖွဲ့အစည်း တော်တော်များများကို အကြမ်းဖက်အဖွဲ့ စာရင်းထဲ သွင်းပြီး စောင့်ကြည့်ခဲ့ပါတယ်။ အဲဒီထဲမှာ မြန်မာစစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့တချို့လည်း ပါဝင်ခဲ့ပါတယ်။
ဒီအတွက် ကုလသမဂ္ဂနဲ့ အမေရိကန်အစိုးရရဲ့ ပူးပေါင်း ဆောင်ရွက်မှု ဖြစ်တဲ့ ဒုက္ခသည် ဘဝသစ် ပြန်လည် ထူထောင်ရေး အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ခွင့် ရခဲ့သူတွေထဲက ABSDF ၊KNU ၊ CNF စတဲ့ အဖွဲ့တွေကို ပံ့ပိုးကူညီခဲ့ဖူးသူတွေကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာန က Green Card လို့ခေါ်တဲ့ အမြဲတမ်း နေထိုင်ခွင့်လက်မှတ် ထုတ်မပေးပဲ ဆိုင်းငံ့ထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ အမေရိကန်အစိုးရဟာ ABSDF ကို အကြမ်းဖက် အဖွဲ့အစည်း စာရင်းထဲကနေ ပယ်ဖျက်ပေးလိုက်ပြီ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး၊ အခု လူဝင်မှု ကြီးကြပ်ရေးဌာနရဲ့ ဆိုင်းငံ့မှုတွေ ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။
                       မြန်မာ့လူ့အခွင့်အရေးနေ့ ဘယ်လိုဖြစ်ပေါ်လာတာလဲ။
၁၉၈၇ ခုနှစ်၊ စက်တင်ဘာ (၅) ရက်နေ့မှာ (၂၅) ကျပ်တန်၊ (၃၅) ကျပ်တန်နဲ့ (၇၅) ကျပ်တန်ငွေတွေကို တရားမဝင် ကြေညာချလိုက်ပြီး၊ ပြည်တွင်းလှည့်လည်သုံးစွဲနေရတဲ့ ငွေကြေးရဲ့ ၈ဝရာခိုင်နှုန်း ဖြစ်တဲ့ ငွေကျပ်
သန်းပေါင်း (၆၅ဝဝ) ကျော်ကို အဓမ္မသိမ်းပိုက် ရယူပစ်လိုက်ပါတယ်။

လမ်းဘေးက ကန်စွန်းရွက်ရောင်းတဲ့သူကနေ တိုက်ကြီးပေါ်က ကုန်သည်ကြီးအထိ၊ ဝန်ထမ်းအမှု
ထမ်းတွေကနေ၊ ကျောင်းတက်နေရဆဲ ကျောင်းသူကျောင်းသားတွေအထိ တပြည်လုံး ဝရုန်းသုန်းကားဖြစ်
သွားခဲ့ရတဲ့အထိ အကြီးအကျယ် ထိခိုက်နစ်နာခဲ့ရပါတယ်။

ကျောင်းတက်နေဆဲ ကျောင်းသူကျောင်းသားတွေ အိမ်ပြန်စရာလမ်းစရိတ်တောင် မရှိတော့တဲ့ဘဝ
မခံချိမခံသာကျရောက်ခဲ့ရပါတယ်။ ကျောင်းသူ ကျောင်းသားတချို့ရဲ့ မကျေမနပ် ဆန့်ကျင်ဆန္ဒပြ အော်ဟစ်သံ လှုပ်ရှားမှုတွေ၊ မန္တလေးမြို့မှာ ပြည်သူလူထုရဲ့ ဆန့်ကျင်ကန့်ကွက် ပေါက်ကွဲ လှုပ်ရှားသံတွေ ကြိုကြားပေါ်ထွက်လာခဲ့ပါတယ်။

စစ်အစိုးရက ကျောင်းသူကျောင်းသားတွေကို ကျောင်းပိတ် အိမ်ပြန်စေလိုက်ပြီး ထွက်ပေါ်လာနိုင်တဲ့ အုံကြွမှုကိုလည်း အချိန်မီ အာဏာနဲ့
တားဆီးထိမ်းသိမ်းပစ်လိုက်နိုင်တဲ့အတွက် လူထုတိုက်ပွဲကြီးအထိ ရောက်ရှိမလာနိုင်တော့ပဲ ယာယီငြိမ်သက်သွားခဲ့ရပါတယ်။

ဒါပေမယ့် ပြည်သူလူထုကြီးတရပ်လုံးရဲ့ စစ်အစိုးရအပေါ် နာကျည်းမုန်းတီးစိတ်၊
လုံးဝအယုံအကြည်မရှိတော့တဲ့စိတ်၊ ဆန့်ကျင်တွန်းလှန် တုန့်ပြန်ချင်စိတ်တွေကို တဟုန်ထိုး မြှင့်ပေးလိုက်
သလိုဖြစ်သွားခဲ့ရပါတယ်။

အထွေထွေအကြပ်အတည်းပေါင်းစုံ၊ မကြေနပ်မပေါင်းစုံကနေ လူထုအုံကြွမှုကြီးတခုဆီ တာစူမိစပြုလာခဲ့ပြီဖြစ်ပါတယ်။ ပေါက်ကွဲလုနီးပါး အခြေအနေကြီးတရပ်ဟာ ဘက်ပေါင်းစုံ ဆိုက်
ရောက်လာခဲ့ပြီဖြစ်ပါတယ်။

ဦးနေဝင်း က အောက်တိုဘာ (၈) ရက်နေ့ မဆလဗဟိုကော်မီတီအစည်းအဝေးမှာ အကုန်လုံးခြံငုံပြီး ထည့်စဉ်းစားပြီးတော့ " မူသစ်ပြန်ချမှဖြစ်လိမ့်မယ်” လို့ပြောဆိုလာပါတယ်။ ပြောင်းလဲရေးကို ထပ်မံပြောဆိုလာပါတယ်။

ဒါပေမယ့် အချိန်က နှောင်းသွားခဲ့ပြီဖြစ်ပါတယ်။ ပြည်သူလူထုတရပ်လုံးရဲဥန အထွေထွေမကျေနပ်မှု
တွေက အမြင့်ဆုံးအဆင့် ရောက်ရှိနေပြီဖြစ်သလို၊ ဗမာပြည်ကြီးရဲ့ စီးပွားရေးအခြေအနေမှန်ကလည်း မဖုံးနိုင်
မဖိနိုင် ဖော်ပြလာခဲ့ပြီဖြစ်ပါတယ်။ စစ်အစိုးရဟာ ကြွေးတွေကိုလည်း ပြန်မဆပ်နိုင်တော့တဲ့အတွက် ဒေဝါလီ
ခံဖို့ပြင်ဆင်ပြီးပြီဖြစ်ပါတယ်။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်း “ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံ LDC”စာရင်းထည့်သွင်းပေးဖို့တရားဝင် လျှောက်ထားလိုက်ရပါတော့တယ်။

သူတောင်းစားနိုင်ငံ စာရင်းထည့်သွင်းပေးဖို့ လျှောက်ထားရာမှာတောင် တသက်လုံး လိမ်လာခဲ့တာ
တွေ၊ ခပ်တည်တည် ကြွေးကြော်လာခဲ့တာတွေ၊ မဟုတ်က ဟုတ်က ဝါဒဖြန့် ဖြီးဖြန်းလာခဲ့တာတွေက
အထပ်ထပ်ဖြစ်နေပြီး ကိုယ့်ရှူးကိုယ်ပတ် ရောင်ပြန်ဟပ်လာတော့ မနည်းကြီးကို တောင်းတောင်းပန်ပန်နဲ့
အထုပ်ဖြေပြခဲ့ရတဲ့အခြေအနေ ကြုံတွေ့ခဲ့ရပါတယ်။

စစ်အစိုးရရဲ့ ဖောက်ပြန်တဲ့ စီးပွာရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ မူဝါဒပေါ်လစီအသီးသီးရဲ့
အောက်မှာ တနေ့တခြား အကြပ်အတည်းပေါင်းစုံ ဆိုက်ခဲ့ရပြီး၊ ပြည်သူလူထုကြီးတရပ်လုံး အထွေထွေမကျေ
နပ်မှုပေါင်းစုံ တိုးတက်ဖြစ်ပေါ်နေရချိန်မှာ “ဖုန်းမော်အရေးအခင်းကြီး” စတင်ပေါ်ပေါက်လာခဲ့ပါတယ်။

၁၉၈၈ခုနှစ်၊ မတ်လ (၁၃) ရက်နေ့ညမှာ ဖြစ်ပါတယ်။
ရန်ကုန်စက်မှုတက္ကသိုလ်အနီး အနောက်ကြို့ကုန်းရပ်ကွက်ထဲရှိ “စန္ဒာဝင်းလဖက်ရည်ဆိုင်” ထဲမှာ
စက်မှုတက္ကသိုလ်ကျောင်းသား (၃) ဦးနဲ့ အရပ်သား (၄) ဦး ကက်ဆက်ခွေကိစ္စကို အကြောင်းပြုပြီး စကား
များရန်ဖြစ်ခဲ့ကြရာက ဇာတ်လမ်းစတင်ခဲ့တာဖြစ်ပါတယ်။

အရက်မူးနေတဲ့ အရပ်သားတွေက ကျောင်းသားတွေကို ဝိုင်းရိုက်လိုက်တဲ့အတွက် ကျောင်းသားတဦး ခေါင်းကွဲသွားခဲ့ပါတယ်။ ကျောင်းသားနှစ်ဦးက ကောင်စီရုံးသွားတိုင်ပါတယ်။ အမှုဖွင့်ပါတယ်။

လဖက်ရည်ဆိုင်ရဲ့ သက်သေခံထွက်ဆိုချက်အရ ရဲက ရန်ဖြစ်တဲ့ အရပ်သားတွေကို ဖမ်းတဲ့အခါ ညီညီလွင် ဆိုတဲ့ အရပ်သားလည်းပါလာပါတယ်။ ကောင်စီက ညီညီလွင် ကို မဖမ်းဖို့ပတ်သက်ရာ ပတ်သက်ကြောင်းအရ တားပါတယ်။ ရဲကဖမ်းသွားပေမယ့် နောက်နေ့မှာ ညီညီလွင်ကို လမ်းပေါ်မှာ ပြန်တွေ့ရတဲ့အတွက် ကျောင်းသားတွေက ကောင်စီရုံးညစ်တယ်လို့မြင်ပြီး ဒါမတရားမလို့ သဘော
ထားပါတယ်။

ရန်ပွဲဖြစ်ခဲ့တာက (၁၂) ရက်နေ့မှာဖြစ်ပြီး (၁၃) ရက်နေ့ညမှာ ကျောင်းသားတွေက ရပ်ကွက်
ကောင်စီရုံးဆီ ထပ်မံသွားကြပါတယ်။ ကောင်စီဥက္ကဋ္ဌက ရိုးရိုးသားသား မဖြေရှင်းပဲ နောက်ဖေးပေါက်ကနေ
ထွက်ပြေးပါတယ်။ ရပ်ကွက်ကောင်စီရဲ့ လုပ်ဆောင်မှုဟာ မသမာတာ ထင်ရှားနေပြီလို့ယူဆတဲ့ ကျောင်းသား
တွေဟာ မကျေမနပ် ပိုဖြစ်လာကြပါတယ်။

ဒီကြားထဲမှာ ညီညီလွင် ကိုသွားရှာကြရင်း မီးမှောင်ချထားတဲ့ရပ်ကွက်ထဲကအပြန်မှာ ကျောင်းသားနှစ်ယောက် ဓားခုတ်ခံလိုက်ရတဲ့အတွက် မကျေမနပ်ဖြစ်နေတဲ့ကျောင်းသားတွေက ရပ်ကွက် သမဝါယမဆိုင်ကို မီးစတင်ရှို့လိုက်ကြပါတယ်။

တရားမျှတမှုမရှိတဲ့ မဆလဥပဒေနဲ့ ဥပဒေကြောင်းအရ မှန်မှန်ကန်ကန် ဖြေရှင်းမပေးနိုင်မှုရဲ့ ရလဒ်အဖြစ် ကျောင်းသားနဲ့ရပ်ကွက်
ထိပ်တိုက်ဖြစ်လာရတဲ့သဘောဖြစ်ပါတယ်။

ကျောင်းသားနဲ့ အရပ်သား ပဋိပက္ခပြင်းထန်လာချိန်မှာ စစ်အစိုးရရဲ့ လုံထိန်းတွေ ဝင်ရောက်လာခဲ့
ပါတယ်။ ကျောင်းသားတွေကို သေနတ်နဲ့ချိန်ပြီး ကျောင်းဝင်းတံတိုင်းနားအထိ ကပ်လာခဲ့ကြပါတယ်။ အပေါ်
ကနေ ဘယ်လိုအမိန့်မျိုးကို သယ်ဆောင်လာခဲ့ကြသလဲဆိုတာ မသိရပေမယ့် သေနတ်နဲ့ထိုးချိန်ပြီး ကျောင်း
ဝင်းနားအထိ ကပ်လာခဲ့တဲ့ လုံထိန်းတို့ရဲ့ လက်တွေ့ပြုမူဖော်ပြပုံကို ကျောင်းသားများက ကန့်ကွက်ကြပါ
တယ်။

ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် မခွဲခြားပဲ ပြဿနာကို မစုံစမ်းမလေ့လာပဲ လုံထိန်းရဲတွေရဲ့
သေနတ်နဲ့ ထိုးချိန်ပြီးဝင်လာတဲ့အပေါ် မကျေမနပ်နဲ့ ကန့်ကွက်ကြပါတယ်။ လုံထိန်းတွေက သေနတ်နဲ့ပစ်ပြီး
စစ်အာဏာရှင်စနစ်ရဲ့ သရုပ်မှန်ကို ဖော်ပြလိုက်ပါတယ်။

စက်မှုတက္ကသိုလ်ဝင်းအတွင်း သေနတ်သံတွေပဲ့တင်ညံသွားရပါတယ်။ စက်မှုတက္ကသိုလ်ကျောင်းသား မောင်ဖုန်းမော် စက်မှုတက္ကသိုလ်ကျောင်းဝင်းအတွင်းမှာပဲ သေနတ်ဒဏ်ရာ အချက်ပေါင်းများစွာနဲ့ ပွဲချင်းပြီးသေဆုံးသွားရပါတယ်။
(မောင်ဖုန်းမော်နဲ့အတူသေနတ်ထိမှန် ဒဏ်ရာရခဲ့တဲ့ မောင်စိုးနိုင်လည်း သိပ်ရက်မကွာမီမှာပဲ သေဆုံးသွားရပါတယ်။)
စစ်အစိုးရရဲ့လူမဆန်မှုကြောင့် ဖုန်းမော်အရေးအခင်းကြီး ဖြစ်ပေါ်လာရပါတယ်။

မှန်မှန်ကန်ကန်အေးအေးချမ်းချမ်း ဖြေရှင်းလို့ရနိုင်တဲ့ပြဿနာကို စစ်အစိုးရကိုယ်တိုင်က လက်နက်အားကိုး လက်လွတ်
စပယ် အကြမ်းဖက်ယုတ်မာပြခဲ့တဲ့အတွက် ပေါ်ပေါက်လာခဲ့ရတာဖြစ်ပါတယ်။ဒီလိုမျိုး မြန်မာပြည်မှာ လူ့အခွင့်အရေးကို ချိုးဖေါက်မှုတွေကြောင့် ဖြစ်ပေါ်လာရတဲ့ အဖြစ်ဆိုးမှုကို နောင်လာနောက်သားတွေ ဆင်ခြင်သတိရနေအောင်လို့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကျဆုံသွားရတဲ့ မတ်လ(၁၃)ရက်နေ့ကို မြန်မာ့လူ့အခွင့်အရေးနေ့ အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။

ဝန်ခံချက်....ဤအဖြစ်အပျက် ဖြစ်ပေါ်ချိန်တွင် ကျွန်ုပ်သည် ၁၃နှစ်အရွယ်သာ ရှိပါသေးသည်။ ကိုဖုန်းမော်ကိုလည်း မမြင်ဖူးပါ။
ဤသမိုင်းကြောင်းကို ဝင်းတင့်ထွန်းရေးသားသော အမှောင်ထဲက မြန်မာပြည်စာအုပ်မှ လိုရင်းတိုရှင်း ကောက်နှုတ်တင်ပြခြင်းဖြစ်ပါသည်။ ထိုစာအုပ်မှ ဖေါ်ပြသောကြောင့် ကျွန်ုပ်သည် ကွန်မြူနစ်ဝါဒကို အားပေးခြင်းလည်း မဟုတ်ပါ။ ၁၉၈၈ အရေးအခင်းပြီးမှ မွေးဖွားသော လူငယ်များ မြန်မာ့လူ့အခွင့်အရေးနေ့ ဖြစ်ပေါ်လာပုံအကျဉ်းကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ဖေါ်ပြခြင်းသက်သက်သာဖြစ်ပါသည်။
အေးနန္ဒာအောင်
မြစ်ဆုံဆည် ဆက်လုပ်ရန် ဆွေးနွေးမှု နယ်ပယ်အသီးသီးမှ ကန့်ကွက်
 

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရပ်ဆိုင်းထားသည့် မြစ်ဆုံဆည် တည်ဆောက်မှုကို ပြန်လည်စတင်နိုင်ရန် ဆွေးနွေးနေသည့် သတင်းများ ကြားသိရ၍ ကန့်ကွက်မှုများလည်း နယ်ပယ်အသီးသီးမှ ထွက်ပေါ်လာသည်။

စီမံကိန်း ပြန်လည် စတင်မည်ဆိုသည်မှာ ပြည်သူလူထုဆန္ဒအား ဆန့်ကျင်သည့် လုပ်ရပ်အဖြစ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

"ဒါကတော့ ကျနော်တို့က ကန့်ကွက်ရမှာပဲ။ အခု ပြန်လုပ်မယ်ဆိုတဲ့ကိစ္စဟာ အင်မတန်ကို မိုက်ရိုင်းမှုလို့ ကျနော် ယူဆတယ်။ ဒီမိုကရေစီလို့သာ အော်တာ၊ လုပ်တာတခြား အော်တာတခြား ဖြစ်နေတယ်။ အဲဒီတော့ ပြည်သူ့ဆန္ဒကို ဆန့်ကျင်တာတော့ ကျနော် လုံးဝ သဘောမတူဘူး" ဟု မဇ္ဈိမကို ပြောသည်။

မြစ်ဆုံဆည် တည်ဆောက်မှု အမြန်ဆုံး ပြန်လည်စတင်နိုင်ရန် မြန်မာအစိုးရ ခေါင်းဆောင်များနှင့် ဆွေးနွေးနေကြောင်း တရုတ်စွမ်းအင်ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဋ္ဌ Lu Qizhou ၏ ပြောဆိုမှုကို China daily သတင်းစာ၏ အင်တာနက် စာမျက်နှာတွင် စနေနေ့က ဖေါ်ပြမှုကို ညွှန်းဆို၍ ဦးအုန်းက ပြောခြင်းဖြစ်သည်။
myintson
မြစ်ဆုံဆည် တည်ဆောက်မှုကို ပြန်လည်စတင်နိုင်ရန် ဆွေးနွေးနေသည့် သတင်းများ ကြားသိရ၍ ကန့်ကွက်မှုများလည်း နယ်ပယ်အသီးသီးမှ ထွက်ပေါ် (ဓါတ်ပုံ မဇ္ဈိမ)

မြစ်ဆုံဒေသတွင် ကမ္ဘာ့ရှားပါး ပန်းနှင့်သစ်ခွများ၊ အပင်များ၊ လိပ်ပြာများနှင့် တရိစ္ဆာန်များ ရှိနေ၍ "အဲဒီလောက်
ကောင်းတဲ့နေရာကို ဆည်ကြောင့် ပျက်ဆီးမယ်ဆိုရင် ကျနော်တို့ မလဲနိုင်ဘူး" ဟု ဦးအုန်းက မဇ္ဈိမကို ပြောသည်။

ထို့အပြင် ၂ဝ၁၁ ခုနှစ်ကတည်းက မြစ်ဆုံဆည် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ဦးဝင်းချိုကလည်း ဆက်လက် ကန့်ကွက်သွားရန် ပိုင်းဖြတ်ပြီးဖြစ်ကြောင်း "ကျနော်တို့ အရင်တုန်းက မလုပ်ဖို့ ကန့်ကွက်ခဲ့တယ်။ အဲဒီတော့ ကျနော်တို့ ကန့်ကွက်တာဟာ မှန်တယ်လို့ ယုံကြည်ထားတဲ့အတွက် မလုပ်ဖို့ ဆက်တားကို တားရမယ် ဆိုတာတော့
သေချာသွားပါပြီ။ တကယ့်ကို ကျနော်တို့ အစိုးရက မြစ်ဆုံဆည် ဆောက်ဖို့ စပြီဆိုတဲ့ အချိန်မှာတော့ ကျနော်တို့ တိတိကျကျကို ရင်ဆိုင်သွားပါမယ်" ဟု မဇ္ဈိမကို ပြောသည်။

မင်္ဂလာမြန်မာ NGO ၏ ဒါရိုက်တာနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူ ဒေါက်တာ ဖုန်းဝင်း ကမူ မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း
ရေး လုပ်ဆောင်နေသူများမှ တိကျသေချာသည့် သုတေသနများပြုလုပ်ကာ ဆုံးဖြတ်သင့်သည်ဟု ဆိုသည်။

"ကျနော်ကတော့ သုတေသနကို သေသေချာချာ လုပ်ပြီးတော့မှ အချက်အလက်တွေ စုံတော့မှ လုပ်သင့်တယ် မလုပ်သင့်ဘူး ဆုံးဖြတ်တာ ပိုကောင်းတယ်လို့ထင်တယ်။ လူထုက သဘောတူတယ်ဆိုရင် ဆက်လုပ်ရမယ်ပေါ့" ဟု မဇ္ဈိမကို ပြောသည်။

ဆောက်လုပ်နေသည့် ကုမ္ပဏီအား ဝိုင်းဝန်းရင်ဆိုင်ကြရန်နှင့် နိုင်ငံတကာဖိအားလည်း လိုအပ်ကြောင်း ကာတွန်းဆရာ
အော်ပီကျယ် က ဆိုသည်။

"ကျနော်တို့ တိုင်းရင်းသားတွေအားလုံး၊ ကချင် တိုင်းရင်းသားတွေရောပေါ့။ ကျနော်တို့ ဒီမြစ်ဆုံကိစ္စကို စဉ်းစားရင် ရင်ထဲမှာ နာပါတယ်။ ဒီဟာကို တရုတ်ကုမ္ပဏီနဲ့ ရင်ဆိုင်ဖို့အတွက် ပြည်သူတရပ်လုံးကရော၊ ပညာရှင်တွေကရော၊ အနုပညာသည်တွေကရော ဖြေရှင်းပေးဖို့ ကျနော်တို့ ဝိုင်းကူမှာပါ။ ဒီဟာက နိုင်ငံတကာ ဖိအားပါ လိုလာပါပြီ" ဟု မဇ္ဈိမကို ပြောသည်။

လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၆,၀၀၀ ထုတ်လုပ်နိုင်မည့် ဒေါ်လာ ၃၆ သန်းတန် မြစ်ဆုံဆည် စီမံကိန်း ဖေါ်ဆောင်ရခြင်းမှာ အမျိုးသားအကျိုးစီးပွားအတွက်ဟု လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက ၂ဝ၁၁ ခုနှစ်အတွင်းက ပြောဆိုခဲ့ခြင်းကို "သူတို့က သူတို့လုပ်ချင်တာတွေ စွတ်စွတ်ပြီး ပြောတယ်။ မျက်စိပိတ်ပြီးတော့ တိုင်းပြည်ရောင်းစားတဲ့ လူတွေရဲ့ အပြောကို ခင်ဗျားတို့ မယုံကြပါနဲ့။ ကျနော်တော့ လုံးဝမယုံဘူး။ အမျိုးသား အကျိုးစီးပွားဆိုတာ ကြားကောင်းအောင် အော်တာ။ အလကားပဲ။ ကျနော်တော့ လုံးဝ အယုံအကြည်မရှိဘူး" ဟုလည်း ဦးအုန်းက ဝေဖန်ပြောဆိုသည်။

မြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်လာပါက ပြည်သူ၏ သဘောထားကို ရယူက လွှတ်တော်တွင်း ကန့်ကွက်သွားမည်ဟုလည်း ၂ဝ၁ဝ ရွေးကောက်ပွဲဝင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ
ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

ဖေဖေါ်ဝါရီလအတွင်းက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် အောက်လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက တရုတ်နိုင်ငံ အမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ မစ္စတာ ဝူဘန်ကိုနှင့် တွေ့ဆုံစဉ် မြစ်ဆုံဆည် စီမံကိန်းကို သင်ခန်းစာယူကာ တရုတ်၊
မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေသည့် စီမံကိန်းများဖြစ်သော ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း လုပ်ငန်းများ၊ ကားလမ်းနှင့် မီးရထားလမ်း စီမံကိန်းကြီးများကို အောင်မြင်စွာ အကောင်အထည်
ဖေါ်နိုင်ရေးအတွက် ဆက်လက် တာဝန်ယူ ဆောင်ရွက်သွားမည်ဟု ကတိပေးခဲ့သည်ကို နိုင်ငံပိုင် သတင်းစာများက
ဖေါ်ပြခဲ့သေးသည်။

မစ္စတာ ဝူဘန်ကို ကလည်း မြစ်ဆုံဆည် တည်ဆောက်ရပ်ဆိုင်းရခြင်းမှာ အနောက်နိုင်ငံများမှ ပတ်ဝန်းကျင် ထိန်းသိမ်း
ရေး ကိစ္စများ၊ ရာသီဥတု ပြောင်းလဲမှုများကို အကြောင်းပြကာ စီးပွားရေး လုပ်ငန်းအချို့ကို အနှောက်အယှက် ပြုနေ သည်ဟု ဦးရွှေမန်းနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ၂၇ မိုင်အကွာတွင် တည်ရှိပြီး စီမံကိန်းကို အမှတ် ၁ လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ် China power Investment Corporation –CPI တို့ အကျိုးတူ
ဆောင်ရွက်နေရာ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့သည်။

ဆည်ကြောင့် မြစ်ဆုံ သဘာဝအလှ ပျောက်ကွယ်သွားနိုင်ခြင်း၊ မြစ်ညာပိုင်းရှိ တိုင်းရင်းသား ကျေးရွာများ ရေမြုပ်၍ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆုံးရှုံးပျက်စီးနိုင်ခြင်း၊ ရာသီဥတု ဖောက်ပြန်မှုကြောင့် မြောက်ဖျားရှိ
ရေခဲတောင်များ အရည်ပျော်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများ ဖြစ်ပေါ်လာစေနိုင်ပြီး အင်အားပြင်းထန်သည့် ငလျင်လှုပ်ခြင်းတို့ ဖြစ်ပေါ်လာပါက ဆည်ပျက်စီးပြီး ဆည်အောက်ပိုင်းရှိ မြို့ရွာများနှင့် ပြည်သူများ သေကြေ ပျက်စီးမှု ရှိနိုင်ခြင်း၊ ဧရာဝတီမြစ် ထိခိုက်ပျက်စီးနိုင်ခြင်းတို့ကြောင့် ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စိုးရိမ်ပူပန်မှုများကြောင့် ပြည်သူများ၏ ဆန္ဒကို အလေးထားသောအားဖြင့် မိမိတို့ အစိုးရ လက်ထက်တွင်
ဆောက်လုပ်ခြင်းမပြုရန် သမ္မတဦးသိန်းစိန်မှ ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ အတွင်းက ဆုံးဖြတ်ခဲ့သည်။

Tuesday, March 6, 2012

                       တိုင်းရင်းသား လွှတ်တော်အမတ်တွေနဲ့ ဒေါ်စု တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ပါတီ အမတ်များ နေပြည်တော်တွင် တွေ့ဆုံစဉ်
(ဓာတ်ပုံ- ရိုက်တာ)
(ဓာတ်ပုံ- Ap)
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေက လွတ်တော် ကိုယ်စားလှယ်တချိုနဲ့ နေပြည်တော်မှာ ဒီကနေ့ မနက်က တွေ့ဆုံခဲ့ပြီး တိုင်းရင်းသား ဒေသတွေတွင်း ငြိမ်းချမ်းရေး ၊ တန်းတူညီမျှ အခွင့်ရေး ခံစားခွင့်တွေရှိရေး ကိစ္စအပြင် စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု နိုင်ငံကြီး ဖြစ်လာရေး အခြေအနေတွေပေါ် ဆွေးနွေး ပြောဆို ခဲ့ကြပါတယ်၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေဆုံမှု အခြေအနေ အပြည့်အစုံကိုတော့ မသင်းသီရိက ဆက်ပြောပြပေးမှာပါ၊
ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေးခရီး အဖြစ် နေပြည်တော်ကို ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မတ်လ ၆ရက် အင်္ဂါနေ့ မနက် ၇ နာရီက နေပြည်တော်မှာရှိတဲ့ ကုမုဒြာ ဟော်တယ်မှာ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာပါ၊ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူလနေပြည်တော် အစီအစဉ်ထဲမှာ မပါဘဲ ကြားဖြတ် အစီအစဉ်တခုအနေနဲ့ အခုလို တိုင်းရင်းသား အဖွဲတွေနဲ့ တွေ့ဖို့ စီစဉ်လိုက်တာ ဖြစ်တယ်လို့ NLD ပါတီက ပြောပါတယ်၊
တိုင်းရင်းသား အဖွဲ့တွေထဲကဆိုရင် ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ၊ ပအို့ အမျိုးသား အဖွဲ့၊ ပလောင်ပါတီ၊ ၀- ဒီမိုကရေစီ ပါတီ၊ ချင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဖလုံစဝေါပါတီတွေက လွှတ်တော်ကိုယ်စားလှယ် နဲ့အတူ ရှမ်းကျားဖြူပါတီက လွတ်တော်ကိုယ်စားလှယ်တချို့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ခဲ့ကြတာပါ၊
ဒီတွေ့ဆုံမှုတွင်း တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းမှု ရရှိရေး၊ ပြည်မ ပြည်နယ်မခွဲခြားဘဲ တန်းတူညီမျှတဲ့ အခွင့်အရေး ခံစားပိုင်ခွင့်ရှိရေးတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့သဘောထားတွေကို ရှင်းပြခဲ့တယ်လို့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက ပြောပါတယ်၊
“ဗမာဆိုတာလည်း တိုင်းရင်းသားလူမျိုးတမျိုးဖြစ်ပါတယ်။ ပြီးတော့ တိုင်းပြည်မှာ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဆိုရင် စစ်မှန်တဲ့ ဖက်ဒရယ်မူကို လက်ခံဖို့ လိုပါတယ်။ ဖက်ဒရယ်မူဆိုတာဟာ ပြည်ထောင်စုကြီးကနေ ခွဲထွက်သွားမယ့် အခြေနေ မဟုတ်ပါဘူး။ ကိုယ့်လူမျိုးအလိုက် အုပ်ချုပ်ဖို့ ဖြစ်ပါတယ်။ ကချင်မှာဆိုရင် ကချင်ပြည်နယ်မှာ ကချင်လူမျိုးတွေ စီမံခန့်ခွဲ အုပ်ချုပ်မယ်၊ ကရင်ပြည်နယ်မှာ ကရင်လူမျိုးတွေ စီမံခန့်ခွဲအုပ်ချုပ်မယ်၊ အဲဒီလိုစနစ်မျိုးနဲ့ သွားဖို့အတွက် ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောဆိုခဲ့ပါတယ်”။
ဧပြီလ ၁ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ကာ NLD ပါတီက ၀င်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော်နိုင်ငံရေးထဲ ပါဝင်လာတော့မှာမို့ လွှတ်တော်တွင်း အခြေအနေတချို့ကိုလည်း ပြောဖြစ်ကြတယ်လို့လည်း ပြောပါတယ်၊
“လွှတ်တော်နဲ့ ပတ်သက်လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း လွှတ်တော်နိုင်ငံရေးထဲမှာ လျှောက်လှမ်း လာပြီ။ ဒီ့အတွက်ကြောင့် လွှတ်တော်ထဲရောက်ရင် အားလုံး လက်တွဲပြီးတော့ လုပ်ဆောင်သွားမယ်၊ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေဟာလည်း လွှတ်တော်မှာ ၁နှစ်ကျော်ကျော် တွေ့ကြုံခဲ့ပြီးဖြစ်လို့ လွှတ်တော်နဲ့ပတ်သက်လို့ လိုအပ် တာတွေ သိသင့်သိထိုက်တာတွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်လာတဲ့ အခါကျရင် ပြောပြပေးပါ၊ ဒီလောက်ပဲ ပြောပြဖြစ်ပါတယ်။”
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုး ပါရှင်၊ အထူးသဖြင့် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကြီးပေါ်ပေါက်လာရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လွတ်တော်ထဲရောက်လာကြမယ့် NLD ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ အတူ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်လို့ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ က လွတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင့် က ပြောပါတယ်၊
“တန်းတူညီမျှမှုဆိုတာကို ကျနော်တို့ လက်ခံထားတယ်။ တန်းတူညီမျှမှုမရှိခဲ့လို့လည်း ကျနော်တို့နိုင်ငံသမိုင်းဟာ မလှပခဲ့ဘူးလို့လည်း ပြောပြလိုက်တယ်။ ရှေ့ဆက် ပြီးတော့လည်း အန်တီစုအနေနဲ့ တန်းတူမှုကို ဖော်ပြလိမ့်မယ် လို့လည်း ကျနော်တို့က ပြောပြလိုက်ပါတယ်။ လွှတ်တော်ရောက်ရင်လည်း ကျနော်တို့ ဒီမိုကရေစီပါတီအနေနဲ့ ပူးတွဲပြီးတော့ နိုင်ငံရေးကိစ္စတွေ ဆောင်ရွက်သွားဖို့ တင်ပြထားပါတယ်။ ပါတီတွေအနေနဲ့ အားကောင်းအောင် လွှတ်တော်ထဲ ဒေါ်အောင်ဆန်းစုကြည်ရောက်လာရင် နိုင်ငံရေးအခင်းအကျင်းပိုပြီးတော့ ကောင်းလာမယ်လို့ တင်ပြကြပါတယ်။ ဒေါ်စုကတော့ ပြောပါတယ်။ အကုန်လုံး နိုင်ရင်တောင်မှ ရှေ့ဆက်သွားမယ့်နိုင်ငံရေးကိစ္စတွေမှာ လွှတ်တော်ထဲ ရောက်ရင် ကျနော်တို့နဲ့ ပူးပေါင်း လက်တွဲပြီး လုပ်ဆောင်သွားမယ်လို့ ပြောတာကြောင့် ဒါကို ကျနော်တို့က နွေးနွေးထွေးထွေးကြိုဆိုပါတယ်။”

ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင့် ပါ၊ NLD ပါတီရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် ခရီးတွေထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုနေပြည်တော်ခရီးစဉ်မတိုင်ခင် ရှမ်းပြည်နယ် ကချင်ပြည်နယ်တွေကိုလည်း သွားခဲ့ပါ သေးတယ်၊ တိုင်းရင်းသားအရေးကို ပိုပြီးဆောင်ရွက်နိုင်ဖို့အတွက် တိုင်းရင်းသားဒေသတွေက လစ်လပ် မဲဆန္ဒနယ် အားလုံးကို NLD က ၀င်ပြိုင်ဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သလို တိုင်းရင်းသား နယ်မြေတွေမှာ သာယာငြိမ်းချမ်းမှု နဲ့အတူ အေးချမ်းလုံခြုံရှိတဲ့ ဘ၀တွေကို ပိုင်ဆိုင်နိုင်ဖို့ သူ့ အနေနဲ့ အတတ်နိုင်ဆုံး တာဝန်တွေကို ကြိုးစား ထမ်းဆောင်သွားမယ်လို့လည်း စည်းရုံးရေးခရီးစဉ်တွေမှာ ထည်သွင်းပြောကြားသွားပါတယ်၊

Copy from - voanews.com

Saturday, March 3, 2012

တိုင်ရီ အလုပ်သမားများကို တနာရီ ၁၂၀ ပေးရန် ဝါဏိဇ္ဇခုံရုံးဆုံးဖြတ်

ချင်းမိုင်(မဇ္ဈိမ) ။ ။ လှိုင်သာယာမြို့နယ် စက်မှုဇုံ (၃) ရှိ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများကို အခြေခံလစာ ၅၁,ဝဝဝ ပေးရန် ဝါဏိဇ္ဇပဋိပက္ခဖြေရှင်းရေး ကော်မတီက ကြာသာပတေးနေ့တွင် ဆုံးဖြတ်လိုက်ခြင်းကြောင့် တနာရီလုပ်ခ ၁၂ဝ ကျပ် ရရှိမည်ဖြစ်သည်ဟု အလုပ်သမားများ၏ ဥပဒေ အတိုင်ပင်ခံရှေ့နေ ကိုဖိုးဖြူက မဇ္ဈိမကို ပြောသည်။

"ဝါဏိဇ္ဇပဋိပက္ခကို တင်တဲ့အခါမှာ ဆုံးဖြတ်ချက်တွေကို ကျနော်တို့ စေ့စေ့ပေါက်ပေါက် တွက်ကြည့်လိုက်တဲ့အခါမှာ တနာရီကို ၁၂ဝ နှုန်းလောက် ကျတယ်။ တနာရီကို ကျပ် ၂ဝ တိုးပေးတဲ့သဘောပေါ့" ဟု မဇ္ဈိမကို ပြောသည်။

အလုပ်သမားများ ၁,၈ဝဝ ကျော်ကို ကိုယ်စားပြု အလုပ်သမားခေါင်းဆောင် ၄၅ ဦးက တနာရီလျှင် ၁၅ဝ ကျပ် ပေးရန်
တောင်းဆိုထားသော်လည်း ယခုဆုံးဖြတ်ချက်သည် သင့်တင့်သည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု ကိုဖိုးဖြူက ပြောသည်။
taiye
ဖေဖေါ်ဝါရီ ၆ ရက်နေ့မှ စတင်သပိတ်မှောက်ခဲ့သော လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်သမားများကို ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

"အလုပ်သမားကိုယ်စားလှယ်တွေကတော့ ဒါဟာ သူတို့ ရသင့်တဲ့ အတိုင်းအတာလောက်အထိ မရသည့်တိုင်အောင် သင့်တင့်လျောက်ပတ်တယ်လို့ သူတို့ ယူဆပါတယ်" ဟု ပြောသည်။

ဝါဏိဇ္ဇပဋိပက္ခ ခုံရုံး၏ ဆုံးဖြတ်ချက်ကြောင့် ဝင်ငွေ ၂ဝ,ဝဝဝ ခန့် တိုးလာသော်လည်း အလုပ်သမားများ နှစ်ကုန်လျှင် တလစာ ရရှိမည့် ရက်မှန်ကြေးနှင့် လုပ်သက်ကြေးတို့မှာ ရရှိတော့မည်မဟုတ်ကြောင်း အလုပ်သမားခေါင်းဆောင် မမိုးဝေက ပြောသည်။

လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင်သာယာရေး တောင်းဆိုချက်များကို ဝါဏိဇ္ဇပဋိပက္ခ ခုံရုံးက ဆုံးဖြတ်ပေးမှု မရရှိခြင်း
ကြောင့် "လုပ်ငန်းခွင် သာယာရေး စည်းမျဉ်းစည်းကမ်းတွေကို အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ
ညှိနှိုင်းပြီးတော့ ထုတ်ပြန်ဖို့ဆိုတဲ့ အချက်ကိုတော့ ဝါဏိဇ္ဇက အသိအမှတ် မပြုပါဘူး။ ဒါဟာ ကောင်းတဲ့ အလားအလာ
တော့ မဟုတ်ပါဘူး။ ကျနော်တို့ ရေရည် အစဉ်တစိုက် ဆက်လက်ပြီးတော့ ကြိုးစားရဦးမယ့် ကိစ္စပဲဖြစ်ပါတယ်" ဟု အလုပ်သမားအရေး အတိုင်ပင်ခံရှေ့နေ ကိုဖိုးဖြူက ပြောသည်။

ဆန္ဒပြအလုပ်သမားများသည် ဗုဒ္ဓဟူးနေ့မှစ၍ လုပ်ငန်းခွင်အတွင်း ပြန်လည်ဝင်ရောက် လုပ်ကိုင်နေကြပြီဖြစ်ပြီး အလုပ်သမားများ၏ အခွင့်အရေးများ တိုးမြှင့်ရရှိအောင် လုပ်ငန်းခွင်အတွင်းမှ ဆက်လက်တောင်းဆို သွားမည်ဟု ဆိုသည်။

တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများသည် လုပ်ခ တနာရီလျှင် ၁၅၀ ကျပ်၊ ရက်မှန်ကြေး ၈,၀၀၀ ကျပ် ပေးရေး အပါအဝင် အခြား လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင် သာယာရေး တောင်းဆိုချက်များကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့ ကတည်းက တောင်းဆိုထားသော်လည်း အလုပ်ရှင်မှ လိုက်လျောခြင်းမရှိသည့်အတွက် ဝါဏိဇ္ဇပဋိပက္ခကော်မတီ ခုံရုံးသို့ ၂၂ ရက်နေ့တွင် တင်သွင်းလျှောက်ထားခဲ့ကြခြင်း ဖြစ်သည်။

အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖေဖေါ်ဝါရီလ ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံ့ဝန်ထမ်းများကို လစာတိုးပေးရန် အဆိုပြုတောင်းဆိုခဲ့သော်လည်း ဘဏ္ဍာရေးဝန်ကြီးမှ ငြင်းပယ်ခဲ့သည်။

ထို လစာတိုးပေးရေး ဆွေးနွေးမှုများကြောင့် ကုန်ဈေးနှုန်းများ ရုတ်တရက် တက်လာသည်ဟုလည်း အစိုးရ သက်တမ်းတနှစ်ပြည့် သမ္မတမိန့်ခွန်းတွင် ကြာသပတေးနေ့က ထည့်သွင်းပြောသွားသည်။
၆၂ စစ်အာဏာသိမ်း ရွှေရတုနှင့် ဗကပ အမြင်

(ဗကပ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်း နှင့် အင်တာဗျူး)

၂၀၁၂ ခုနှစ် မတ်လ ၂ ရက်နေ့သည် ၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော စစ်အာဏာသိမ်းမှု နှစ် ၅၀ ပြည့်သည့်နေ့ ဖြစ်သည်။ ဦးနေဝင်း ခေါင်းဆောင်သည့် မဆလ လမ်းစဉ်ပါတီခေတ်ကို ၁၉၈၈ ဒီမိုကရေစီ အုံကြွမှုဖြင့် ဖျက်သိမ်းနိုင်ခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ဦးစီးသည့် နဝတ၊ နအဖ စစ်အစိုးရများ ဆက်လက်အုပ်စိုးလာခဲ့ကြသည်။

ယနေ့ကာလတွင် ၂ဝဝ၈ အခြေခံဥပဒေအရ ၂ဝ၁ဝ ရွေးကောက်ပွဲမှ ရွေးချယ်တင်မြှောက်လိုက်သည့် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရသစ် အုပ်ချုပ်နေသည်မှာ တနှစ်ပြည့်မြောက်ပြီးလည်း ဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) အမြင်တွင်မူ ယနေ့ သမ္မတ ဦးသိန်းစိန်အစိုးရထိပင် စစ်အုပ်စု၊ စစ်အစိုးရနှင့် စစ်အာဏာရှင် စနစ်တို့သာ စိုးမိုးလျက်ရှိသည်ဟု ဆိုသည်။ မြန်မာပြည် နိုင်ငံရေးတွင် သက်တမ်းအရင့်ဆုံး ပါတီကြီးဖြစ်သည့် ဗကပ အဘယ့်ကြောင့် ဒီလိုပြောနိုင်သနည်း။ အစိုးရအဆက်ဆက်နှင့် ဗကပ ဆက်ဆံရေးအတွေ့အကြုံအပေါ်မူတည်၍ စစ်အာဏာရှင်စနစ်ဟူ၍ မည်သို့ဖွဲ့တည်လာပုံ၊ ထိုစနစ်ကြောင့် တိုင်းပြည်ထိခိုက်နစ်နာရပုံနှင့် လက်ရှိ ဦးသိန်းစိန် အစိုးရ အပေါ် အမြင်တို့ကို သိရှိနိုင်ရန် ဗကပ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းအား မဇ္ဈိမ သတင်းထောက် ကိုပေါက် က ဆက်သွယ်မေးမြန်းထားသည်။

ဗကပ ကို အင်္ဂလိပ်လက်ထက် ၁၉၃၉ ခုနှစ်က မြေအောက်ပါတီအဖြစ် စတင်ထူထောင်ပြီးချိန်မှစ၍ မြေပေါ်ပါတီအဖြစ် သုံးနှစ်သာ ရပ်တည်နိုင်ခဲ့သည်။ မြေအောက်ပါတီအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟု သိရသည်။

စစ်အာဏာရှင်စနစ် ရှိနေဆဲလား။ ရှိဆဲဆိုရင် ဘာ့ကြောင့် ရှိနေဆဲလို့ ပြောနိုင်ရလဲ။ ဘယ်လိုပုံသဏ္ဍာန်နဲ့ ရှိနေတယ်လို့ ပြောနိုင်မလဲခင်ဗျ။

ဒီနေ့ ဗမာနိုင်ငံမှာ အာဏာရယူထားတဲ့ ဗိုလ်ချုပ်ဦးသိန်းစိန်အစိုးရဟာ စစ်အစိုးရပဲ ဖြစ်ပါတယ်။ အဝတ်အစားတွေ၊ အခေါ်အဝေါ်အသုံးအနှုန်းတွေ ဘယ်လိုပဲ ပြောင်းလဲထားပါစေ အပေါ်ယံနဲ့ အတွင်းအနှစ်သာရကို ခွဲကြည့်တတ်ကြဖို့ လိုပါတယ်။ ဒါဟာ နိုင်ငံရေးလုပ်သူတွေရဲ့ အရည်အချင်း၊ `ရိုးသားမှုစတာတွေနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။

သူတို့ အာဏာတက်လာတာဟာ ရွေးကောက်ပွဲနဲ့တက်လာတာလို့ ပြောကောင်း ပြောပါမယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲဟာ အလိမ်အညာ၊ အညစ်အပတ်ဖြစ်တယ်ဆိုတာ ပြည်တွင်းပြည်ပက အားလုံးသိပါတယ်။ ဗမာပြည်သူလူထုကပိုသိ ပါတယ်။ အဲဒီလောက် ပြောင်ကျတဲ့ ညစ်ပတ်မှုတခုကို ဘာလို့ လုပ်လို့ရသွားတာလဲဆိုတော့ ရှင်းပါတယ်။ သေနတ်ရှိလို့ပါ၊ တနည်းပြောရရင် ရွေးကောက်ပွဲဟာ သေနတ်အင်အားနဲ့ အဆုံးအဖြတ် ပေးသွားတဲ့ အာဏာသိမ်းမှုတမျိုးပါပဲ။

ပြဿနာတခုက တချို့လူတွေဟာ ဗိုလ်ချုပ်သိန်းစိန်ကနေ ဦးသိန်းစိန်လို့ အခေါ်အဝေါ် ပြောင်းလိုက်တာကို
ထောက်ပြပြီး စစ်အစိုးရမဟုတ်တော့ဘူးလို့ ပြောနေကြတယ်။ ဗိုလ်ချုပ်နေဝင်းကနေ ဦးနေဝင်း လုပ်လိုက်တုန်းက
တော့ အဲဒီလို မပြောကြဘူး။ ဦးနေဝင်းရဲ့ မဆလ ဝန်ကြီးအဖွဲ့၊ လွှတ်တော်ထဲမှာလည်း ‘အရပ်သား’မျိုးစုံ ပါတာပဲ မဟုတ်လား။

စစ်တပ်က အာဏာကို ထိန်းထားတယ်လို့ပြောတဲ့အကြောင်း
“ဗမာပြည်ဟာ ဗိုလ်နေဝင်းလက်ထက်မှာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်သွားပြီး ဗိုလ်သန်းရွှေတို့ လက်ထက်မှာ ကမ္ဘာပေါ်မှာ အကျင့်ပျက် လာဘ်စားမှု အများဆုံးနိုင်ငံ သုံးနိုင်ငံစာရင်းထဲ ပါသွားတာကိုပဲ ကြည့်ပါ”

တွေထဲမှာ စစ်တပ်နဲ့ အရပ်ဝတ်လဲထားတဲ့ စစ်ဗိုလ်ချုပ်တွေ
က ရာခိုင်နှုန်း ၉၀ ကျော် ပါဝင်တဲ့ ကာ/လုံအဖွဲ့ ဆိုတာကြီး
တည်ရှိနေတာလည်း ပါပါတယ်။ ဒီအဖွဲ့ကြီးဟာ အာဏာ
သိမ်းခြင်းနဲ့ အရေးပေါ် အခြေအနေ ကြေညာခြင်းတို့လို အရေးကြီးတဲ့အရာတွေ ဆုံးဖြတ်နိုင်ပြီး အဲဒီအဖွဲ့ကို
လွှတ်တော်က ဘာမှ ချုပ်ကိုင်နိုင်စွမ်း မရှိပါဘူး။

ဒီအစိုးရထဲမှာ ‘အရပ်သား’တွေလည်း ပါတယ် ဆိုပေမယ့် အရေးပါတဲ့ သမတ၊ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊
ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးစတဲ့ နေရာတွေကို စစ်ဗိုလ်နဲ့စစ်ဗိုလ်‘ထွက်’ တွေကသာ စီးထားတယ်ဆိုတာ သတိထားသင့် ပါတယ်။ နောက်ပြီး ကာ/လုံထဲမှာ ပါခွင့်ရှိတဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနလိုဟာကိုလည်း အဲဒီလို လူတွေကသာ ချုပ်ကိုင်ထားပါတယ်။

ဦးသိန်းစိန်ရဲ့ အစိုးရဖွဲ့စည်းမှုမှာ စစ်တပ်နဲ့ မပတ်သက်သူ ဆိုတာဟာ ရုပ်ပြသာသာပဲ ပါပါတယ်။ အသုံးချတာ သက်သက် ဖြစ်ပါတယ်။

စစ်အုပ်စုမျိုးဆက် ဘယ်နှစ်ဆက် ရှိပြီလို့ ပြောနိုင်မလဲ။ ဒီမျိုးဆက်တွေကို ဘယ်ဗိုလ်/ဘယ်သူတွေက ကိုယ်စားပြု ခဲ့ကြလဲဗျာ။

ဗမာပြည်က စစ်တပ်မှာ စစ်အုပ်စု ဘယ်နှစ်ဆက်ရှိခဲ့ပြီလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ ပြောရတာ နည်းနည်းခက်ပါ လိမ့်မယ်။ လူတယောက်နဲ့တယောက် အမြင်ချင်း တူချင်မှ တူပါလိမ့်မယ်။ ဖဆပလ အဖွဲ့ကြီးထဲမှာ ကိုယ့်အစုလေးနဲ့ ကိုယ် အစုဖွဲ့တယ် ဆိုတာကတော့ ပြဿနာရှိပါတယ်။ အဲဒီဂိုဏ်းဂဏဖွဲ့မှုဟာ စစ်တပ်ထဲမှာလည်း ရောင်ပြန်ဟပ်ပြီး ဗိုလ်နေဝင်းနဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး စသူတွေက အဓိက ခေါင်းဆောင်ခဲ့တဲ့ ပထမဆုံး စစ်အုပ်စု ပေါ်ပေါက် ခဲ့ပါတယ်။ ဒီစစ်အုပ်စုဟာ တပ်ထဲကနေ ဗိုလ်ချုပ်စမစ်ဒွန်းကို ထုတ်ပစ်တာ၊ ဗိုလ်မှူးချုပ်ကျော်ဇောကို ပ'ထုတ်တာ စတာတွေ လုပ်ပြီးနောက် တပ်ကို သူတို့ ကောင်းကောင်းအုပ်စိုးမိပြီးလို့ ယူဆတာနဲ့တပြိုင်ထဲ ၁၉၅၈ ခုနှစ်မှာ ပထမဆုံး အာဏာသိမ်းမှုကို လုပ်တော့တာ ဖြစ်ပါတယ်။ ဒါဟာ တိုင်းပြည် လွတ်လပ်ရေးရပြီးလို့ ၁ဝ နှစ် ပြည့်တဲ့ အခါမှာ ပေါ်ပေါက်တဲ့ စစ်တပ်အာဏာသိမ်းမှု ဖြစ်ပါတယ်။

ဒီ ပထမဆုံး စစ်အုပ်စုမျိုးဆက်ဟာ ဗမာပြည်မှာ စစ်တပ်က အာဏာယူတဲ့ အစဉ်အလာကို တည်ထောင်တဲ့ မျိုးဆက် ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုနဲ့ ၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူလူထုက တည်မြဲဖဆပလ၊ ဆိုရှယ်လစ် အဆက်အနွယ်တွေကို လုံးဝ လက်မခံနိုင်ကြောင်း ခါးခါးသီးသီး ဖော်ပြလိုက်တော့ ဗိုလ်နေဝင်းဟာ သူ့စစ်တပ်ထဲကနေ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ရွှေ၊ ဗိုလ်ကြည်ဝင်း၊ ဗိုလ်သိမ်းတုတ် စတဲ့ ဆိုရှယ်လစ်ပါတီအနွယ် ထိပ်သီး ၁၃ ယေက်ကို တပ်ထဲက ထုတ်ပစ်လိုက်ပါတယ်။ ဒီ မဆလ ခရီးကြောင်းကို လျှောက်ကြသူတွေဟာ ဒုတိယ မျိုးဆက်ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

တတိယ မျိုးဆက်ကတော့ ဗိုလ်နေဝင်း၊ (သူခန့်အပ်တဲ့) ဗိုလ်စောမောင်၊ ဗိုလ်ခင်ညွန့်တို့ကို ခြေလှမ်းတဆင့်ပြီးတဆင့် ဖယ်ရှားပြီး အာဏာချုပ်ကိုင်ခဲ့တဲ့ ဗိုလ်သန်းရွှေ အမှူးပြုတဲ့ မျိုးဆက် ဖြစ်ပါတယ်။ အဲဒီမျိုးဆက်ဟာ ဒီနေ့ ဗိုလ်သိန်းစိန် အထိပဲလို့ ဆိုချင်ပါတယ်။ ဗိုလ်သိန်းစိန်ဟာ ဗိုလ်သန်းရွှေက ယုံကြည်စိတ်ချစွာ တင်မြှောက်ခဲ့တဲ့ ဆက်ခံသူ (protege) ဖြစ်ပါတယ်။ သူ့ဖာသာ သီးခြားကင်းလွတ်စွာနဲ့ မိုးပေါ်က ကျလာသူ၊ ဒါမှမဟုတ် မြေကြီးထဲက ထွက်လာသူ မဟုတ်ပါဘူး။

စစ်အုပ်စုဝင်အချင်းချင်း ဘယ်လိုပဋိပက္ခတွေ ရှိခဲ့ဖူးလဲ။ ဒါတွေဟာ ဘာအပေါ်မှာ အခြေခံ ဖြစ်ကြလဲခင်ဗျ။

စစ်အုပ်စုတွင်း ကွဲတာတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပါတယ်။
“စစ်အုပ်စုဆိုတာ သန္ဓေဘဝကတည်းက ဂိုဏ်းအုပ်စုအသွင် ဆောင်ခဲ့တာဆိုတော့ တလျှောက်လုံး အဲဒီလက္ခဏာရှိပါတယ်။ ဒါပေမယ့် ဗမာပြည် သမိုင်းမှာ အာဏာရ ထိပ်သီး စစ်ဗိုလ်တွေအကြား အာဏာကို အရပ်သားလက် လွှဲပြောင်း ပေးချင်သူနဲ့ လွှဲပြောင်းမပေးချင်သူအကြားက အကွဲအပြဲ ဆိုတာကတော့ မရှိသလောက် ရှားပါတယ်”

ဒါပေမယ့်နိဂုံးချုပ်လိုက်ရင်တော့ ဓါးပါတဲ့ကုလား၊ တပ်ကို ကိုင်ထားနိုင်သူက စားသွားတာချည်း ဖြစ်ပါတယ်။ အစောဆုံး အကွဲဟာ ၁၉၄၈ ခုနှစ်မှာ ဗိုလ်ဇေယျတို့တတွေ တောခိုတုန်း
က ဖြစ်ပါတယ်။ ဗိုလ်ဇေယျ တို့ကလည်း လက်နက်ကိုင်ပြီး
တောခိုသွားတာဆိုတော့ ဓားပါတဲ့ ကုလားက မစားလိုက်ရ
ပါဘူး။ တပ်ထဲကနေ အစုလိုက်အပြုံလိုက် ထုတ်ပစ်တယ် ဆိုတာဟာ ကွဲတာပါပဲ။ တာဝန် သိပ်ကြီးတဲ့ ထိပ်သီးတဦး
တည်းကို၊ ဥပမာ ဗိုလ်ခင်ညွန့်လိုလူကို ထုတ်ပစ်တာဟာ
လည်း တပ်ထိပ်သီးပိုင်းမှာ ကွဲတဲ့ အဓိပ္ပါယ်ပါပဲ။ သူတို့ချင်း ကွဲတာပြဲတာတွေမှာ အများစုဟာ ဂိုဏ်းဂဏကြောင့်
ဖြစ်ပါတယ်။ စစ်အုပ်စုဆိုတာ သန္ဓေဘဝကတည်းက ဂိုဏ်းအုပ်စုအသွင် ဆောင်ခဲ့တာဆိုတော့ တလျှောက်လုံး အဲဒီလက္ခဏာရှိပါတယ်။ ဒါပေမယ့် ဗမာပြည် သမိုင်းမှာ အာဏာရ ထိပ်သီးစစ်ဗိုလ်တွေအကြား အာဏာကို အရပ်သားလက် လွှဲပြောင်း ပေးချင်သူနဲ့ လွှဲပြောင်းမပေးချင်သူ အကြားက အကွဲအပြဲဆိုတာကတော့ မရှိသ
လောက် ရှားပါတယ်။ အဲဒီလိုသဘောထားရှိသူဟာ ထိပ်သီး ဖြစ်မလာနိုင် ပါဘူး။ သူတို့ စစ်တပ်တွင်းမှာ စိုင်ကော်
လို့ ခြုံပေါ်ရောက်လာတယ်ဆိုတာမျိုး မရှိပါဘူး။ အောက်အဆင့်ဆင့်မှာ စမ်းသပ်ခံပြီးမှ ထိပ်ပိုင်း ရောက်လာ ကြတာတွေ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ကြောင့် တိုင်းပြည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘယ်လို အနှောက်အယှက် အတားအဆီးတွေ ဖြစ်ခဲ့လဲခင်ဗျ။

အတိုပြောရရင် တိုင်းပြည်နာပါတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အဖက်ဖက်ပါပဲ။ ကြာလွန်းတော့ ဒေါင့်စေ့တယ်လို့တောင် ပြောနိုင်ပါတယ်။ စစ်အရာရှိတွေက နေရာလပ် မကျန်အောင် ဝင်ပြီး
နေရာယူခဲ့/ထားတော့ နေရာလပ် မကျန်အောင် နစ်နာပါတယ်။

စီးပွားရေးမှာ သူတို့အခြေခံတာဟာ သူတို့ရဲ့ ပုဂ္ဂလိက အကျိုးစီးပွားဖြစ်ပြီး သူတို့ရဲ့ စစ်တပ်ကို တောင့်တင်းသထက်
တောင့်တင်းအောင် တည်ဆောက်ရေးကို ဦးတည်ပါတယ်။ နိုင်ငံတော် ကြွယ်ဝချမ်းသာရေး၊ ပြည်သူပြည်သားအကျိုး စတာတွေကို ဘယ်တုန်းကမှ အထက်မှာ မထားပါဘူး။ သူတို့ကိုယ်ကျိုးရဲ့ လက်အောက်မှာပဲ ထားပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးမှာ ဆူလွယ်နပ်လွယ် အာဏာကလေး ရထားတုန်း ချမ်းသာအောင် လုပ်လိုက်ဦးမှ ဆိုတဲ့ သဘောထားမျိုးနဲ့ချည်း လုပ်ခဲ့တာတွေ ဖြစ်ပါတယ်။ ကမ္ဘာမှာ စစ်အာဏာရှင်နဲ့ မိုက်ဖော်ဆိုးဖက် စီးပွားရေးစနစ် (crony capitalism) ဆိုတာ ဒင်္ဂါးတခုရဲ့ ခေါင်းနဲ့ပန်းလို ခွဲလို့မရတဲ့ အချင်းအရာ ဖြစ်ပါတယ်။ တိုင်းပြည်တခုမှာ ဒီလိုစနစ် ထွန်းကားနေရင် စီးပွားရေးဟာ တကယ်တမ်း မကြီးထွား၊ မတိုးတက်နိုင်ပါဘူး။

အဲဒီလိုစီးပွားရေးကို မဏ္ဍိုင်ပြုပြီး ပေါ်လာတဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတာတွေဟာ မလုံလောက်တဲ့ ဘတ်ဂျက်စရိတ်နဲ့ ဒီစီးပွားရေးစနစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဒုံးပျံကုန်ဈေးနှုန်းတွေနဲ့ ဘယ်လိုမှ နာလံမထူနိုင်အောင်
ဖြစ်သွားရပါတယ်။ ဒီနေ့လောက် တိုင်းပြည်က လူအင်အားအရင်းအမြစ်တွေ ပြည်ပကို ယိုဆင်းခဲ့တာ သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။ ဒါဟာ စစ်အာဏာရှင်စနစ်ကြောင့် ပေါ်ပေါက်လာတဲ့ ကျွန်ရောင်းချခြင်းတမျိုး လို့တောင် ခေါ်နိုင်မယ် ထင်ပါတယ်။

ဗမာပြည်ဟာ ဗိုလ်နေဝင်းလက်ထက်မှာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်သွားပြီး ဗိုလ်သန်းရွှေတို့လက်ထက်မှာ ကမ္ဘာပေါ်မှာ အကျင့်ပျက်လာဘ်စားမှု အများဆုံးနိုင်ငံ သုံးနိုင်ငံစာရင်းထဲ ပါသွားတာကိုပဲ ကြည့်ပါ။ တခြားလည်း AIDS ရောဂါဖြစ်ပွားမှု၊ ကလေးမွေးသေနှုန်း၊ မကောင်းတဲ့ဖက်တွေမှာ ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ဖြစ်နေတာဟာ စစ်အာဏာရှင်စနစ် တာရှည်ခြင်းရဲ့လက္ခဏာဖြစ်ပါတယ်။