Monday, June 17, 2013

ရှစ်လေးလုံးနေ့ ဒို့မမေ့

၈ လေးလုံးနေ့ ညီလာခံ ရန်ကုန်မှာ ကျင်းပမည် 2013-06-15
၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှု ငွေရတု အထိမ်းအမှတ် အခမ်းအနားကို ညီလာခံတစ်ရပ်အနေနဲ့ မြန်မာနိုင်ငံထဲမှာ ပထမဆုံးကျင်းပမယ်လို့သိရပါတယ်။ ဒီအခမ်းအနား ကျင်းပဖို့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးချုပ်မှာ ဒီကနေ့သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ် ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး တိုက်ရိုက်ပါဝင်ကြတဲ့သူတွေနဲ့ ညီလာခံအသွင်ဆောင်တဲ့ပွဲမျိုး ကျင်းပသွားမှာဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဌေးကြွယ်က RFA ကို ပြောပါတယ် ။
" ၈ '' လေးလုံး ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှု ငွေရတုအခမ်းအနားကျင်းပဖို့ကို ၈၈မျိုးဆက်ရယ်၊ ABSDFရယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရယ် ကျနော်တို့ပထမဦးဆုံး ဆုံပြီးခင်ကတည်းက ညီလာခံအသွင်ဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုကြီးကို ကျနော်တို့ပြည်တွင်းပြည်ပ ၈ လေးလုံးမျိုးဆက်အားလုံးစုစည်းနိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်၊ ကျနော်တို့မြန်မာပြည်တွင်းမှာရှိတဲ့ အမျိုးသားအင်အားစုအားလုံးကို ဖိတ်ကြားသွားမှာပါ၊ အစိုးရကိုလည်း ဖိတ်ကြားမှာဖြစ်သလို၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေစသဖြင့် ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့်ကို ဖိတ်ကြားသွားမှာဖြစ်ပါတယ် ။
အဲဒီ ၈ လေးလုံး ငွေရတုအထိမ်းအမှတ်ပွဲမှာ ဒီမိုကရေစီနိုင်ငံတော်ကို ရှေ့ဆက်ဖန်တီးနိုင်မယ့် အကြောင်းအရာတွေကို ခေါင်းစဉ်ခြောက်ခုနဲ့ ပညာရှင်တွေက စာတမ်းဖတ်ကြားမှာ ဖြစ်ပါတယ် ။ ဒီအခမ်းအနားကို အစိုးရအဖွဲ့နဲ့ ပြည်ပရောက် ၈ လေးလုံးမျိုးဆက်တွေအပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းတွေကိုပါ ဖိတ်ကြားသွားမှာ ဖြစ်တယ်လို့သိရပါတယ် ။ ၈ လေးလုံးအခမ်းအနားကို ရန်ကုန်တက္ကသိုလ်ထဲမှာ ကျင်းပဖို့ ခွင့်ပြုချက်တောင်းခံထားပေမယ့် လောလောဆယ်အထိတော့ ကျင်းပခွင့်ရ၊ မရ အာဏာပိုင်တွေဘက်က အကြောင်းမပြန်သေးဘူးလို့လည်း သိရပါတယ် ။

No comments:

Post a Comment