Tuesday, July 17, 2012

မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ ကိုနေမျိုးဇင်ကချင်ပြည်နယ်ခရီးစဉ်


မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ ညှိနှိုင်း ဆောင်ရွက်ရေး တာဝန်သိသူ ကိုနေမျိုးဇင်သည် ကချင်ပြည်နယ်မှ ငြိမ်းချမ်းရေး ဖေါ်ဆောင်ကြိုးပမ်းသူ ကချင် လူငယ်အဖွဲ့ တဖွဲ့ဧ။် ဖိတ်ကြားချက်အရ အခြားသော ငြိမ်းချမ်းရေး လှုပ်ရှားသူ အဖွဲ့ ၆ ဖွဲ့နှင့် အတူ ကချင်ပြည်နယ်သို့သွားရောက်ခဲ့ပါသည်။
ကျနော်က လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ၊ ဦးရဲလွင်တို့ အဖွဲ့မှာလည်း ငြိမ်းချမ်းရေးစစ်ဘေးသင့် ပြည်သူများကူညီရေး ရန်ပုံငွေ ရှာဖွေဖျော်ဖြေတဲ့ပွဲ တွေမှာလည်း ပါဝင်ခဲ့ပါတယ်။ ပန်းရဲ့ လမ်း အဖွဲ့ဝင်လည်း ဖြစ် မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှာလည်း ပါဝင်လုပ်ဆောင်နေသူဖြစ်ပါတယ်။
အခု ကျနော် သွားခဲ့တဲ့ ခရီးစဉ် ကိုးရက်ကြာ အတွင်း နိုင်ငံ့ ရှေ့ရေးနဲ့ ပတ်သက်ပြီး အလွန် အရေးကြီးတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဟာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မရှိမဖြစ် ကဏ္ဍမှာ တည်ရှိကြောင်း လေ့လာသိရှိခဲ့ရပါတယ်။
ကချင်လူငယ် ငြိမ်းချမ်းရေး ကွန်ယက်တခုက ဦးဆောင်ပြီး ကျနော်တို့ကို ဖိတ်ခေါ်လို့ ကျနော်လည်း တခါ မှ မရောက်ဖူးတဲ့ မူဆယ် မြို့ကနေ တရုတ်နိုင်ငံထဲထိ လည်ပတ် လေ့လာခွင့်ရခဲ့ပါတယ်။ ကျနော့် ဘ၀ အတွက်တော့ ဒီ ခရီးစဉ်ဟာ ပထမဆုံးပါ။ ရှမ်းပြည်ဆို နောင်ချိုမြို့ကို လွန်ခဲ့တဲ့ ငါးနှစ်လောက်က တခါပဲ ရောက်ခဲ့ဖူးပါတယ်။ အခုတော့ မိတ်ဆွေများ ကောင်းမှုနဲ့ ကျနော်ဟာ တရုတ်ပြည် ရွှေလီ( သူတို့အခေါ် ရွေလီ) နဲ့ ယန်ကျန်း မြို့တွေ တခြား နယ်မြို့တွေကို ကားနဲ့ ငါးနာရီလောက် ဖြတ်သန်းမောင်းနှင်သွားတဲ့ ခရီးကို သွားရပါတယ်။
မြန်မာဘက်ခြမ်း မူဆယ် လောက် ရောက်ရင်ကိုပဲ နယ်စပ်နဲ့နီးလာတဲ့ တိုးတက်မှု ခေတ်မှီမှုနဲ့ တရုတ် ဘာသာ ကြီးစိုးနေမှုတွေကို သိသိသာသာ တွေ့လာရပါတယ်။ နေရာ တကာ တရုတ် လုပ် ပစည်းတွေ ချည်း လွှမ်းမိုးထားပါတယ်။
ဒါပေမယ့် နယ်စပ် ကူးမယ့် ဂိတ်ကြီးလည်း ရောက်ရော အရမ်းကို ကြေကွဲဝမ်းနည်းရလောက် အောင် တရုတ်တွေ ဘက်က ခမ်းနားကြီးကျယ်စွာ အဆောက်အဦးတွေ စီတန်း စနစ်ကျနစွာ တည်ရှိနေတာကို ဓါတ်ပုံပါ အတိုင်း မြင်လိုက်ရတော့ နေရာတကာ အမှိုက်တွေ ဓါတ်ကြိုးတွေနဲ့ ကွမ်းတံတွေးတွေ ပွရှုပ်နေတဲ့ အမိမြန်မာပြည်က မြို့တွေ၊ အထူး သဖြင့် ရန်ကုန်ကို ရမ်းရော် မှန်းမျှော် ၀မ်းနည်း မိပါတယ်။ ကျနော်တို့ နိုင်ငံဟာ အချင်းချင်း စစ်တွေဖြစ်၊ နိုင်ငံသားချင်း အတင်း ဖိနှိပ်အုပ်ချုပ် ရက်စက်ခဲ့တဲ့ စစ်အုပ်ချုပ်ရေး စနစ်အောက်မှာ ပြားပြားမှောက်ရင်း တိုင်းပြည် အခုလို သိပ်ဆင်းရဲ နောက်ကျ ကျန်ခဲ့ပါလား ဆိုတဲ့ အတွေး တစ က တရုတ်နယ် ခြေ အချမှာပဲ တ၀ဲလည်လည်ပါ။
ဘတ်စ်ကားပဲ စီးစီး ကိုယ်ပိုင်ကားပဲ မောင်းမောင်း အမြဲ ခါးနာလောက်အောင် ချိုင့်ခွက်တွေ လမ်းပျက်တွေ ပြည့်နေတဲ့ မြန်မာ့ အမြဲဖါ လမ်းမ များနဲ့ တရုတ်ပြည်က ဖြူးဖြောင့်ရှင်းလင်း သပ်ရပ်ညီညာလှပ ချောမွေ့နေတဲ့ လမ်းတွေကတော့ တကယ့်ကို တခြားစီပါပဲ။ လမ်းခင်းတဲ့ အင်ဂျင်နီယာတွေ လမ်းခင်းပညာ မတတ်လို့လား သို့မဟုတ် ခေတ်ကိုက အပြိုင်အဆိုင် ပြည်သူ့ဘဏ္ဍာ ဒို့ ဘဏ္ဍာဆိုပြီး ဘုန်းခဲ့ ကြလို့ တနိုင်ငံလုံး လမ်းပီသ တဲ့ လမ်းတွေ မရှိခဲ့တာလား ဆိုတာကို ငြိမ့်ညောင်းလှတဲ့ တရုတ်လုပ် ကားပေါ်မှာ စီးရင်း ကိုယ့် အမိမြေကိုပဲ ရမ်းရော်ပုံဖေါ်ခဲ့မိပါတယ်။

No comments:

Post a Comment