Friday, September 2, 2011
ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး ဘယ်လိုတည်ဆောက်ကြမလဲ
ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး ဘယ်လိုတည်ဆောက်ကြမလဲ
Posted by admin on September 2, 2011 0 Comment.
၂၈.၇.၁၁ နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းစစ်ရပ်စဲရေးနဲ့ အမျိုးသား ပြည်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ ငြိမ်းချမ်းရေးပန်ကြားချက်ကို ထုတ်ပြန်လိုက်ပါတယ်။ သန်း (၆၀) ခန့်ရှိတဲ့ မြန်မာပြည်သူတွေက သူမရဲ့ ပန်ကြားချက်ကို ထောက်ခံကြပါလိမ့်မယ်။
လွတ်လပ်ရေးရခါစ ၁၉၄၈ ခုနှစ် မတ်လကတည်းက ပြည်တွင်းစစ်မီး လောင်ကျွမ်းခဲ့ပါတယ်။
၁၉၅၂ ခုနှစ်မှာ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ပြည်တွင်းစစ်ရပ်စဲရေး၊ သူမသာကိုယ်မနာ ငြိမ်းချမ်းရေးတည်ဆောက် ကြဖို့ အစိုးရအဖွဲ့နဲ့ တောတွင်းလက် နက်ကိုင်အဖွဲ့တွေကို မေတ္တာရပ်ခံပန်ကြားခဲ့ပါတယ်။ ၈ ဦးကော်မတီဖွဲ့စည်းပြီး ပြည် တွင်းငြိမ်းချမ်းရေး ဆန္ဒပြတောင်းဆိုပွဲတွေတိုင်း ပြည်အနှံ့ ကျင်းပခဲ့ပါတယ်။
အသက်အရွယ်ကြီးရင့်လှပြီဖြစ်တဲ့ ဆရာကြီးရဲ့ ဆန္ဒသဘောထားတွေကို ဘယ်သူတွေက ဆန့်ကျင်ခဲ့ကြသလဲ? ဘယ်သူ တွေက ထောက်ခံခဲ့ကြ သလဲ?
လွတ်လပ်ရေးရပြီး (၁၄) နှစ်ခန့်တည်မြဲခဲ့တဲ့ပါလီမန်ဒီမိုကရေစီစနစ်ခေတ်သမိုင်းဖြစ်ရပ်မှန်တွေကိုဝေဘန်ကြည့်ဖို့လိုလာ ပါတယ်။ဒါမှသာသမိုင်းတရားခံဘယ်သူတွေဖြစ်ခဲ့ကြသလဲ? ၁၉၆၂ ခုနှစ် စစ်အာဏာရှင်စနစ် နိုင်ငံရေးဇာတ်ခုံပေါ် တက် ရောက်လာနိုင်ခဲ့တာ ဘယ်သူတွေကြောင့် ဖြစ်ပါသလဲ?
လွတ်လပ်ရေးရပြီး (၃) လအကြာမှာ ဖဆပလအစိုးရရဲ့ ထိုစဉ်က ပြည်ထဲရေးဝန်ကြီးဖြစ်နေတဲ့ ဦးကျော်ငြိမ်းက သခင် သန်းထွန်း ကစပြီး နောက်ဆုံးပါတီဝင်တွေအထိ တပြည်လုံးမှာ ဖမ်းဆီးဖို့ (၂၇.၃.၄၈) နေ့မှာ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနှစ် ဇွန်၊ ဇူလိုင်လတွေမှာ ပြည်သူ့ရဲဘော်တွေကို ထပ်မံဖမ်းဆီးပြန်ပါတယ်။ ဒါ့ကြောင့်မို့ ရဲဘော်ဖြူတွေ တောတောင် တွေဆီ ရောက်သွားပြန်ပါတယ်။
၁၉၄၉ ခုနှစ် နှစ်ဦးမှာတော့ ကရင် ဗမာ လူမျိုးရေးပဋိပက္ခတွေ စတင်ဖြစ်ပွားလာပြီး ကရင် အမျိုးသားခေါင်းဆောင်များ နှင့် ကရင်သေနတ်ကိုင်တပ်ရင်းတွေ တောခိုကြပြန်တယ်။ ၁၉၄၉ ခုနှစ်နှစ် နှောင်းပိုင်းရောက်တော့ ဖဆပလအစိုးရကို နိုင်ငံ တကာစာနယ်ဇင်းတွေက ရန်ကုန်အစိုးလို့ အမည်တပ်ပါတော့တယ်။ ၀န်ကြီးအချို့ကလဲ စော်ဘွားကြီးကုန်း၊ သ မိုင်း ဒေသတွေကို ကရင်လက် နက်ကိုင်တပ်တွေ သိမ်းပိုက်ခံရချိန်မှာ အထုတ်အပိုးတွေပြင်ဆင်ကြပြီး ပြည်ပထွက်ပြေး ဖို့ စိုင်းပြင်းခဲ့ကြတယ်။
၁၉၅၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်လောင်ခဲ့တယ်။ ရာဂဏန်းတချို့ရှိတဲ့ ကျေးရွာတွေ မီးတိုက်ခံခဲ့ရတယ်။ ကရင် ဗမာလူမျိုးရေးပဋိပက္ခတွေ အလွန်ပြင်းထန်ခဲ့တယ်။
၁၉၅၂ ခုနှစ်မှာ ဖေါ်မိုဆာအခြေစိုက် ချန်ကေရှိတ်တရုတ်ဖြူတပ်တွေ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသကို ၀င်ရောက် ကျူးကျော်လာခဲ့တယ်။ မော်စီတုန်းအစိုးရကို စစ်ရေးအရ တန်ပြန်ထိုးစစ်ဆင်ဖို့ ၀င်ရောက်ခဲ့တာလို့ ချန်ကေရှိတ်အစိုးရ က အကြောင်းပြခဲ့ပါတယ်။
အဲဒီအချိန်မှာ ကွန်မြူနစ်ပါတီက လမ်းစဉ်ပြောင်းလိုက်ပါတယ်။ ဖဆပလဆန့်ကျင်ရေး၊ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး ဆင်နွှဲနေရာမှ တရုတ်ဖြူ ဆန့်ကျင်ရေးလမ်းစဉ်ကို ချမှတ်ခဲ့တယ်။ ငြိမ်းချမ်းရေး ညွန့်ပေါင်းအစိုးရလမ်းစဉ် (ပီစီဂျီ) လမ်း စဉ် ဖြစ်ပါတယ်။ လမ်းစဉ်ရဲ့ ဆိုလိုချက်က ကွန်မြူနစ်ပါတီနဲ့ ဖဆပလအစိုးရတို့ ဆင်နွှဲနေကြတဲ့ ပြည်တွင်းစစ်ပွဲကို ရပ် လိုက်ပြီး ဖဆပလနဲ့ ကွန်မြူနစ်ပါတီတို့ ညွန့်ပေါင်းအစိုးရဖွဲ့စည်းဖို့ ဖြစ်ပါတယ်။ တရုတ်ဖြူတပ်တွေကို တမျိုးသားလုံး ရန် သူအဖြစ် သတ်မှတ်ပြီး ပူးတွဲစစ်ရေးဆင်နွှဲဖို့ ဖြစ် ပါတယ်။ အဲဒီကမ်းလှမ်းချက်ကို ဖဆပလအစိုးရက လက်ခံခဲ့ရင် ရဲဘော် ဖြူတွေနဲ့လဲ တိုက်ခိုက်မှု ရပ်စဲသွားနိုင်ပါတယ်။ ဒါပေမဲ့ ဦးနု၊ ဦးကျော်ငြိမ်း တို့က လုံးဝ လက်မခံခဲ့ပါ။
အဲဒီအချိန်မှာ ဆရာကြီးက ပြည်တွင်းငြိမ်းချမ်းရေး (၈) ဦးကော်မတီဖွဲ့စည်းပြီး တိုင်းပြည်အနှံ့ ဆန္ဒပြပွဲတွေ ကျင်းပခဲ့ တယ်။ မြို့ပြဒေသရှိ အလုပ်သမားပါတီ (ဆိုရှယ်နီ) နဲ့ အခြားလက်ဝဲပါတီတွေက ထောက်ခံခဲ့ကြတယ်။ တောတွင်း ရောက် လက်ဝဲပါတီတွေကလဲ ငြိမ်းချမ်းရေးအဖွဲ့ကို ထောက်ခံကြတယ်။ ကြိုဆိုခဲ့ကြတယ်။
ဒီအချိန်တုံးက အစိုးရက အပြုတ်တိုက်ရေးလမ်းစဉ်ကို ကျင့်သုံးနေပါတယ်။ ဆရာကြီးက ပြည်တွင်းစစ်ရပ်စဲရေး၊ သူမ သာကိုယ်မနာ လမ်းစဉ်နဲ့ လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအဖွဲ့နဲ့ လက်ဝဲအင်အားစုတွေ လူထုထောက်ခံမှုရခဲ့တာက ၁၉၅၆ ခုနှစ် ပါလီမန် ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲမှာ အဖြေပေါ်လာပါတယ်။ အတိုက်အခံဖြစ်တဲ့ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစု (ပမညတ) ကအမတ်နေ ရာ (၄၆) နေရာ ရရှိခဲ့တယ်။ ရခိုင်တိုင်းရင်းသားညီညွတ်ရေးအဖွဲ့ (ရတည) ကအမတ် (၅) နေရာရရှိခဲ့တယ်။ လူထုတွေ က ဖဆပလအစိုးရကို ဆန့်ကျင် ပြလိုက်တာ ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ် ဧပြီလရောက်တော့ ဖဆပလအဖွဲ့ချုပ်ကြီး ထက် ခြမ်း ကွဲသွားပါတော့တယ်။ တည်မြဲဖဆပလနဲ့ သန့်ရှင်းဖဆပလဆိုပြီး ပါတီကြီး (၂) ခု ပေါ်ပေါက်လာခဲ့ကြတယ်။
၁၉၅၈ ခုနှစ် စက်တင်ဘာလရောက်တော့ ဗိုလ်ချုပ်ကြီးနေ၀င်း နိုင်ငံရေးဇာတ်ခုံပေါ် တက်ရောက်လာပါတယ်။ ဗိုလ်ချုပ် ကြီးကို ၀န်ကြီးချုပ်က အထူးလွှတ်တော် အစည်းအဝေးခေါ်ယူပြီး ၀န်ကြီးချုပ်ရာထူးလက်ခံဖို့ အဆိုတင်ခဲ့ပါတယ်။ အိမ် စောင့်အစိုးရအဖွဲ့ကို ခေါင်းဆောင်ဖို့ဖြစ်ပါတယ်။ ဦးဗဆွေ၊ ဦးကျော်ငြိမ်း တို့က ထောက်ခံခဲ့ကြတယ်။ ဆိုရှယ်နီပါတီ ခေါင်း ဆောင်ဖြစ်တဲ့ သခင်ချစ်မောင် (သာယာဝတီခရိုင်အမတ်) က ပြင်းပြင်းထန်ထန်ကန့် ကွက်ခဲ့တယ်။ ပညာရှိ ၀ိဒူရဘွဲ့လဲ ရရှိခဲ့တယ်။ နိုင်ငံတော်အာဏာ (၃) ရပ်ကို ဗိုလ်ချုပ်နေ၀င်း လက်ထဲ ထိုးအပ်ခဲ့တာ သမိုင်းတရားခံတွေ ဘယ်သူတွေဆို တာ အလွန်ရိုးရှင်းလှပါတယ်။
ဗိုလ်ချုပ်ကြီး နေ၀င်း အာဏာရလာချိန်မှာ မြို့ပြဒေသတွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး လမ်းဆုံလမ်းခွတွေမှာ ဓမ္မအန္တရာယ် ဆိုင်းဘုတ်ကြီးတွေ စိုက်ထူပြီး လက်ဝဲဆန့်ကျင်ရေး လူထုဆန္ဒဆန့်ကျင်ရေး လှုပ်ရှားမှုတွေ (၂) နှစ် နီးပါး လှုံ့ဆော် လှုပ်ရှားခဲ့ကြတယ်။ ကျေးလက်ဒေသတွေမှာလဲ ကွန်မြူနစ်ဆန့်ကျင်ရေး အခြေခံနဲ့ ကျေးရွာငယ်တွေကို ဖျက် ဆီးပြီး သေနင်္ဂဗျူဟာကျေး ရွာတွေ ထူထောင်ပေးခဲ့ကြတယ်။ ဒါ့ကြောင့်မို့ မြို့ပြဒေသနဲ့ ကျေးလက်ဒေသတွေရှိ အောက် ခြေလူတန်းစားတွေစီးပွားရေး၊ လူမှုရေး ဒုက္ခမျိုးစုံ ရင်ဆိုင်ခံစားကြရတယ်။ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊သာကေတ ဆိုတာ အိမ်စောင့်အစိုးရရဲ့လက်စွမ်းထက်မှုတွေ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀) ကျော်က အိမ်စောင့်အစိုးရ ဆိုတာ စစ်အာဏာရှင်စနစ် နှစ်ပေါင်းများစွာ သက်ဇိုးရှည်ရေး အ တွက် အစပြုချက်လို့ ကောက်ချက်ဆွဲနိုင်ပါလိမ့်မယ်။
၁၉၆၀ ခုနှစ် ဖေဖေါ်ဝါရီလမှာ ပါလီမန်ရွေးကောက်ပွဲကျင်းပခဲ့တယ်။ သန့်ရှင်းဖဆပလအဖွဲ့ အနိုင်ရခဲ့တယ်။ ဦးနု၊ သခင် တင်၊ ဗိုလ်မှူးအောင်၊ မန်းဝင်းမောင်တို့ အာဏာပြန်ရခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်း ရဲ့ ထောက်ခံချက်နဲ့ တည်မြဲတပ်မှူး တွေဖြစ်နေကြတဲ့ ဗိုလ်ချုပ်မောင်မောင်၊ ဗိုလ်ချုပ်အောင်ရွှေ၊ ဗိုလ်မှူးကြီးကြည်ဝင်း စတဲ့ တပ်မှူးကြီး (၆) ဦးကို တပ်မ တော်မှ ပါယ်ထုတ်အနားပေးခဲ့တယ်။
ဆရာကြီးလဲ (၂) နှစ်တာ ရပ်နားထားလိုက်ရတဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကို အင်အားတိုးချဲ့ပြီး ပြန်လည်ဖွဲ့စည်း လှုပ် ရှားခဲ့ပါတယ်။ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော (ဒုဥက္ကဋ္ဌ)၊ ရှေ့နေကြီး ဦးထွန်းတင် (အထွေထွေအတွင်းရေးမှူး)၊ ဗန်းမော် တင်အောင်၊ မုံရွာ ဦးတင်ရွှေ၊ ရှေ့နေကြီးများဖြစ်ကြတဲ့ဦးလှတင်၊ ဦးဘကျော်၊ ဦးလှကျော် တို့ ပါဝင်ခဲ့ကြတယ်။ အံ့သြဖို့ ကောင်းတာကတော့ ဆိုရှယ်နီ ခေါင်းဆောင်ကြီးများဖြစ်ကြတဲ့ သခင်ချစ်မောင်၊ သခင်လွင်၊ သခင်လှကျွေတို့က ထောက် ခံအားပေးမှု မလုပ်ကြတော့ပါ။ ငြိမ်းချမ်း ရေးအဖွဲ့တွေ တပြည်လုံးမှာ လိုက်လံဖွဲ့စည်းခဲ့သလို ဆန္ဒပြပွဲတွေ၊ ဟောပြောပွဲ တွေ ကျင်းပခဲ့ကြတယ်။ သန့်ရှင်းဖဆပလအစိုးရက ဆရာကြီးရဲ့ မေတ္တာရပ်ခံပန်ကြားချက်ကို ကျောခိုင်းထားခဲ့ပါတယ်။ ၁၉၆၄ ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့မှာ ဆရာကြီး ကွယ်လွန်သွားခဲ့ပါတယ်။
၁၉၆၂ခုနှစ်မတ်လ (၂) ရက်နေ့မှာ အာဏာသိမ်းပိုက်ခဲ့တဲ့ တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၃ ခုနှစ် ဇွန်လမှာ စ တင်ပြီး နိုဝင်ဘာလအထိ ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ခဲ့ပါတယ်။ ကရင်တော်လှန်ရေးကောင်စီနဲ့ ဆွေးနွေးပွဲသာအောင် မြင်မှုရခဲ့ပါတယ်။ ကျန်တဲ့ ပါတီတွေနဲ့ ဆွေးနွေးပွဲတွေ ပျက်ပြားသွားခဲ့တာကြောင့် ပြည်တွင်းစစ်မီး ဆက်လက်လောင်ကျွမ်းခဲ့ပါတယ်။
ဒီနှစ် ဇန်န၀ါရီလမှာ တက်ရောက်လာတဲ့ ဦးသိန်းစိန် အစိုးရ အာဏာရလာချိန်မှာ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာ ရှေ့ တန်းပြန် ရောက်လာပြန်ပါတယ်။ ဒီကိစ္စဟာ တိုင်းပြည်တခုလုံးအတွက် ရှေ့တန်းကျတဲ့ အလွန်အရေးကြီးတဲ့ ပြဿနာ ကြီးလဲ ဖြစ်ပါတယ်။ လူမျိုးစု ခေါင်းဆောင်တွေကလည်း တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကျင်းပဖို့ တောင်းဆိုနေ ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကလဲ ပြည်တွင်းစစ်ရပ်စဲကြဖို့၊ ငြိမ်းချမ်းရေးမရှိရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ ဖြစ် ပေါ်မှာမဟုတ်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုလဲ စွမ်းဆောင်နိုင်မှာ မဟုတ်ကြောင်း ကမ္ဘာသိ ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။
ဟိုလွန်ခဲ့တဲ့နှစ်ပေါင်း (၆၀) ၀န်းကျင်က ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြောကြားခဲ့တဲ့ သူမသာကိုယ်မနာ ငြိမ်းချမ်းရေး တည်ဆောက်ကြပါ။ နှစ်ဦးနှစ်ဖက် ထိုးစစ်တိုက်စစ်တွေ ရပ်စဲကြပါ ဆိုတဲ့ တောင်းဆိုချက်တွေဟာလဲ အသစ်တဖန် ပြန် လည်မြည် ဟိန်းလာပြန်ပါတယ်။
ဒါ့ကြောင့် ဦးသိန်းစိန်အစိုးရဘာလဲ … ဘယ်လဲ … ?
ဆူးခင်းလမ်းလျှောက်မလား … ?
ပန်းခင်းလမ်းလျှောက်မလား? အဖြေတခုခုပေးဖို့ (၂၁) ရာစုသမိုင်းက တောင်းဆိုနေပြီ ဖြစ်ပါတယ်။
ကိုးကိုးကျွန်းပြန်တဦး
၂၀-၈-၁၁
လက်ဆင့်ကမ်းဖြန့်ဝေရန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment