Wednesday, September 8, 2010

ဘီဘီစီ မြန်မာပိုင်း ဘဏ္ဍာရေး အကျပ်အတည်း ရင်ဆိုင်ရဖွယ်ရှိ

ရန်ပိုင် Wednesday, September 08, 2010

မြန်မာပြည်သူများ အားထားနေသည့် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်သည် ဘဏ္ဍာရေး အသုံးစရိတ် ဖြတ်တောက်ခံရမည့် အခြေ အနေနှင့် ရင်ဆိုင်ရဖွယ် ရှိကြောင်း သိရသည်။



ဘာသာစကားမျိုးစုံနှင့် တကမ္ဘာလုံး ထုတ်လွှင့်နေသည့် ဘီဘီစီ ရေဒီယို အသံလွှင့်ဌာနကြီးအတွက် ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တနှစ် လျှင် ဘဏ္ဍာရေး အသုံး စရိတ် ပေါင် ၂၇၂ သန်း သတ်မှတ်ပေးထားသော်လည်း ယခုအခါ ယင်း အသုံးစရိတ်၏ ၂၅ ရာခိုင်နှုန်းကို လာမည့် ၂၀၁၁ ခုနှစ် ဧပြီလတွင် ဖြတ်တောက်တော့မည်ဖြစ်၍ မြန်မာဌာန အပါအ၀င် နိုင်ငံများစွာ၏ အသံလွှင့် အစီ အစဉ်များ ဖျက်သိမ်းခံရနိုင်ကြောင်း ယနေ့ထုတ် အင်္ဂလန် အခြေစိုက် ဂါးဒီးယန်း သတင်းစာကြီးတွင် ရေးသားထားသည်။

မည်သည့် အသံလွှင့်ဘာသာ အစီအစဉ်များ ဖျက်သိမ်းမည်ကို လာမည့် သီတင်း ၆ ပတ်အတွင်း ထုတ်ပြန်မည်ဖြစ်ပြီး မြန်မာ ဘာသာ၊ ရုရှားဘာသာ စသည့် အစီအစဉ်များ ပါဝင်နိုင်ကြောင်း သံတမန်တဦး၏ ပြောဆိုချက်ကိုလည်း ယင်းသတင်းစာက ကိုးကား ထားသည်။

ဘီဘီစီ သတင်းဌာနသည် အာရှ၊ အာဖရိက၊ လက်တင်အမေရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်း ဒေသများ၊ တောင်အာရှ စသည့် ဒေသများတွင် ဘာသာစကား ပေါင်း ၃၂ မျိုးဖြင့် ထုတ်လွှင့်ပေးနေသော အသံလွှင့်ဌာနလည်းဖြစ်သည်။

အင်္ဂလန်နိုင်ငံ အတိုက်အခံ လေဘာပါတီ ပြောခွင့်ရ မစ္စတာ ဒေးဗစ် မီလီဘန်က“မြန်မာပိုင်း အစီအစဉ်ကို ရပ်ဆိုင်းလိုက်မယ် ဆိုရင်တော့ စစ်အစိုးရအတွက် လက်ဆောင်တခု ပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်”ဟု ဆိုသည်။

ပြစ်မှု တစုံ တရာ ကျူးလွန်ခြင်းမရှိဘဲ နိုင်ငံတ၀န်းလုံးက အကျဉ်းထောင်ထဲတွင် ကျခံနေသော နိုင်ငံရေး အကျဉ်းသားများကို စော်ကားသကဲ့သို့ ဖြစ်နေကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

စစ်အစိုးရ မီဒီယာများကလည်း ဘီဘီစီ၊ ဗွီအိုအေ သတင်းဌာနများကို “လေလှိုင်းသံ လူသတ်သမား”ဟု လည်းကောင်း၊ “ရန် တိုက်ပေးနေသည်” ဟူ၍ လည်းကောင်း ရေးသား ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီ မြန်မာပိုင်း ဌာနတွင် ရန်ပုံငွေ နည်းပါးသော ကြောင့် ရပ်တည်ရန် အခက်အခဲရှိသည်ကို သိရသည့် အတွက် စိတ်မကောင်းကြောင်းကို မကြာမီရက်ပိုင်းက ထုတ်ဖော်ပြောဆိုခဲ့ သည်။

ဘီဘီစီ မြန်မာဌာနကို ၁၉၄၀ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် စတင်ထုတ်လွှင့်ခဲ့ရာ ယခုဆိုလျှင် နှစ်ပေါင်း ၇၀ ရှိပြီဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းက ယင်း နှစ်၇၀ ပြည့် အခမ်းအနားကို ကျင်းပခဲ့သေးသည်။

ယင်း ဘီဘီစီ ၏ မြန်မာဌာန ဘဏ္ဍာရေး ဖြတ်တောက်ခံရမည့် သတင်းနှင့် ပတ်သက်၍ သတင်းစာဆရာကြီး တဦးဖြစ်သည့် ဦးဝင်းတင်က“ငယ်ငယ်ကတည်း က ဘီဘီစီကို နားထောင်လာခဲ့တာ ဒီလိုကြားတော့ နှမြောတယ်”ဟု ပြောသည်။

ဘီဘီစီ (မြန်မာ)ဌာနသည် သက်တမ်းအရင့်ဆုံးဖြစ်သည့် အပြင်၊ ကောင်းမွန်သည့် အသံလွှင့်ချက်များကို ထုတ်လွှင့်ကာ ကမ္ဘာနှင့် မြန်မာအကြားတွင် ပေါင်းကူပေးသည့် သတင်းဌာနကြီး ဖြစ်ကြောင်း သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောသည်။

ဘီဘီစီ မြန်မာဌာနသည် ရှစ်လေးလုံး အရေးတော်ပုံ ကာလ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် လူထုဆန္ဒပြပွဲကြီး ပြုလုပ်မည့် အကြောင်းနှင့် လူထုအုံကြွမှုကို စစ်တပ်၏ ပစ်ခတ်နှိမ်နင်းသည့် သတင်းများကို မြန်မာတပြည်လုံးသို့ တင်ပြပေးနိုင်ခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် စစ်အစိုးရက မီဒီယာများကို ထိန်းချုပ်ရာ ပြည်သူလူထုမှာ ဘီဘီစီ၊ ဗွီအိုအေ၊ အာအက်ဖ်အေ အစရှိသည့် အသံလွှင့်ဌာနကြီးများမှ ထုတ်လွှင့်သည့် သတင်းများကိုသာ လေ့လာနားထောင်နေရသည်။

ဘဏ္ဍာရေး အခက်အခဲကြောင့် ဘီဘီစီ မြန်မာဘာသာ အစီအစဉ်များ ထုတ်လွှင့်နိုင်ခြင်း မရှိတော့ပါက မြန်မာ ပြည်၏ ဖြစ်ပေါ်နေ သည့် အခြေအနေ အရပ်ရပ်ကို မြန်မာလူထုအနေဖြင့် သိရှိနိုင်ရန် ခက်ခဲတော့မည် ဖြစ်ကြောင်း ၀ါရင့် နိုင်ငံရေး သမားကြီး သခင် ချန်ထွန်းကလည်း ပြောသည်။

“မနက်ကနေ ညနေ၊ ည မြန်မာပြည် အခြေအနေတွေကို သိရအောင် ရေဒီယို တလုံးနဲ့ နားထောင်နေရတာလေ၊ ဖျက်လိုက်ရင် တော့ ထိခိုက်ပြီပေါ့”ဟု ၎င်းကဆိုသည်။

မြန်မာပြည်နှင့် ပတ်သက်သည့် သတင်းများသာမက ပညာပေးအစီစဉ်များကိုလည်း ထုတ်လွှင့်နေပေး နေသည့် အတွက် ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းများပါ ထိခိုက်နိုင်ကြောင်း သခင်ချန်ထွန်းကဆိုသည်။

ယခုအခါ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်တွင် ကမ္ဘာ့ သတင်း၊ မြန်မာ့ သတင်း၊ ပညာရေး ကဏ္ဍ၊ အားကစား ကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍ၊ စီးပွားရေး သုံးသပ်ချက်၊ အင်္ဂလိပ်စာ ပို့ချချက်၊ သိပ္ပံပညာ အကြောင်း၊ ပြည်သူကြားက ပြည်သူ့စကား၊ ကျေးတမာနှင့် ပေဖူးလွှာ၊ အဆိုတော်ကြီး ဒေါ်မာမာအေး၊ ပန်းချီဆရာ ရုပ်ရှင် ဒါရိုက်တာ ဦးဝင်းဖေတို့၏ ဘ၀အတွေ့အကြုံ ကဏ္ဍများ စသည်များကို ထည့်သွင်း ထုတ်လွှင့်နေသည်။

ဘီဘီစီ မြန်မာဌာနကို စတင်ထုတ်လွှင့်သည့်အချိန်က သီတင်း ၂ပတ်တွင် တကြိမ်သာထုတ် လွှင့်နိုင်ခဲ့ပြီး ထုတ်လွှင့်ချိန် ၁၅မိနစ် သာ ရရှိကြောင်း၊ ပထမဆုံး သတင်းကြေညာပေးခဲ့သူမှာ ဦးမြတ်ထွန်းဖြစ်ပြီး ဒုတိယ ကမ္ဘာစစ် ပြင်းထန်နေချိန်တွင် ပါမောက္ခ ဒေါက်တာ လှဘေ၊ ကမ္ဘာ့ သာသနာပြု ဆရာတော် အရှင် သေဋ္ဌိလ စသည့် ပုဂ္ဂိုလ်ကြီးများက တာဝန်ယူ ထုတ်လွှင့် ခဲ့သည်။

မြန်မာပြည်၏ နာမည်ကြီး စာရေးဆရာများ ဖြစ်သည့် စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ တင့်တယ်၊ စာရေးဆရာမ ကြည်အေး စာရေး ဆရာ စိန်လွင်လေး တို့လည်း ဘီဘီစီ မြန်မာပိုင်း အစီအစဉ်တွင် ၀င်ရောက်လုပ်ကိုင်ခဲ့ဖူးသည်။

၂၀၀၅ ခုနှစ် သတင်းမီဒီယာ စစ်တမ်းအရ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ကို နားထောင်သူ ပျှမ်းမျှအားဖြင့် တပတ်လျှင် ၇.၂ သန်း နားထောင်ကြကြောင်း ဘီဘီစီ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အဖွဲ့ တရုတ်နိုင်ငံရောက်ရှိ

ပေါက်ပေါက် / ၀၈ စက်တင်ဘာ ၂၀၁၀


နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့်အဖွဲ့သည် တရုတ်နိုင်ငံ ပီကင်းမြို့သို့ ယမန်နေ့က ရောက်ရှိလာပြီး တရုတ်သမ္မတ ဟူကျင်းတောင်နှင့် ဝန်ကြီးချုပ် ဝမ်ကျားပေါင်တို့အား တွေ့ဆုံရန်ရှိသည်။


ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ မကြာသေးမီက အရပ်ဝတ်လဲခဲ့သည့် သူရ ဦးရွှေမန်း၊ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ လိုက်ပါသွားသကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒု-ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ စီးပွားကူးသန်းဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး၊ သိပံ္ပနှင့်နည်းပညာဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီး၊ စွမ်းအင်ဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီး၊ ကျန်းမာရေး ဝန်ကြီးတို့လည်း လိုက်ပါသွားကြောင်း ယနေ့ထုတ် နအဖ သတင်းစာတွင် ဖော်ပြထားသည်။

တရုတ်သမ္မတ ဟူကျင်းတောင်၏ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ယခုလ (၇) ရက်နေ့မှ (၁၁) ရက်နေ့အထိ (၅) ရက်ကြာ အလည်အပတ်လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်တွင်းအခြေအနေအရပ်ရပ် ဖြစ်ထွန်းတိုးတက်မှုများအား အမြင်ချင်း ဖလှယ်မည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး ခရီးစဉ်အတွင်း ရှန်ဟိုင်းကုန်စည်ပြပွဲနှင့် ကွမ်ဒေါင်း ပြည်နယ်ရှိ ရှိန်းကျိန့်မြို့သို့ သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး မစ္စစ် ကျန်းယု (Jiang Yu) က ယခုလ (၂) ရက်တွင် ကြိုတင်ပြောဆိုထားသည်။

ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စစ်တပ်မှ နုတ်ထွက်ထားသူ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Chen Bingde နှင့် ယမန်နေ့က ပီကင်းတွင် တွေ့ဆုံခဲ့ကြပြီး ထိုသို့တွေ့ဆုံရာတွင် တရုတ်စစ်ဦးစီးချုပ်က စစ်ရေးအရ မြန်မာနှင့် ဆက်ဆံဆောင်ရွက်နေမှုအပေါ် တန်ဖိုးထားပါကြောင်း၊ နှစ်နိုင်ငံအစိုးရနှင့် နှစ်နိုင်ငံ တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်မှုများက နှစ်ဖက်စလုံးကို အကျိုးဖြစ်ထွန်းကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ရည်မျှော်ကာ စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA-ESS) မိုင်းလားတပ်ဖွဲ့တို့အား နအဖက နယ်ခြားစောင့်တပ်ဖွဲ့ရန် သို့မဟုတ် လက်နက်စွန့်ရန်အထိ ရာဇသံပေးခဲ့မှုအပေါ် အဖွဲ့အစည်းအသီးသီးက လက်မခံနိုင်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက တုံ့ပြန်ခဲ့ပြီး ယခုခရီးစဉ်ပေါ်ထွက်လာခဲ့သဖြင့် တရုတ်အစိုးရကတဆင့် တရုတ်နယ်စပ်ရှိ အပစ်ရပ်အဖွဲ့များအပေါ် ဖိအားပေးမှုများ လုပ်လာမည်လားဟု ထင်မြင်မှုများလည်း အဖွဲ့အစည်းများအကြား ရှိနေသည်။

၂ဝ၁ဝ နိုဝင်ဘာ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဖြစ်ပြီး တရုတ်အစိုးရသည် အချုပ်အခြာ အာဏာပိုင် နိုင်ငံတခု၏ ပြည်တွင်းရေး ဝင်မစွက်ဖက်သည့်မူကို အမြဲတမ်းစောင့်ထိန်းခဲ့ပါကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ယခုရွေးကောက်ပွဲကို အပြုသဘောဆောင်သည့် အကူအညီများ ပေးမည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး မစ္စစ် ကျန်းယုက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်နိုင်ငံသို့ ရောက်ရှိနေခိုက် ယမန်နေ့တွင် ပြောဆိုခဲ့သည်။

ပဲခူးမြို့တွင် လုံခြုံရေးများ ချထားဆဲ

မျိုးချစ်သူ / ၀၈ စက်တင်ဘာ ၂၀၁၀


ယမန်နေ့က မီးသင်္ဂြိုဟ်ခဲ့သော လူငယ် (၂) ဦး အသုဘအပြီးတွင် ပဲခူးမြို့၌ လုံခြုံရေးတင်းကျပ်နေဆဲဖြစ်ကြောင်း ပဲခူးမြို့ခံတို့ထံမှ သိရသည်။

“ဆူဆူပူပူတွေဖြစ်မှာကို စိုးတယ်။ ကျနော်တို့အနေနဲ့တော့ ပြည်သူတွေ ထိတ်လန့်အောင် လုပ်တာမဟုတ်ပါဘူး။ မဖြစ်သင့်တာတွေ ထပ်မဖြစ်အောင် အထက်ကအမိန့်အရ လုံခြုံရေးကို ယူထားတဲ့သဘောပါ” ဟု ပဲခူး အမှတ် (၂) ရဲစခန်းတာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။

မြို့တွင်း (၅) နေရာခန့်တွင် လုံခြုံရေးများ ချထားကြောင်း ပဲခူးမြို့ခံတဦးက ပြောသည်။

“ပဲခူးရွှေမောဓော၊ ပြီးတော့ အဝေးပြေးဂိတ်အနား၊ ပြီးတော့ ဇိုင်းဂနိုင်းရပ်ကွက်အနားက ရေနံ့သာဘုန်းတော်ကြီးကျောင်းအနီး၊ ပြီးတော့ ဈေးအနားနဲ့ ဆေးရုံအနားမှာ လုံခြုံရေးရဲကားတွေ ချထားတာ တွေ့တယ်” ဟု ၎င်းက ပြောသည်။

လုံခြုံရေးကားများတွင် ရဲများက ၀တ်စုံပြည့်ဖြင့် သေနတ်များကိုင်ဆောင်ကာ အသင့်အနေအထား ပုံစံရှိနေကြောင်း မျက်မြင်တဦးက ပြောသည်။

“လုံခြုံရေးက ချထားတာ ကောင်လေးတွေသေတဲ့နေ့ စက်တင်ဘာ (၅) ရက်နေ့ ညနေကပဲချတာ။ သင်္ဂြိုဟ်တဲ့နေ့မှာက ပိုများတယ်လေ။ မြို့ကလူတွေက မကျေနပ်ကြဘူး။ ဆန္ဒပြပွဲတွေဖြစ်မှာတောင် ကျမတို့က ကြောက်နေကြတာ။ အေးဆေးပဲ အသုဘပြီးသွားတယ်။ ဒါပေမယ့် အသုဘလည်းပြီးရော အခုရဲတွေက စောင့်နေတာတွေ့ရတော့ နဂိုကမှ စစ်သား၊ ရဲဆိုရင် မုန်းနေရတဲ့အထဲ ကြည့်လို့မရကြဘူးပေါ့” ဟု ပဲခူးဈေးကြီးအနီး နေသူတဦးက ပြောသည်။

ပဲခူးမြို့ ဇိုင်းဂနိုင်း (တောင်) ရပ်ကွက်၊ မြလမ်းတွင် နေထိုင်သူ မောင်စိုးပိုင်ဇော် အသက် (၁၉) နှစ်နှင့် မင်္ဂလာလမ်းတွင် နေထိုင်သူ မောင်အောင်သူဟိန်း အသက် (၂၃) နှစ်တို့နှင့် ခြေလျင်တပ်ရင်းအမှတ် (၅၉) မှ အရာရှိဖြစ်သူတို့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် ထိုစစ်တပ်မှ စစ်သားက စက်တင်ဘာ (၅) ရက်၌ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် အဆိုပါလူငယ် (၂) ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ယင်းသို့ သေဆုံးခဲ့သည့် လူငယ် (၂) ဦး၏ အလောင်းများကို ယမန်နေ့ နေ့လယ် (၁၂) နာရီတွင် ပဲခူးမြို့ ဆင်ဖြူကွင်း သုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ရာ လူပေါင်း (၂,၅၀၀) ခန့် လိုက်ပါပို့ဆောင်ခဲ့သည်။

ယခုအခါ ပဲခူးမြို့တွင် လုံခြုံရေးချထားသော်လည်း ပြည်သူတို့ သွားလာရေးကို ထိခိုက်မှုမရှိကြောင်း၊ မော်တော်ယာဉ်များ၊ အနှေးယာဉ်များ ပုံမှန်သွားလာနေကြကြောင်း မြို့ခံများက ပြောပြသည်။

ကြံ့ဖွံ့ကို ရန်ကုန်လူထု လုံးဝ မဲမပေးဟု စစ်တမ်းက ဖော်ပြ

ခိုင်သွယ် Wednesday, September 08, 2010

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သည် နိုင်ငံတ၀န်းရှိ မဲဆန္ဒနယ်များတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် အင်အား အတောင့်တင်းဆုံး ပါတီအဖြစ် ရပ်တည်နေပြီး တခြားသော နိုင်ငံရေးပါတီများ အနေဖြင့် အင်အားချိနဲ့ နေသည့်အတွက် ပြည်သူလူထုက မဲပေးရန် အခက်အခဲတွေ့နေရကြောင်း သိရှိရသည်။


မန္တလေးမြို့တွင် သြဂုတ်လ ၂၀ ရက်နေ့က ကြံ့ဖွံ့ပါတီ ဆိုင်းဘုတ် ဖွင့်ပွဲ၌ ပါတီအလံကို ကိုင်ဆောင်ထားသည့် ကြံ့ဖွံ့ပါတီဝင်များကို တွေ့ရစဉ်။ နိုင်ငံရေးပါတီများအနက် ကြံ့ဖွံ့ပါတီနှင့် တစညပါတီ နှစ်ခုသာ နိုင်ငံတဝန်း မဲဆန္ဒနယ်များတွင် ဝင်ပြိုင်ရန် အင်အား အပြတ်အသတ် သာလွန်လျက်ရှိသည် (ဓာတ်ပုံ - AP)
ကြံ့ဖွံ့ပါတီသည် ရန်ကုန်တိုင်း ဒေသကြီးရှိ လွှတ်တော် သုံးရပ်စလုံး၏ မဲဆန္ဒနယ် အားလုံးတွင် ၀င်ရောက် အရွေးချယ်ခံမည် ဖြစ်သောကြောင့် မဲပေးမည်လား ဆိုသည့်မေးခွန်း၊ စိတ်ကြိုက်ပါတီ ရှိပါသလား ဆိုသည့် မေးခွန်းနှင့် စိတ်ကြိုက်ပါတီ မတွေ့ပါက မဲထည့်မည်လား၊ မထည့်ဘဲ နေမည်လား ဆိုသည့် မေးခွန်းများကို ရန်ကုန်မြို့တွင် နေထိုင်သူ ၁၂၅ ဦးအား မေးမြန်းခဲ့ပါသည်။

ထို ၁၂၅ ဦးတွင် အသက် ၁၈ နှစ်မှ အသက် ၄၀ အတွင်း အမျိုးသား၊ အမျိုးသမီး ၇၆ ဦးပါဝင်ပြီး အသက် ၄၀ နှင့်အထက် အမျိုးသား၊ အမျိုးသမီး ၄၉ ဦးအား မေးမြန်းခဲ့သည်။

ကြံ့ဖွံ့ပါတီကို မဲပေးမည်လားဟူသော မေးခွန်းကို ဖြေဆိုသူ ၁၂၅ အနက် ၁၁၃ ဦးက ကြံ့ဖွံ့ပါတီအား လုံးဝ မဲမပေးပါဟု ဖြေဆိုခဲ့ကြပြီး ၁၂ ဦးက မဲပေးမည်ဟု ဖြေဆိုသည်ကို တွေ့ရသည်။

“ကျမတို့ မြို့နယ်မှာ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်အနေနဲ့ မြို့တော်ဝန် ဦးအောင်သိန်းလင်းက ၀င်ပြိုင်မှာပါ။ ဒါပေမယ့် ပါတီကို မကြိုက်တဲ့အတွက် သူ့ကိုလည်း မဲမပေးဘူး၊ ပါတီကိုလည်း မဲပေးဖို့ စိတ်ကူးမရှိဘူး။ တခြားရွေးချယ်စရာ မရှိရင်တော့ မဲမပေးဘဲ နေမယ်” ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူတဦးက ပြောပြသည်။

ထို့နောက် စိတ်ကြိုက်ပါတီ ရှိပါသလားဆိုသည့် မေးခွန်းကို မေးမြန်းရာ ၁၂၅ ဦးတွင် ၈၉ ဦးက မတွေ့သေးပါဟု ဖြေဆိုကြပြီး ၃၆ ဦး က လက်ရှိရွေးကောက်ပွဲဝင်မည့် ပါတီများထဲတွင် စိတ်ကြိုက်ပါတီရှိကြောင်း ဖြေဆိုကြသည်ကို တွေ့ရသည်။

“လက်ရှိ အချိန်အထိတော့ စိတ်ကြိုက်ပါတီအနေနဲ့ မတွေ့သေးပါဘူး။ ၉၀ ပြည့်နှစ်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ NLD (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) ကိုပဲ မဲပေးခဲ့တယ်။ အခုတော့ ဘယ်ပါတီကို မဲပေးရမလဲဆိုတာ မဆုံးဖြတ်နိုင်သေးဘူး” ဟု လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ အသက် ၅၆ နှစ်အရွယ် အမျိုးသားတဦးက ပြောသည်။

တာမွေမြို့နယ်တွင် နေထိုင်သူတဦးက “စိတ်ကြိုက်ပါတီ ရှိပါတယ်။ NDF (အမျိုးသား ဒီမိုကရေစီ အင်အားစု) ပါတီပါ။ အဲဒီပါတီကို မဲပေးပါမယ်” ဟု ဖြေသည်။

ကမာရွတ်မြို့နယ်တွင် နေထိုင်သူ တဦးကလည်း “ကျနော်က NDF ပါတီကို သဘောကျပါတယ်။ ပါတီကို ကြိုက်တော့ ကိုယ်စားလှယ်လောင်းကို သဘောကျရင် မဲပေးမှာပါ” ဟု ဆိုသည်။

ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း ၆၀ သာ လိုတော့သည့်အတွက် စိတ်ကြိုက်ပါတီ မတွေ့ပါက မဲထည့်မည်လား၊ မထည့်ပဲနေမည်လား ဆိုသည့်မေးခွန်းကို ၈၉ ဦးအား ဆက်လက်မေးမြန်းခဲ့ရာ ၆၂ ဦးက မဲ မထည့်ဘဲ နေမည်ဟု ဖြေကြား ခဲ့ကြသည်ကို တွေ့ရသည်။

“လူတွေက ကြံ့ဖွံ့ပါတီကို ရှောင်ပြီးထည့်ကြမယ့် သဘောထားရှိတာကို တွေ့ရတယ်။ ခက်တာက အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေဘက်က အားနည်းနေတော့ လူတွေမှာ အခက်တွေ့နေတယ်၊ မဲမပေးဘဲ နေလို့ရတယ်ဆိုတာကို သိတဲ့သူက တကယ့် လူနည်းစုပဲရှိတော့ အတိုက်အခံပါတီတွေ မ၀င်နိုင်တဲ့ မဲဆန္ဒနယ်တွေမှာ ကြံ့ဖွံ့က အားကောင်းနေမှာပဲ” ဟု ပြည်တွင်း သတင်းဂျာနယ် တစောင်မှ အယ်ဒီတာချုပ်တဦးက ပြောသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခွင့် ရရှိထားပြီးဖြစ်သော ပါတီများအနက် ကြံ့ဖွံ့ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) နှစ်ခုသာလျှင် နိုင်ငံအနှံ့ရှိ မဲဆန္ဒနယ်များတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် အင်အားအတောင့်တင်းဆုံး ပါတီများအဖြစ် ရပ်တည်နေသည်ကို တွေ့ရသည်။

ကြံ့ဖွံ့ပါတီသည် ရန်ကုန်တိုင်းဒေသကြီးရှိ လွှတ်တော်သုံးရပ်စလုံး၏ မဲဆန္ဒနယ်အားလုံးတွင် ကိုယ်စားလှယ်ပေါင်း ၁၁၀၀ ကျော်တို့က ၀င်ရောက် အရွေးချယ်ခံမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် အမတ်လောင်း ၄၅ ဦး၊ အမျိုးသားလွှတ်တော် အမတ်လောင်း ၁၂ ဦး၊ တိုင်းဒေသကြီးလွှတ်တော် အမတ်လောင်း ၉၀ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကရင်နှင့် ရခိုင်တိုင်းရင်းသားလူမျိုး မဲဆန္ဒများမှ အမတ်လောင်း ၁ ဦးစီ ပါဝင် ရွေးချယ်ခံမည်ဖြစ်ပြီး နိုင်ငံအနှံ့ရှိ မဲဆန္ဒနယ်အားလုံးတွင်လည်း ပါတီကိုယ်စားလှယ်လောင်းများ ရွေးချယ်ခံမည် ဖြစ်ကြောင်း ကြံ့ဖွံ့ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသာဝင်းက ပြောသည်။

ဦးသာဝင်းက “ပြည်ခိုင်ဖြိုးပါတီ နိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်။ ပြည်သူတွေကလည်း မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးပါလိမ့်မယ်” ဟု ဆိုသည်။

တစည ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၂၉၄ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၁၄၉ ဦးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ၅၃၇ ဦး ယှဉ်ပြိုင်ရန် စာရင်းတင်သွင်းထားကြောင်း တစညပါတီ၏ နိုင်ငံရေးဌာနကြီးမှူး ဦးအောင်ငွေက ပြောသည်။

တစည ပါတီသည် မဲဆန္ဒနယ် ၁၀၀၀ ကျော်တွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ရည်မှန်းထားခဲ့ပြီး လက်တွေ့တွင် ၉၅ ရာခိုင်နှုန်းကျော် ဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပါတီ၏ ကိုယ်စားလှယ်လောင်းများတွင် တချို့က မှတ်ပုံတင်ကြေးကို ကိုယ်ပိုင် အိတ်စိုက်ငွေကြေးဖြင့် ပေးသွင်းကြသကဲ့သို့ တချို့အတွက်မူ ပါတီက ငွေကြေးအတိုင်းအတာ တခုအထိ ထောက်ပံ့ ထည့်ဝင်ပေးခဲ့ကြောင်း သိရှိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အမှုဆောင်ဟောင်းများဖြင့် ပါဝင်ဖွဲ့စည်းထားသည့် NDF ပါတီသည် ပြည်သူ့လွှတ်တော် အတွက် ၁၀၈ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၃၄ ဦးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်အတွက် ၁၉ ဦး စာရင်းတင်သွင်းထားကြောင်း ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေထံမှ သိရသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် အများဆုံး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး အခက်အခဲကြောင့် မျှော်မှန်းသလောက် မဖြစ်သည့်အတွက် အားမရကြောင်း ပါတီ ခေါင်းဆောင် ဒေါက်တာ သန်းငြိမ်း က ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ၎င်းတို့ပါတီသည် ကိုယ်စားလှယ်လောင်း ၆၀ ကျော် ၀င်ရောက်အရွေးချယ်ခံရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီက အမတ်နေရာ ၈၀ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ပါတီ တို့ကလည်း အမတ်နေရာ ၉၀ ခန့်တွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်ဟု မျှော်လင့်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီ ဥက္ကဋ္ဌ ဦးရဲထွန်းက ပြောသည်။

နိုင်ငံရေးပါတီများမှာ ရန်ပုံငွေချို့တဲ့မှုကြောင့် ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး ကျပ်ငါးသိန်းကို မိမိတို့ဘာသာ ပေးနိုင်သည့် ကိုယ်စားလှယ်လောင်းများသာလျှင် မှတ်ပုံတင်နိုင်ကြသည့်အတွက် တနိုင်ငံလုံးအတိုင်းအတာဖြင့် ၀င်ရောက်နိုင်ခြင်း မရှိကြောင်း တွေ့ရသည်။

“ကြံ့ခိုင်ရေးကတော့ နိုင်ငံတော် အသုံးစရိတ်နဲ့ သွားနေတဲ့အတွက် ကိုယ်စားလှယ် မှတ်ပုံတင်ကြေးအတွက် သူတို့မှာ ပြဿနာ မရှိဘူးပေါ့။ ကျန်တဲ့ပါတီတွေကတော့ တော်တော်အခက်အခဲဖြစ်ပါတယ်။ အခုလို စည်းရုံးရေးဆင်းရမယ့် ကာလမှာတောင် ကျနော်တို့မှာ ငွေကြေးအခက်အခဲကြောင့် ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ဘူး ဖြစ်နေတယ်” ဟု နိုင်ငံရေးပါတီတခုမှ ရန်ကုန်တိုင်း တာဝန်ခံတဦးက ပြောသည်။

နိုင်ငံရေးပါတီတချို့က မဟာမိတ်ဖွဲ့၍ ကြံ့ဖွံ့ပါတီအား အဓိကထား ယှဉ်ပြိုင်သွားမည်ဟု စီစဉ်ဆောင်ရွက်လျက် ရှိသော်လည်း စည်းရုံးရေးဆင်းရန်အတွက် ငွေကြေးအခက်အခဲရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

(ဤစစ်တမ်း ဖြစ်မြောက်ရေးအတွက် ၀င့်နဒီ၊ ကျော်ကျော်၊ ကိုကိုလတ်၊ မောင်ဗေဒါ တို့က ကူညီပံ့ပိုးသည်။)

ရှရှားလုပ် စစ်သုံးရဟတ်ယာဉ် အစီး ၅၀ မြန်မာ့ လေတပ်ဝယ်ယူ

ဧရာဝတီ Wednesday, September 08, 2010

မြန်မာ့ လေတပ် အတွက် ရှရှား မှ Mi-24 စစ်သုံး ရဟတ်ယာဉ် အစီး ၅၀ နှင့် Mi-2 သယ်ပို့ ရဟတ်ယာဉ် ၁၂ စီး ဝယ်ယူ လိုက်ကြောင်း လေတပ် အသိုင်းအဝန်းမှ သိရသည်။

စစ်အစိုးရအနေဖြင့် တပ်မတော် (လေ) အတွက် Mi-24 အမျိုးအစား စစ်သုံး ရဟတ်ယာဉ်များ ဝယ်ယူခြင်းမှာ ယခုအကြိမ် သည် ပထမဆုံး ဖြစ်သည်။
Mi-24 အမျိုးအစား စစ်သုံး ရဟတ်ယာဉ်


“Mi-24 တိုက်ခိုက်ရေး ရဟတ်ယာဉ် အစီး ၅၀ နဲ့ Mi-2 ရဟတ်ယာဉ် တဒါဇင် ရှရှားကနေ ဝယ်လိုက်ပါတယ်။ မိတ္ထီလာ ပျံသန်း လေ့ကျင့်ရေး အခြေစိုက်စခန်းမှာ အခု အစိတ်အပိုင်းတွေ တပ်ဆင်နေပါပြီ”ဟု လေတပ်နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြော သည်။

“ရဟတ်ယာဉ်တွေ တပ်ဆင်မှု အပြီးသတ်ရင် တပ်ဖွဲ့ လေးဖွဲ့ကို ခွဲပြီး ချပေးမှာပါ။ အဲဒီ ရဟတ်ယာဉ်တွေကိုရမယ့် တပ်ဖွဲ့ လေးဖွဲ့ ထဲက နှစ်ဖွဲ့ကတော့ မကွေး လေတပ် အခြေစိုက်စခန်းနဲ့ အေလာ လေတပ် အခြေစိုက် စခန်းတွေပါ”ဟု ၎င်းက ဆက်လက် ပြောသည်။

လက်ရှိ မြန်မာ့ လေတပ် အခြေစိုက်စခန်း ၁၅ ခုရှိသည်။ နေပြည်တော်ခရိုင်၊ လယ်ဝေးမြို့နယ်ရှိ အေလာ လေတပ် စခန်းသည် နောက်အကျဆုံး ဖွင့်လှစ်သည့် စခန်းသစ်ဖြစ်ပြီး ထိပ်တန်း ဗိုလ်ချုပ်ကြီးများနှင့် ပြည်တွင်းနှင့် နိုင်ငံတကာမှ အစိုးရ အရာရှိများ လိုက်ပါလာသည့် လေယာဉ်များ ဆင်းသက်လေ့ရှိကြောင်း သိရသည်။

မြန်မာ့လေတပ်ကို ခေတ်မီသည့် လေတပ်အဖြစ် အဆင့်မြှင့်တင်ရန် လေတပ် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းက ရှရှားနိုင်ငံနှင့် ညှိနှိုင်းပြီး တနှစ်အကြာတွင် ဤ စစ်သုံး ရဟတ်ယာဉ်များ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ယင်း စစ်သုံးရဟတ်ယာဉ်များမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရှိရာ ဒေသများ ထိန်းချုပ်ရာတွင် ခြေလျင်တပ်များကို အထောက်အပံ့ပေးရန် လေကြောင်းစစ်ဆင်ရေးအတွက် အားဖြည့်ခြင်းဖြစ်သည်ဟု လေ့လာသူများက ပြောဆိုသည်။

“Mi-24 ရဟတ်ယာဉ်တွေ ဝယ်တဲ့ အဓိက အကြောင်းကတော့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို နှိမ်နင်းဖို့ပါပဲ”ဟု လေတပ်နှင့် နီးစပ်သူကလည်း ပြောသည်။

မြန်မာ့လေတပ်သည် ၁၉၅၆ ခုနှစ်တွင် ကာဝါစကီ ဘဲလ် 47G ရဟတ်ယာဉ် ၆ စီးကို ဂျပန်မှ ဝယ်ယူခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး အစီအစဉ်အတွက် အမေရိကန်မှ ဘဲလ် 205A-1 ရဟတ်ယာဉ် ၁၈ စီး ထောက်ပံ့ ပေး အပ် ခဲ့သည်။ ထို့နောက်ပိုင်း အဆင့်ထပ်မံ မြှင့်တင်နိုင်ခြင်း မရှိခဲ့ပေ။

ထို့နောက် စစ်အစိုးရသည် ရဟတ်ယာဉ် အစီး ၇၀ ခန့် ထပ်မံ ဝယ်ယူခဲ့ပြီး ယင်းတို့အနက် တချို့ကို အသုံးပြုနေဆဲဖြစ်သည်။ အများအားဖြင့် ယင်းရဟတ်ယာဉ်များကို ရန်ကုန်တိုင်းရှိ မှော်ဘီ၊ ရှမ်းပြည်နယ်ရှိ နမ့်ဆမ်၊ ပဲခူးတိုင်းရှိ တောင်ငူ လေတပ် အခြေစိုက် စခန်းများနှင့် မန္တလေးတိုင်းရှိ မိတ္ထီလာ မြေပြင် လေ့ကျင့်ရေး လေတပ် အခြေစိုက် စခန်းများတွင် ဖြန့်ကျက် ထားရှိသည်။

၂၀၀၁ ခုနှစ်တွင် Mi-17 ရဟတ်ယာဉ်တစီး ပျက်ကျခဲ့ရာ ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး အပါအဝင် အဆင့်မြင့် အရာရှိများ သေဆုံးခဲ့သည်။

ယခုနှစ် ဇွန်လအတွင်းကလည်း ပင်းဒယမြို့နယ်အနီးတွင် တောင်ငူ လေတပ်စခန်းမှ Mi-2 ရဟတ်ယာဉ်တစီး ပျက်ကြခဲ့ရာ လေးဦး သေဆုံးခဲ့သေးသည်။

လေတပ်ကို မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့သည်။ မြန်မာပြည်မြောက်ပိုင်းတွင် တောခိုသွားသည့် ဗမာပြည် ကွန်မြူနစ်ပါတီ တပ်ဖွဲ့များကို ခြေမှုန်းခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး(KNU) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို ခြေမှုန်း တိုက်ခိုက်ခဲ့သည်။

Tuesday, September 7, 2010

ပဲခူးလူငယ်နှစ်ဦး၏ ဈာပနကို နိုင်ငံရေးအဖွဲ့များ သွားရောက်

2010-09-07
ပဲခူးမြို့မှာ သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသူ လူငယ်နှစ်ဦးရဲ့ ဈာပနကို နိုင်ငံရေးအဖွဲ့အစည်းတွေ သွားရောက်ခဲ့ပေမဲ့ လွမ်းသူ့ပန်းခွေ ချခွင့်နဲ့ ကာယကံရှင် မိသားစုတွေနဲ့ တွေ့ဆုံခွင့်မရခဲ့ဘူးလို့ ပဲခူးမြို့ကို သွားရောက်သူု နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေက ပြောပါတယ်။


(Photo: AFP)

မြို့တွင်း လုံခြုံရေး အစောင့်တာဝန်ကျ စစ်သားတဦး ဖြစ်ပါသည်။ (Photo: AFP)
ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ဥက္ကဋ္ဌ ဦးသိန်းဌေးက လုံခြုံရေးချထားတာ များပြားလွန်းတာကြောင့် မိသားစုနဲ့ တွေ့ခွင့်မရခဲ့သလို လွမ်းသူု့ပန်းခွေပါ ချခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။

“သွားတာကတော့ ဟိုမှာ လွမ်းသူ့ပန်းခွေ ကျွန်တော်တို့ ပါတီအနေနဲ့ လွမ်းသူ့ပန်းခွေ ချမယ်ပေါ့။ ဟိုမှာရှိတဲ့ ကျန်တဲ့ အင်အားစုတွေနဲ့ ပေါင်းပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်မယ်ဆိုပြီး သွားတာပေါ့လေ။ ဟိုရောက်တဲ့အခါကျတော့ ကျွန်တော်တို့က အဲလို လုပ်ခွင့်က မသာဘူးဗျ။ မသာဘူးဆိုတာက ဒီ ၁၁ နာရီ ခွဲတော့ ထုတ်လာတာပေါ့။ ထုတ်လာတဲ့အခါမှာ ကျွန်တော်တို့ ဒီ မိသားစုပါတဲ့ ကား နှစ်စီးလောက်ပါမယ်ဗျ။ အဲ ကျန်တာက ဆိုင်ကယ်တွေနဲ့က သူတို့ အရပ်ဝတ်တွေနဲ့ပေါ့ဗျာ၊ အဲ သူတို့ တာဝန်ရှိတဲ့ လူတွေ အဲဒီမှာ သူတို့နဲ့ ပတ်သက်တဲ့ စွမ်းအားရှင်လို့ ယူဆလို့ရတဲ့ အုပ်စုတွေပေါ့ဗျာ၊ အဲဒီအုပ်စုတွေက အရန်သင့်ထိုင်စောင့်နေကြတာဗျ။ သင်္ဂြိုဟ်ဖို့ အသုဘကား သွားတဲ့အခါမှာ အဲဒီ ကားတွေပေါ်မှာ အသီးသီး အသီးသီး အဲဒီ အင်အားစုတွေကပဲ နေရာယူကုန်ကြတာဗျ။”

အဲဒီ ဈာပန အခမ်းအနားကို UDP ပါတီအပြင် NDF ပါတီမှ ပဲခူးမြို့က တာဝန်ခံများလည်း လာရောက်တယ်လို့ သိရပါတယ်။ NLD ပါတီက လူငယ် ၃၀ ခန့်လည်း ပဲခူးမြို့ကို သွားရောက်ခဲ့ပါတယ်။ ပဲခူးမြို့ကို သွားရောက်သူ အဖွဲ့ဝင် မဖြူဖြူသင်းက ခုလိုပြောပါတယ်။

“ဒီမိသားစုတွေဆို ဘယ်လို ခံစားရမလဲ မသိဘူးပေါ့နော်၊ ကျွန်မတို့ ကြားလိုက်ရတဲ့အချိန်မှာ တော်တော် ခံစားလိုက်ရတယ်။ ကျွန်မတို့ ဒီအဖွဲ့ထဲက ကလေးတွေကော ဘာရော အကုန်လုံး စုပေါင်းပြီးတော့ ဒီမိသားစုနဲ့ အတူပေါ့နော်၊ ခံစားရတယ်ဆိုတဲ့အကြောင်းရယ်၊ ဒီမိသားစုရဲ့ လိုအပ်တာ အကူအညီ ရှိရင်လည်း အကူအညီ ပေးမယ်၊ ကျွန်မတို့ လိုအပ်တဲ့ လိုအပ်ချက်တွေပေါ့နော်၊ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ တော်တော်များများက ဒီ ပြည်သူလူထုတော်တော်များများက အခု လက်ရှိ အခြေအနေထိ အကြောက်တရားတွေနဲ့ ရှိနေကြတုန်းပဲလေ။ တကယ်လို့ တခြားကိစ္စတွေမှာ လိုအပ်ချက်တွေ ရှိလာနိုင်လို့ရှိရင် ကျွန်မတို့ ကူညီနိုင်ဖို့ရယ်၊ နောက် သူတို့နဲ့အတူတူ မျှဝေခံစားတယ်၊ သူတို့နဲ့အတူတူ ထပ်တူရှိမယ်ဆိုတဲ့အကြောင်း အဓိကထားပြီး ကျွန်မတို့ သွားကြတာပါ။”
ရန်ကုန်ကနေ ပဲခူးမြို့ကို သွားရောက်တဲ့ လမ်းတလျှောက် ဒီကနေ့ တမနက်လုံး စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှုတွေ လုပ်တယ်လို့ သိရပါတယ်၊ အနည်းဆုံး စစ်ဆေးရေးဂိတ် သုံးခုမှာ စစ်ဆေးတာပါ။ အထူးသဖြင့် လိုင်းကားနဲ့ သွားရောက်သူ ခရီးသည်တွေကို ကားပေါ်က အားလုံး ဆင်းခိုင်းပြီး တဦးချင်း စစ်ဆေးမှုတွေ လုပ်တယ်လို့ ခရီးသွားတွေက ပြောပါတယ်၊

ရန်ကုန်မြို့က သွားရောက်သူ လူ့အခွင့်အရေးရှေ့နေ ကိုဖိုးဖြူနဲ့ အဖွဲ့ကို အင်းတကော်ဂိတ်မှာ တနာရီကျော်ကြာအောင် ထိန်းသိမ်းပြီး စစ်ဆေးခံရတယ်လို့ သိရပါတယ်၊

ပဲခူးမြို့မှာ ဒီကနေ့ မနက် ၁၁နာရီကျော်က ပြုလုပ်တဲ့ ဈာပနအခမ်းအနားနဲ့ ပတ်သက်ပြီး RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။

အသံဖိုင်ယူရန်

Copyright © 1998-2010 Radio Free Asia. All rights reserved.

ပဲခူးဈာပန စစ်တပ်မောင်ပိုင်စီး

မင်းနိုင်သူ Tuesday, September 07, 2010

စစ်တပ်က ပစ်ခတ်၍ သေဆုံးခဲ့ရသော ပဲခူးမြို့မှ လူငယ် ၂ ဦး၏ ဈာပနကို ယနေ့ ကျင်းပရာ အာဏာပိုင်များက မိသားစုဝင်များကို သေဆုံးခဲ့ရသူများ၏ ရုပ်အလောင်းများအား ကြည့်ရှုခွင့်မပြု ခဲ့ကြောင်း သိရသည်။

“ ညီလေးရဲ့ နောက်ဆုံး ရုပ်ကလာပ် ကိုတောင် မြင်ခွင့်မရှိပါဘူးဗျာ။ ရေခဲတိုက်က ထုတ်တော့လည်း အရပ်ဝတ် လုံခြုံရေးတွေ ဦးစီးပြီး ကြက်ခြေနီတွေက ထုတ်တယ်။ ကျနော်တို့က အပြင်က စောင့်နေရတယ်။ သုသာန် မှာလည်း အခေါင်းနားကို မိသားစု ကပ်ခွင့် မပေးဘူး။ သရဏဂုံ တင်ပြီးတာနဲ့ သူတို့ဟာ သူတို့ မီးရှို့စက်ထဲ ထည့်ပစ် လိုက်ကြတာ” ဟု သေဆုံးသူ မောင်စိုးပိုင်ဇော်၏ မိသားစုဝင် တဦးက ပြောသည်။


လွန်ခဲ့သော စနေနေ့ညက ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက် မြလမ်းရှိ ကယ်လီဖိုးနီးယား စားသောက်ဆိုင်မှ ထွက်လာသော ခလရ ၅၉ မှ စစ်တပ်အရာရှိ စီးနင်းလာသည့် ဆိုင်ကယ်နှင့် အရပ်သားများ စီးနင်းလာသည့် သုံးဘီးဆိုင်ကယ် တိုက်မိရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီးနောက် စစ်အရာရှိက တပ်သားများကို ပြန်ခေါ်ကာ အရပ်သားများကို ပစ်ခတ်စေခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်မှုကြောင့် မောင်အောင်သူဟိန်း (၂၃ နှစ်) က သေနတ်ဒဏ်ရာ ၆ ချက်၊ မောင်စိုးပိုင်ဇော် (၁၉ နှစ်) က သေနတ်ဒဏ်ရာ ၄ ချက် အသီးသီး ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

“ပစ်မိန့်ပေးတာက ဗိုလ်ချုပ်တဦးရဲ့ သား ဗိုလ်ကြီးသိဒ္ဓိစိုးလို့ ကြားတယ်။ ပစ်တဲ့သူက ကလေးစစ်သားအဖြစ် စုဆောင်းခံထားရတဲ့ တပ်သား အဆင့်ရှိ မောင်ထွန်းပါ။ မောင်ထွန်းကတော့ သူပစ်တယ်လို့ ၀န်ခံတယ်လို့ ကြားတယ်” ဟု ခလရ ၅၉ တပ်နှင့် နီးစပ်သူ တဦးက ပြောသည်။

ပဲခူးမြို့အတွင်း အရပ်သားများအား ပစ်ခတ်ခဲ့မှုနှင့် စပ်လျဉ်း၍ စစ်တပ်က ပစ်ခတ်မှုတွင် ပါဝင်သူများအား အရေးယူမှုရှိ မရှိ သတင်းမထုတ်ပြန် သော်လည်း စစ်အစိုးရ ထိန်းချုပ်သည့် ရေဒီယို အသံလွှင့်ဌာနများကမူ အရပ်သားများက သေနတ်ဝင်လုသဖြင့် ပစ်ခတ်မှုဖြစ်ပွားရသည်ဟု သတင်းထုတ်ပြန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဒီကိစ္စအပေါ်မှာ ပစ်မိန့်ပေးသူနဲ့ ပစ်သူတွေကို ဘယ်လိုအရေးယူနေပါတယ် ဆိုတာမျိုးတော့ မထုတ်ပြန်ဘဲ၊ ကလေးတွေက သေနတ်ဝင်လုပါတယ်လို့ FM တွေမှာ ပြောနေတယ်ဗျာ။ တကယ်တမ်းက ဇိုင်းဂနိုင်း မြောက်ပိုင်းမှာ ဖြစ်ခဲ့တာကို တောင်ပိုင်းအထိ လာပစ်သွားတာ။ သေနတ်လုလို့ ပစ်တယ်ဆိုရင် မြောက်ပိုင်းမှာတင် အပစ်ခံရမှာပေါ့” ဟု ဇိုင်းဂနိုင်း ရပ်ကွက်သားတဦးက ပြောသည်။

ပစ်ခတ်ခံခဲ့ရသူများ၏ ရုပ်အလောင်းများကို ရယက အဖွဲ့ဝင်များနှင့် စစ်တပ်တို့ ပူးပေါင်းကာ ညတွင်းချင်း ဖျောက်ဖျက်ခဲ့သည်ဟု ယူဆရကြောင်း၊ ရင်ခွဲရုံတွင် ထားရှိသည်ဟု တာဝန်ရှိသူများက ပြောဆိုသော်လည်း အခေါင်းကိုသာ မြင်ခွင့်ရခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောသည်။

ပဲခူးဆေးရုံကြီးအတွင်းရှိ ရင်ခွဲရုံမှ ဆင်ဖြူကွင်း သုသာန်သို့ သွားရာလမ်းတလျှောက်တွင်လည်း လုံခြုံရေးရဲများ၊ အရပ်ဝတ် ထောက်လှမ်းရေးများက စောင့်ကြပ်နေကြောင်း လိုက်ပါပို့ဆောင်ခဲ့ သူများထံမှ သိရသည်။

“မနက်ခင်းကတည်းက ဆေးရုံကြီးရှေ့က လမ်းကို ပိတ်ထားတယ်။ လမ်းတလျှောက်မှာလည်း ရဲတွေ ချထားတယ်။ နောက်ပြီး “ဆူပူမှုဖြစ်ရင် ပစ် ဆိုပြီး ရဲတွေကို အမိန့်ပေးထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတာဆိုတော့ တချို့ကလည်း လိုက်မပို့ရဲကြတော့ဘူး။ မြို့ခံတွေကတော့ မကျေနပ်ကြဘူးပေါ့။ ဟိုတလောကလည်း ရဲက အရပ်သားကို ထိုးကြိတ် ရိုက်နှက်တယ်၊ အခုလည်း စစ်တပ်က မြို့ထဲအထိ ၀င်ပြီး ပြည်သူကို ပစ်သတ်သွားတာကိုး။ ဒါ စစ်ရာဇ၀တ်မှုပဲပေါ့ဗျာ” ဟု နာရေးပို့ဆောင်ခဲ့သူ တဦးက ပြောသည်။

စစ်အစိုးရ အုပ်ချုပ်သည့် မြန်မာနိုင်ငံတွင် စစ်ရာဇ၀တ်မှု ကျူးလွန်လေ့ရှိကြောင်း လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများက ထောက်ပြလေ့ရှိကြပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ကင်တားနားကလည်း လွန်ခဲ့သည့် မတ်လအတွင်းက မြန်မာစစ်ခေါင်းဆောင်များ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုနှင့် စစ်ရာဇ၀တ် မှုများကို ကုလသမဂ္ဂက ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးပေးရန် အကြံပြု တောင်းဆိုထားသည်။

အဆိုပါအကြံပြုချက်ကို အမေရိကန်၊ ဗြိတိန်၊ ချက် ပြည်သူ့သမ္မတနိုင်ငံ၊ သြစတြေးလျ ၊ စလိုဗက်ကီးယားနှင့် ကနေဒါနိုင်ငံတို့က ထောက်ခံထားပြီးဖြစ်သည်။