ယခုလပိုင်း လွှတ်တော်အတွင်းတွင် ကိုယ်စားလှယ်များနှင့် အခြေခံဥပဒေ ခုံရုံးတို့အကြား အငြင်းပွားမှု၏ နိဂုံးသည် သမ္မတကြီး ဦးသိန်းစိန်၏ ခုံရုံးအဖွဲ့ဝင် ကိုးဦးကို ရာထူးမှ နှုတ်ထွက်ခွင့်ပြုဆိုသည့် ကြေညာချက်ဖြင့် အဆုံးသတ်သွား ပြီဟု ခန့်မှန်းရသော်လည်း ထိုအရေးကိစ္စ၏ နောက်ဆက်တွဲတွင် လွှတ်တော်ကို သမ္မတက မလွန်ဆန်နိုင်ဟူသော ယူဆချက် ပေါ်ပေါက်လာသည်။
ခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင် ၈ ဦးတို့သည် လွှတ်တော်မှ တင်သွင်းသည့် ရေးရာကော်မတီများကို ပြည်ထောင်စု အဆင့် သတ်မှတ်ပေးရေးနှင့် ပတ်သက်ပြီး ဥပဒေပိုင်းဆိုင်ရာ အထောက်အထား အခိုင်အမာ ပြသကာ ပေးနိုင်ခွင့် မရှိကြောင်း ရပ်တည်ချက်ကြောင့် လွှတ်တော်နှစ်ရပ်အတွင်း ထိုအရေးကိစ္စကိုသာ ပြီးခဲ့သည့် သြဂုတ်လ တစ်လလုံး နီးပါး ဆွေးနွေးတင်ပြနေခဲ့ကြသည်။
လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ၏ တင်ပြချက်များ၏ နောက်ဆုံးတွင် ပြည်ထောင်စုအဆင့်ဟူသည့် စကားရပ်
ဖြင့်သာ ပြီးဆုံးသောကြောင့် ခုံရုံးအဖွဲ့ဝင်များနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ရာမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကိုယ်တိုင်က သမ္မတကြီးကို ဖြေရှင်းစေချင်သည့် အရေး၊ သမ္မတကြီးအနေဖြင့် ထိုအရေးကိစ္စကို လွှတ်တော်ကိုယ်စားလှယ်များ သဘောကျ မကိုင်တွယ်နိုင်ပါက သမ္မတကိုယ်တိုင် ပြစ်တင်ဝေဖန်ခံရကာ နောက်ဆုံးတွင် စစ်တပ်က အာဏာ
ပြန်သိမ်းတော့မည်လားဟူသော ထင်မြင်ယူဆချက်များ ထွက်ပေါ်လာအပြီး သမ္မတကြီးက အဆိုပါ ခုံရုံးအဖွဲ့ဝင်များကို ရာထူးမှ စက်တင်ဘာလ ၆ ရက် နေ့စွဲဖြင့် ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်သည်။
အဆိုပါကြေညာချက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၃၁နှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၂၈ ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော် အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် ခုံရုံးအဖွဲ့ဝင်များကို ယင်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်ဟု ဖော်ပြ ပါရှိသည်။
အဆိုပါ ကြေညာချက် မထွက်ရှိချိန်တွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို ပြည်ထောင်စု လွှတ်တော်၏ ခုံရုံးအပေါ် စွပ်စွဲချက် သမ္မတက ဆောင်ရွက်မပေးပါက သမ္မတကိုပါ စွပ်စွဲပြစ်တင်မှုတွေ ရှိလာနိုင်တယ်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြီးခဲ့တဲ့ အပတ်ကပဲ ပြည်တွင်းမီဒီယာ အချို့ကို ပြောဆိုခဲ့ဘူးသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာသော သမ္မတဖြစ်ပါက ခုံရုံးကို စာထုတ်ပြီး နှုတ်ထွက်ရန် အကြောင်းကြားသင့်
ကြောင်း၊ သို့မဟုတ်ပါက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်သည့် သမ္မတအဖြစ် စွပ်စွဲသည့် လမ်းစဉ်ကို
ဆောင်ရွက်မည်ဟု ယင်းက ပြောဆိုခဲ့သည်။
အဆိုပါ အငြင်းပွားမှုအကြားတွင် တပ်မတော်သား ကိုယ်စားလှယ်များ၏ ရပ်တည်မှုသည် အဖြူအမည်း သဲကွဲသွားပြီး ခုံရုံးဘက်တွင် ရပ်တည်နေခြင်းသည် အခြေခံဥပဒေကို ပြင်ဆင်လိုသည့် အချို့သော လွှတ်တော် ကိုယ်စားလှယ်
တော်ကြီးများ အတွက်များစွာ အဟန့်အတား ဖြစ်နေသည့်သဖွယ်လည်း ရှုမြင်ကြသည်။
“အခြေခံဥပဒေဆိုတာ အမြင့်ဆုံးဥပဒေပါ။ အခုအခြေအနေအရ အခြေခံဥပဒေကို ပြင်တာထက် လိုအပ်တာတွေ
ဖြည့်ရမယ့်အချိန် ရောက်နေပြီဆိုတာ အသေအချာပဲ” ဟု ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်ကလည်း ပြောသည်။
သို့သော် ပြီးခဲ့သည့် အပတ်အတွင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက လွှတ်တော်နှင့် ခုံရုံး အကြားဖြစ်ပွားနေသည့် အငြင်းပွားမှု အဆိုကို ပိုမိုတည်ရန် ဆွေးနွေးပြောဆိုခဲ့ပြီး လွှတ်တော်၏ အထက်တွင် မိုးကောင်းကင်ကြီးသာရှိတော့သည်ဟု မာန်အပြည့်နှင့် ပြောကြားသွားပုံကို စကိုင်းနက် လွှတ်တော်ချန်နယ်တွင်
မြင်လိုက်ရသူများက ဆိုသည်။
တရားစီရင်ရေး မဏ္ဍိုင်၊အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် ဥပဒေပြုရေး မဏ္ဍိုင်တို့ တစ်ခုနှင့်တစ်ခု လိုအပ်သည်များကို ထောက်ပြ
ပြောဆိုရမည်ဖြစ် သော်လည်း မည်သူသည် ပိုမို အဆင့်မြင့်သည်ဟူသော ယူဆချက်များကိုသာ တရားသေ ဆုတ်ကိုင်
ပြောဆိုနေခြင်းသည် ပြည်သူများက အမှန်တကယ်လိုလားသည့် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒများ ဟုတ်ပါသလားဟု
ပြည်သူများက မီဒီယာများမှ တဆင့် မေးမြန်းလာကြသည်။
ထို့ပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တက်လာသည့် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး စတင် တင်သွင်း သည့် ပြည်ထောင်စုအဆင့်ဆိုသည့် စကားရပ်နှင့် အဆိုကို အတိုက်အခံပါတီအဖြစ် ရပ်တည်ကာ လွှတ်တော်အတွင်း
ရောက်ရှိနေခဲ့သည့် အမျိုးသားဒီမိုကရေစီပါတီဝင်များ ပါဝင်ထောက်ခံခြင်းကိုလည်း စောင့်ကြည့်သူ အများစုက ယင်းတို့၏ ရပ်တည်ချက် ဘာလဲဟု မေးခွန်းထုတ်လာကြသည်။
“အန်န်အယ်လ်ဒီက ဘာလို့ဝင်ပြီး လက်မှတ်ထိုးထောက်ခံရတာလဲ။ ပြည်ထောင်စုအဆင့်ရရင် ရနိုင်မယ့် အခွင့်အရေး
တွေကို မက်လို့လား။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ တစ်ဘက်နဲ့ တစ်ဘက် ညှိနှိုင်းကြဖို့ကိုတော့ လက်ခံပါတယ်။ ဒါပေမယ့် အတိုက်အခံကြောင့် မဟုတ်ပဲ အချင်းချင်း ကွဲကြပြဲကြတာကတော့ ကြည့်ရတာ လွှတ်တော်က အာဏာ လုပွဲနဲ့ တူနေတယ်။” ဟု ဗဟန်းမြို့နယ်မှ အထက်တန်းရှေ့နေတစ်ဦးက ဆိုသည်။
ထိုပြသာနာရပ်၏ နောက်ဆက်တွဲတွင် စဉ်းစားရမည့် အချက်မှာ နောင်တွင် လွှတ်တော်နှင့် အစိုးရအဖွဲ့တို့ ထိပ်တိုက်
တွေ့တိုင်း လွှတ်တော်၏ မဲခွဲစီရင်ဆုံးဖြတ်သည့် အနှိုင်အရှုံးတိုင်းကို သမ္မတကြီးက လက်ခံဆောင်ရွက်ရမည်လားဆို သည့် မေးခွန်းပင် ဖြစ်ပါသည်။
လက်ရှိလွှတ်တော်နှင့် အစိုးရ ရပ်တည်မှုကို လေ့လာနေသူအချို့၏ အဆိုအရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် နိုင်ငံတော် သမ္မတကြီး အကြားတွင် ထိပ်တိုက်တွေ့ရသည့် ဖြစ်ရပ်များသည် ယခုခုံရုံးကိစ္စ မတိုင်မီကပင် ရှိနေခဲ့ကြောင်း၊ ရည်ရွယ်ချက်ရှိရှိဖြင့် ထိုးနှက်နေသလားဟုပင် ယူဆရသည်ဟု ဆိုကြသည်။
“မှတ်မိသလောက်ဆိုရင် အစိုးရ ဝန်ထမ်းတွေ လစာကိစ္စ သမ္မတကြီး ရင်ဆိုင်ခဲ့ရဘူးတယ်။ နောက်တိုင်းရင်းသား အရေး၊ အခုနောက်ဆုံး ဝန်ကြီးတွေ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီးလည်း ဝေဖန်ခံရတယ်။ ဒီလိုအပြန်အလှန် ဖြေရှင်း
ပြောဆိုကြတာ ဒီမိုကရေစီအရေးမှာ အားတက်စရာပါ။ ဒါပေမယ့် အားလွန်ပြီး နောက်ကြောင်းပြန်လှည့်မှာပဲ စိုးရိမ်ရ တယ်” အဆိုပါ အထက်တန်းရှေ့နေက ပြောသည်။
“ဒါကိုကြည့်ခြင်းအားဖြင့် သမ္မတဟာ လွှတ်တော်နဲ့ ထိပ်တိုက်မတွေ့ချင်တော့ဘူးဆိုတဲ့ သဘော သက်ရောက်နေတာ
တွေ့ရတယ်။ သမ္မတဟာ အမှန်တရားဘက်က ရပ်မလား၊ ဒါမှမဟုတ် မဲအရေအတွက်နဲ့ ဆုံးဖြတ်တဲ့ အနိုင်အရှုံးဘက် က ရပ်မလားဆိုတာ ကြည့်နေတာ၊ အခုတော့ သူလည်း ရေရှည်အတွက် လွှတ်တော်နဲ့ ထိပ်တိုက်မတွေ့ချင်လို့
ဖြစ်မယ်” ဟု လက်ရှိနိုင်ငံရေးကို လေ့လာနေသည့် ယခင် ဆိုရှယ်လစ်လမ်းစဉ် ပါတီဝင်ဟောင်း တစ်ဦးကလည်း မှတ်ချက်ချသည်။
သူကဆက်လက်ပြောသည်မှာ ယခုလို သမတက မလွန်ဆန်နိုင်သည့် လွှတ်တော်က တရားရေးကဏ္ဍကိုလည်း လစ်လျူရှုလာမည် ဆိုပါက မြန်မာနိုင်ငံ၏ ရေရှည် တရားစီရင်ရေး မဏ္ဍိုင် ပျက်ပြားသွားကာ ထိန်းသိမ်းမရသည့် အနေအထားသို့ ရောက်ရှိမည်ကို စိုးရိမ်မိသည်ဟု ဆိုသည်။
“အချို့အချို့သောအကျင့်ပျက် တရားရေး ဝန်ထမ်းအချို့ကြောင့် တရားစီရင်ရေးကဏ္ဍ နာမည်ပျက်နေတာ ရှိပါတယ်။ ဒါပေမယ့် တစ်ခု သတိထားရမှာက၊ လွှတ်တော်အပေါ်ကို ပြန်လည် ထိန်းကွပ်မယ့် တရားရေးမဏ္ဍိုင် ပျက်ပြယ်ရင်
နောင်ဘာဖြစ်လာမလဲ” ဟု သူက ဆက်လက် မေးခွန်းထုတ်သည်။
မြန်မာနိုင်ငံတွင် တပ်မတော်က အစိုးရအာဏာကို ပြန်လည်သိမ်းခဲ့သည့် ဖြစ်ရပ် နှစ်ကြိမ်ရှိခဲ့ကြောင်း၊ ၁၉၆၂နှင့် ၁၉၈၈တို့တွင် ဖြစ်ကြောင်း၊ ဖြစ်ရပ်များတွင် အချင်းချင်း မညီညွတ်သော လွှတ်တော်ကိုယ်စားလှယ်များကို ထိုခေတ် ကာလက တွေ့ရကြောင်း၊ ထို့ကြောင့် ယခုအကြိမ်တွင်လည်း အမှိုက်ကစတင်ပြီ ပြသာဒ်မီးလောင်ကာ နောက်ကြောင်း
ပြန်လှည့်စေမည့် အရေးတို့ကို သတိထားဖို့လိုကြောင်း သူက ဖြည့်စွက်ပြောခဲ့သည်။
ထပ်မံသတိထားရမည့် အချက်တစ်ချက်မှာလည်း ဒီမိုကရေစီအရေး လှုပ်ရှားနေသူများအကြားတွင် အတိုက်အခံ မဟုတ်ပဲ အချင်းချင်း အာဏာကြောင့် အပြန်အလှန် အငြင်းပွားလှုပ်ရှားနေမှုသည် သဘာဝကျကျ ဖြစ်ပေါ်လာ
ခြင်းလား၊ သို့တည်းမဟုတ် ဖန်တီးထားသော ဖြစ်ရပ်လားဆိုသည်ကိုလည်း ဒီမိုကရေစီအရေး ဆောင်ရွက်နေသူများ အလေးထားရမည့်အကြောင်းကို ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင် က သတိပေး ပြောကြားခဲ့ဘူး သည်။

No comments:
Post a Comment